နတ်သမိုင်း ဒဏ္ဍာရီ ( အမေရေရင် )

ပခုက္ကူဘက်က ပုံညာတောင်ပေါ်မှာ ရှိတဲ့ အမေရေရင် ဇာတ်လမ်းလေးကို ပြောပြမယ်။
အလောင်းစည်သူမင်းကြီး လက်ထက်မှာ မြို့  စား ၊ရွာစားတွေဟာ ကိုယ့်ဒေသက ထွက်တဲ့ ပစ္စည်းတွေကို နှစ်တိုင်းဘုရင့်ဆီ ဆက်သရတယ်။ တောင်ဦးစား ဆိုတဲ့ မြို့စားကြီးမှာ ညီမလေးယောက်ရှိတယ်။ ရှင်ဦး ၊ ရှင်ဗြူး ၊ ရှင်ကြူး နဲ့ ရှင်တူး။ ရှင်တူး ဆိုတဲ့ ညီမ အငယ်ဆုံးကို စောနန်းမွန် လို့လည်း ခေါ်တယ်။တောင်ဦးစားနဲ့ ညီမလေး လေးယောက်ဟာ သူတို့ဒေသထွက်ကုန် ဆီကို အိုးနဲ့ ထည့်ပြီး အလောင်းစည်သူမင်းကြီးဆီကိုဆက်ဖို့ နန်းတော်ထဲကို ဝင်ခဲ့ကြတယ်။ စောနန်းမွန် က ဆီအိုးကြီး ခေါင်းပေါ်ရွက်လို့ပေါ့။ နန်းထဲ အဝင်မှာ တံခါးမှူးတွေက ရစ်ပြီ။ ဆီအိုးမှန်းသိလျက်နဲ့ ရိသဲ့သဲ့လုပ်၊ အထဲမှာ ဘာတွေပါလဲ လို့ မြို့ ဝန် က ရစ်တော့တာပဲ။ စောနန်းမွန် က စိတ်လည်း အလွန်ထက်တယ်။ သူပြောသမျှလည်း အကုန်ဖြစ်တယ် ဆိုပဲ။ ခနိုးခနဲ့ လုပ်ပါများတော့“ ဆီ မဟုတ်ဘူးဟေ့၊ မြွေ မြွေတွေ မှတ်ထား” ဆိုပြီး ဒေါနဲ့ ပြောလိုက်တယ်။ ဒါဆို စစ်ဆေးမယ် ၊ ဖွင့်ပြဆိုပြီး မြို့ ဝန်တို့ လူစုက ဆီအိုးကြီး ကို ဖွင့်တော့တာပေါ့။ အထဲမှာ ဆီတွေက တကယ်ပဲ မြွေတွေ ထွက်လာပြီး မြို့ဝန်ကို ကိုက် မြို့  ဝန် သေရော။
ဒါနဲ့ အလောင်းစည်သူမင်းကြီးဟာ စောနန်းမွန် ကို ဖမ်း၊ သတ်စေလို့ အမိန့်ထုတ်လိုက်တယ်။ စောနန်းမွန် ဧရာဝတီမြစ်ကို ကူးပြီး မြောက်အရပ်ကို ထွက်ပြေးတယ်။ မင်းကြီးရဲ့ တပ်တွေ ဆင်တွေနဲ့ လိုက်ပြီးနင်းတယ်။ စောနန်းမွန်ရဲ့  ပညာစွမ်းနဲ့ ဆင်တွေကို သေစေတယ်။ ဆင်နဲ့ နင်းခိုင်းတာမရလို့ ကျားကို လွှတ်ပေးတယ်။ ကျားက မကိုက်ပဲ စောနန်းမွန်ကို ကျောပေါ်တင်ပြီး ပို့ပေးတယ်။ ဘုရင်က စောနန်းမွန်ရဲ့  အစ်ကိုကြီး တောင်ဦးစားကို ကိုယ်တိုင်ဖမ်းပေး၊ စောနန်းမွန် ကို အပ်ရမယ် လို့ခိုင်းပြန်ရော။ တောင်ဦးစားလည်းဖမ်းမပေးဘဲ ထွက်ပြေးတော့ ရှင်ဦး၊ ရှင်ဗြူး၊ ရှင်ကြူး သုံးယောက်ကို မီးလောင်တိုက်သွင်းဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမယ့် ယင်းမာပင်နယ်သားတွေ လာကယ်ပြီး အဲ့ဒီအစ်မသုံးယောက်လည်း နတ်ဖြစ်သွားတယ်။
