ကုန်းမန်ဆန်းဖို ဘုန်းကြီးကျောင်းသို့တစ်ခေါက် ..

ဒီ ဘုန်းကြီးကျောင်း ကို (လိုကယ်လ်) တီဗီ ဇာတ်လမ်းတွဲတွေထဲမှာ တွေ့တွေ့နေရပြီး စိတ်ဝင်စားနေတာကြာပါပြီ ။ မြေကြီးရှားပါးတဲ့ ဒီကျွန်းနိုင်ငံလေးမှာ သာယာတဲ့ ဘုန်းကြီးကျောင်းမြေ ကျယ်ကျယ်ပြန့်ဆိုရှားပါးလှပါတယ်။ မေရီမောင့်လမ်း ကနေ လှမ်းလှမ်းမြင်နေရတိုင်း တစ်နေ့တော့ သွားဦးမယ်လို့ အားခဲထားတာပါ။ မထင်မှတ်ပဲ ရောက်ခဲ့တော့လည်း အတော်အေးချမ်းတဲ့နေရာလေး ၊အေးအေးဆေးဆေး စာဖတ်၊တရားထိုင် ဖို့အတွက်ကောင်းမယ် လို့မှတ်ယူမိပါတယ်။ ကျွန်မရောက်တဲ့အချိန်က ညနေ ၅နာရီကျော်လောက် ဖြစ်နေတော့ ဘုရားကျောင်းဆောင်တွေက သော့ခတ်ထားပါပြီ။ မနက်ပိုင်းလောက်ဆိုရင်တော့ လာဆုတောင်းသူတွေနဲ့ ပြည့်နေမယ့် နေရာလေးပါ။
ရောက်တော့ တချို့  အဆောက်အဦးတွေက မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းလို၊ လူအိုရုံလိုမျိုးပါ။
ဟောလ် အကျယ်ကြီးတွေကို လည်း တွေ့ခဲ့ပါတယ်။ အထဲကို ဝင်ကြည့်ချင်တာ တံခါးတွေစေ့ထားတာရယ် ဘာအဆောင်မှန်းမသိတာရယ် နဲ့ ဝင်မကြည့်ခဲ့ရပါဘူး။ မိန်းကလေး ဖြစ်နေတော့ တချို့  နေရာတွေမှာကန့်သတ်ထားမှာ စိုးလို့ပါ။ ကပ်ထားတဲ့စာ တွေကလည်း တရုတ်လိုတွေချည်းပါပဲ။

နောက်မှ အင်တာနက်မှာပြန်ရှာတော့ အဲ့ဒီ ဘုန်းကြီးကျောင်းက စင်ကာပူမှာအကြီးဆုံးတစ်ခုအပါအဝင်ပါတဲ့။ နာမည်ကတော့ Kong Meng San Pho Kark See Monastery, (တခြား ထင်ရှားသေးတဲ့ ဘုန်းကြီးကျောင်းတွေကတော့ Sakya Muni Buddha Gaya Temple, Siong Lim Temple and Thian Hock Keng Temple ပါတဲ့) ပထမဆုံး ဒီဘုန်းကြီးကျောင်းကို စတင်တည်ထောင်သူကတော့ Zhuan Dao ပါတဲ့။ စင်ကာပူကို ရောက်လာတဲ့ အာဂန္တု ဘုန်းဘုန်းတွေ နေရာအခက်အခဲဖြစ်တတ်လို့ သီတင်းသုံးဖို့ အတွက်ရယ်၊ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားဖို့အတွက်ရယ် ရယ်ရွယ်ပါတယ်။ ဝင်ဝင်ချင်း တွေ့ရတာတော့ ကွမ်ရင်မယ်တော် ရဲ့  အဖြူရောင်ရုပ်ထုပွားတော် ပါပဲ။ ခြေရင်းမှာလည်း ဘုန်းကြီးကျောင်းသားငယ်လေးတွေ ရုပ်ထုကို သွန်းထုထားပါတယ်။ တစ်ခုနဲ့တစ်ခုမတူပါဘူး။တချို့  ရုပ်ထုလေးတွေ က ကိုရင်ငယ်လေးတွေ စာအံနေတာ။တချို့  ကကျောင်းဝေယျာဝစ္စ တံမြက်လှည်းနေတဲ့ ပုံစံလေးတွေပါ။

ရှားရှားပါးပါး မဟာဗောဓိပင်(ညောင်ပင်)ငယ်ကိုလည်းတွေ့ခဲ့ရပါတယ်။ စင်ကာပူရောက်တဲ့ အချိန်အတွင်းမှာ ပထမဆုံးမြင်တွေ့ရခြင်းပါ ။ (ဝါးလုံးလေးများတွေ့ ရင် ညောင်ထောက်ခဲ့ပါရဲ့  ရှင်)

