“သင်္ချာ စကားထာ - ဆေးလိပ်ဝှက်မယ်”

ကျောင်းသားလေး ၂ယောက်ဖြစ်ကြသော မောင်တိုးနှင့်မောင်မိုးတို့သည် တစ်ရပ်ကွက်တည်းအတူနေ အတန်းတူ၊အသွားတူ၊အပြန်တူ ဖြစ်သည့်အပြင် ဝါသနာတူချင်းလည်း ဖြစ်နေပြန်သဖြင့် ပို၍ခင်မင်ကြသည်။
သူတို့အရွယ် အခြားသောကလေးငယ်များဆိုလျှင် တန်းခုန်၊ဘောကန်၊ ခွလေးပစ်နှင့် မျောက်ရှုံးအောင် ဆော့ကြသည်။ သူတို့နှစ်ယောက်ကမူ ကြည့်လိုက်တိုင်းတပူးတွဲတွဲနှင့်တွတ်တွတ်ထိုးနေကြသည်ကို ထာဝစဉ် တွေ့ရ၏ ။
တစ်နေ့ ကျောင်းပိတ်ရက်တစ်ရက်တွင်လည်း ထုံးစံအတိုင်း မောင်တိုးသည် မောင်မိုးတို့ အိမ်အနောက်ဘက်ရှိ မရမ်းပင်ရိပ်အောက်သို့ မောင်မိုးနှင့် စကားပြောရန် ရောက်လာသည် ။
“ဟေ့ ..သူငယ်ချင်း မင်းနောက်ကျပါလား။ ငါဖြင့် မင်းကို မျှော်နေတာကြာပြီ”
အေးကွာ။လာခါနီးမှ တို့အဘွားက ကွမ်းတစ်ဆုံလောက်ထောင်းပေးပါ ဆိုတာနဲ့ ကြာသွားတယ်”
“သြော် ..မင်းတို့အဘွားက သွားတစ်ချောင်းမှ မရှိတော့ဘဲကိုး၊ ဒါကြောင့် ကွမ်းထောင်းစားရတာပေါ့နော်”
“အေးကွ ..ဒီနေ့ အဘွားကို ကွမ်းထောင်းပေးရင်း ပညာတစ်ခုအဘွားဆီကနေ ရလာတယ် ။အဲဒါ ငါမင်းကို ပညာစမ်းရဦးမယ်”
“လုပ်စမ်းပါကွ ၊ ဘာပညာလဲ”
“မင်း ဝမ်းထဲမှာ ရှိနေတဲ့ လျှို့ ဝှက်ချက်ကို ဖော်ထုတ်မယ့်ပညာ”
“ကိုင်း မေးမှာဖြင့်လည်း မေးပါကွာ၊ မင်းကလည်း နာမဝိသေသနတွေ ထုတ်လှချည်လား”
“ဒါဖြင့် မေးမယ်နော်၊ မေးမယ်ဆိုပေမယ့် မမေးခင် မင်းကို ရှင်းပြထားဦးမှ ၊ မင်းမှာ ဥပမာ ဆေးလိပ် ၄ လိပ်ရှိတယ် ဆိုပါတော့ ၊အဲဒီဆေးလိပ် ၄လိပ် ဆိုတာ မင်းစိတ်ထဲမှာပဲ မင်းအမှတ်သညာ နဲ့မင်း မှတ်ထား၊အဲဒီ မှတ်ထားတဲ့ အတိုင်း တစ်ယောက်ယောက်ဆီက မင်းက ချေးယူထား၊ ဥပမာ မင်းဆီမှာ ၂လိပ်ရှိတယ်လို့ အမှတ်ထားရင် သူများဆီက၂လိပ်ချေးလိုက် ၊၂လိပ်ပဲချေးယူရမယ်နော်၊ ပိုမချေးရဘူး၊