စောနန်းမွန် က ပုံတောင် ပုံညာဒေသ အထိတက်သွားပြီး ပုဂံနေပြည်တော်ကြီးကို ငါကိုယ်တိုင် ဖျက်စီးမယ်ဟေ့ လို့ ကြိမ်းဝါးရင်း မြေကြီးကို ဖနောင့်နဲ့ပေါက်လိုက်တာ ရေတွေထွက်လာတယ်။ အမေရင် လမ်းသွားတုန်း ဖနောင့်နဲ့ စိတ်လိုက်မာန်ပါ ပေါက်ခဲ့တဲ့ နေရာတွေမှာ ရေတွေပန်းထွက်နေတာ ခုထိပဲ။ ဒါကြောင့် စောနန်းမွန် ကို ရေရဲ့  အရှင် အမေရေရင် လို့ ခေါ်တာပေါ့။ ထူးခြားတာတစ်ခုက တခြားနတ်တွေက ဥပစ္ဆေဒကံနဲ့ အသေဆိုးနဲ့သေပြီးမှ နတ်ဖြစ်ကြတာ။ အမေရေရင်က မသေဘဲ ဖြစ်တဲ့နတ်၊ အမေရေရင်ဟာ ပုံတောင် ပုံညာတောင်ကြီးနှစ်လုံးပေါ်တက်သွား ဟိုဘက်ကူး ဒီဘက်ကူးလုပ်ပြီး တိမ်ညွန့်ကို စားနေတယ် လို့ ပြောကြတာပဲ။ ပုဂံနိုင်ငံတော်ကြီးကို စိတ်နာပြီး ငါ့တောင်ခြေက ရေတွေဟာ ပုဂံနိုင်ငံဆီ မစီးရဘူး လို့ ကြိမ်းဝါးလိုက်တာနဲ့ ရေတွေ ပြောင်းပြန်စီးလို့ အခုတွေ့ကြရတဲ့ အတိုင်းပဲ တဲ့။ ဆန့်ကျင်ဘက်ဖြစ်တဲ့ တောင် က မြောက် ကို မြစ်သာမြစ်ရေတွေ စီးသွားတယ်။ သိကြားမင်းကြားဝင်ပြီး စောနန်းမွန်ရဲ့  ပညာရပ်တွေကိုအလှူခံ၊ အလောင်းစည်သူလို သာသနာပြုမင်းနဲ့ ရင်ကြားစေ့ပေးလို့ စောနန်းမွန် မသေဘဲ နတ်ဖြစ်သွားတယ်။
ချင်းတွင်းမြစ်အတိုင်း ဖောင်စကြာနဲ့ အလောင်းစည်သူတိုင်းခန်းလှည့်လည်လာတော့ ကိုယ်ယောင်ပြပြီး တားတာနဲ့ မင်းကြီးက ပုလဲနယ် နဲ့ ပုံတောင်ပုံညာဒေသကို အပိုင်စားပေးလိုက်တာ ခုထိနတ်ယုံကြည်သူတွေကိုးကွယ်နေရတာပေါ့။
အမေဂျမ်းက သူခိုးကြီးငတက်ပြား မိန်းမ တဲ့ ။ ငယ်ငယ်တုန်းကတော့ ထွန်းလုံရှိန်တို့ ရိုက်တဲ့(ထင်ရတာပဲ) သူခိုးကြီးငတက်ပြား၊ ဘဏ္ဍာစိုးကြီး ငတက်ပြား သမိုင်းရုပ်ရှင်ကြည့်ခဲ့ဖူးတယ် လို့ထင်တာပဲ။ မေ့ကပြီ။

၂၀၀၈ စက်တင်ဘာတွင် ပြန်လည်စုစည်းထုတ်ဝေသော မြန်မာဝတ္ထုတို (၂၀၀၁ - ၂၀၀၅) စာအုပ် စာ-၁၁ ၊
စတိုင်သစ် နိုဝင်ဘာ ၂၀၀၄ ရေးသားသူ-ကိုဆွေ “အမေ ပျော်တယ် သားတို့ရေ” မှ ထုတ်နုတ်ပါသည်။

Comments