အေးအေးဆေးဆေးနဲ့ ညောင်ရိပ်ကလေးနားမှာ ရှိတဲ့ မြက်ခင်းစိမ်းလေးပေါ်မှာ တစ်ရက်မှသွားထိုင်စာဖတ်မယ်လို့ စဉ်းစားမိပါသေးတယ်။ တစ်ခုခက်တာက ဘုန်းကြီးကျောင်းဆိုတော့ တံမြက်လှည်းနေတဲ့ အဘိုးအိုတချို့  ၊ တရားအားထုတ်သူတချို့  နဲ့ လာရောက်ဆုတောင်းသူ အမျိုးသမီးတစ်ချို့  ပဲ တွေ့ခဲ့ရပါတယ်။ ကျွန်မတို့လို အရွယ်တောင်လာတာရှားတယ်ထင်ပါရဲ့  ။တံမြက်လှည်းနေတဲ့ အဖိုး က အံ့သြဘနန်းကြည့်လို့ လာတဲ့နေရာများမှားနေလားတောင်လန့်သွားမိပါသေးတယ်။ ဘုန်းကြီးကျောင်းဆိုပေမယ့် မဟာယန ဗုဒ္ဓဘာသာမှာ ဘာစည်းကမ်းတွေရှိလည်း ဆိုတာ ကျွန်မ မသိပါပဲလေ။

ဆုတောင်းတဲ့ ဘုရားဝတ်ပြုဆောင်တွေက တံခါးသော့ခတ်ထားတဲ့ အတွက် အပြင်မှန်ကနေ ကပ်ပြီးပဲဓာတ်ပုံရိုက်ခဲ့ရပါတယ်ရှင် ။ကြီးကြီးမားမား သီးသန့်ဆောက်ထားတဲ့ ဘုရားဝတ်ပြုဆောင်ကတော့ ၃ဆောင်ရှိပါတယ်။ အဆင့်ဆင့် လှေကားအနီတွေကနေဆင်းသွားရတာပါ။

ပထမဆုံးကွမ်ရင်မယ်တော်ရုပ်ထု(ရုပ်ပွားတော်) ရှိရာ ကနေ ဆင်းသွားရင်တွေ့ရတဲ့ ဘုရားကျောင်းဆောင်။


စကြာမုနိ (The Sakyamuni Buddha Gaya)ဘုရားကျောင်းဆောင် ။

နောက် တတိယအဆင့်ကို ဆင်းသွားရင်တော့ ကွမ်ရင်မယ်တော် ကျောင်းဆောင်၊ ညနေကြီးမှာ အဲ့ကျောင်းဆောင်မှာ ဆုတောင်းနေတဲ့ အန်တီကြီးတစ်ယောက်ကို တွေ့ခဲ့ပါသေးတယ်။ ကြည့်ရတာ လူကိုးကွယ် အများဆုံးထင်ပါတယ်။တခြား ကျောင်းဆောင်တွေထက်လည်းပိုကြီးပါတယ်။အမွှေးတိုင် ထွန်းဝတ်ပြုရတဲ့ နေရာကို က အကျယ်ကြီးပါ။

ကွမ်ရင်မယ်တော်ကို လက်တော်တွေအများကြီးနဲ့ မို့ ကာလီမယ်တော်ပုံ လို့ထင်သွားပါသေးတယ်။ ကွမ်ရင်မယ်တော်ကိုပဲ ခရီးသွားလာရေးအတွက် ကိုးကွယ်တဲ့ နတ်ဘုရားမ၊ ဥာဏ်ပညာလာဘ်လာဘ အတွက် ကိုးကွယ်တဲ့ နတ်ဘုရားမ စသဖြင့်ခွဲခြားကိုးကွယ်မှန်း မသိခဲ့ တဲ့ ကျွန်မရဲ့  ညံ့ချက်ပါလေ။ထို ကွမ်ရင်ကျောင်းဆောင်ကတော့ အတော်မှောင်နေလို့ သေချာမရိုက်ခဲ့နိုင်ဘူး ။ စာသားဆိုင်းဘုတ်ကလေး ကလည်း မှတ်သားဖွယ်ရာမို့ ဝေမျှလိုက်ပါတယ်။

ဒီ အုန်းမောင်းကြီး ကတော့ တကယ်အသုံးပြုမပြုတော့ မသိပါဘူးရှင် ၊ ဗိုက်အောက်မှာ ခေါက်ဖို့ အပေါက် ကလေးရှိပါတယ်။
ို

ဒီဆိုင်းဘုတ်ကလေးကတော့ ကျောင်းဆောင်တိုင်းရဲ့အဝင်ဝမှာထားထားတာပါ။မနက်လို ပိတ်ရက်လိုမျိုးဆို အတော်စည်ကားနေမယ်ထင်ပါရဲ့။ ရိုက်ခဲ့တဲ့ပုံတွေထဲက တချို့  ပုံလေးတွေပဲတင်လိုက်ပါတယ်။ အမှတ်မှားတာရှိလည်း ထောက်ပြပါရှင် ။ ဒီနေရာလေးမှာ လည်းအကျယ်ကိုဖတ်ရှုနိုင်ပါတယ်။း)

Comments