ကဗျာမှတ်စု

*~* *~* *~* *~* *~* *~* *~* *~*
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း ။
ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ညိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တစ်သက်လျာတည်း ။
ကြင်နာသနား ငါအားမသတ်
ယခုလွှတ်လည်း မလွတ်ကြမ္မာ
လူတကာတို့ ခန္တာခိုင်ကြည်
မတည်မမြဲ ဖောက်လွှဲတတ်သည်
မချွတ် စ သာ သတ္တဝါ တည်း ။
ရှိခိုးကော်ရော် ပူဇော်အကျွန်
ပန်ခဲ့တုံ၏ ခိုက်ကြုံဝိပါတ်
သံသာစက်၌ ကြိုက်လတ် ထုံမူ
တုံ့ မယူလို ကြည်ညိုစိတ်သန်
သခင်မွန်ကို ချန်ဘိစင်စစ်
အပြစ်မဲ့ရေး ခွင့်လျှင်ပေးသည်
သွေသည့် အနိစ္စ ငါ့ခန္တာတည်း ။
*~* *~* *~* *~* *~* *~* *~* *~*
ပုဂံအမတ်ကြီး အနန္တသူရိယ အကွပ်မျက် ခံရကာနီး အာဏာပါးကွက်သား လက်ထဲရောက်မှ ရေးသော လေးလုံးစပ် ကဗျာ ဟုဆိုပါသည်။

ထို့အတူ အသတ်ခံရကာနီး ကဗျာ ရေးခဲ့သော နောက် တစ်ဦးက ဦးပုည (ကုန်းဘောင် -ဒုတိယ ပိုင်း) ဖြစ်ပါတယ်။ဦးပုည ရေးခဲ့သည့် လေးချိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
*~* *~* *~* *~* *~* *~* *~* *~*
ဟုတ်ပလေ နှုတ်ချွေမရမှာဖြင့် ပုဗ္ဗေစ ထင်ရဲ့ လေး
ကောသလငယ်တို့
ဘဝအသရေ လျှမ်းပါတဲ့။
ရွှေနန်းစံရာ နရိန်မှ
ခါချိန်တန် ဖျက်စမြဲဟာမို့
စွဲမိ သံ ဝေ။
အကုသိုလ် ဃာတကတ်ရယ်က
ယခုလို လာလို့ ဖြတ်တာကြောင့်
စရပ်သို့ ပြေးရလေ
ခွေးသေသို့သေရညား။
သိလျက်ပင်
ဝိပါတ် တကယ်ထင်လို့
ရွှေဥာဏ်ရည် မဝေခွဲနိုင်ဘူး
ဖွဲတွေ့ အမှား။
*~* *~* *~* *~* *~* *~* *~* *~*

ဆရာကြီး သော်တာဆွေ ရေးတဲ့ စာပေလောက စာအုပ်မှ “စာရေးဆရာဖြစ်ချင်သော တူတော်မောင်သို့ ”ဆောင်းပါးမှ ကောက်နုတ်ပါသည်။

Comments