ငါကလဲ မင်းအထဲမှာရှိတဲ့ဆေးလိပ်ထဲကို ငါ့အရေအတွက်နဲ့ ငါထပ်ထည့်ပေးမယ် ၊ဒီတော့မင်းဆီမှာ ရှိတာနဲ့ သူများဆီက ချေးယူထားတာနဲ့ငါက ထပ်ပေးတာနဲ့အားလုံးကို စုပေါင်းပြီးတော့ တစ်ဝက်တိတိကို ဘုန်းကြီးလှူလိုက်ကွာ၊ ကျန်တဲ့ဆေးလိပ်ထဲ ကနေပြီး စောစောက သူများဆီကချေးယူထားတာကို ပြန်ပေးလိုက်ကွာ၊ မင်းဆီမှာ ဆေးလိပ်ဘယ်နှစ်လိပ်ကျန်တယ်ဆိုတာ ငါအတိအကျ ပြောနိုင်တယ်ကွ”
“အောင်မယ်..တယ်ဟုတ်ပါလားကွ၊ဒီလိုဆို ငါလဲသင်ပေးပါဦးကွာ”
“ကဲ..ကဲ ပြောနေရင် ကြာပါတယ်။ ငါမင်းကို ဝှက်တော့မယ်နော် မင်းစိတ်ထဲမှာ မင်းကြိုက်သလို မင်းဆီမှာ ဆေးလိပ်ဘယ်နှစ်လိပ်ရှိတယ် ဆိုတာမှတ်ထားလိုက်နော်။ မှတ်ပြီးပလား”
“မှတ်ပြီးပြီ”
“အေး မင်းမှတ်ထားသလောက် ဆေးလိပ်အရေအတွက် အတိုင်း ဆေးလိပ်အရေအတွက်အတိုင်း သူများဆီက ခဏချေးယူထားလိုက် ”
“အေး ချေးပြီးပြီ”
“ငါက မင်းကို ဆေးလိပ် ၈ လိပ်လက်ဆောင်ပေးမယ်ကွာ..မင်းဆီမှာ ရှိတဲ့ ဆေးလိပ်တွေနဲ့ စုပေါင်းထားလိုက်”
“ပေါင်း ပြီးပြီ”
“ဒါဖြင့်ရင် မင်းဆီမှယ အခုဆေးလိပ်အားလုံးရဲ့  တစ်ဝက်တိတိကို ဘုန်းကြီးလှူလိုက်ကွာ.. လှူပြီးရင် စောစောက သူများဆီက ခဏချေးယူထားတာကို ပြန်ပေးလိုက်တော့”
“ပြီးပြီ”
“ဒီလိုဖြင့်ရင် မင်းဆီမှာ ဆေးလိပ် ၄လိပ်ပဲရှိတယ် မဟုတ်လား”
“အေးး ဟုတ်တော့ ဟုတ်တယ် ကွ၊ ဒါပေမယ့် ငါ ဆီမှာ စောစောက ငါမှတ်ထားတဲ့ ဆေးလိပ်က ဘယ်နှစ်လိပ်ဆိုတာကို ပြောဦးမှပေါ့ကွ”
“သြော် ဒါလား။ မင်းဆီမှာ မင်းမှတ်ထားတဲ့ ဆေးလိပ်ဟာ ပထမဆုံး၎လိပ် ရှိတယ်လေကွာ။ နောက်ထပ်သူများ ဆီကချေးယူလိုက်တာ ၄လိပ်ကွာ ၈လိပ်ရှိသွားပြီနော်။ ငါက ၈ လိပ်ပေးတာနဲ့ဆိုမင်းဆီမှာ ၁၆ လိပ် ဖြစ်သွားတာပေါ့။ အဲ့ဒီရဲ့  တစ်ဝက်ကို ကျောင်းလှူလိုက်တော့ မင်းဆီမှာ ၈ လိပ်ကျန်တယ်မလား။ အဲ့မှာ မင်းစောစောက ချေးထားတဲ့ ၄လိပ် ကို ပြန်ပေးရင် မင်းဆီမှာ ၄လိပ်ပဲ ကျန်တော့တာပေါ့ သူငယ်ချင်းရ ”
မောင်မိုးသည် သူ့စိတ်ထဲတွင် မကျေမနပ်မရှင်းမလင်းနှင့် ခံစားနေရသည်။ သူငယ်ချင်းမောင်တိုး တွက်ချက်ပြသည်ကလည်း ကျေနပ်ဖွယ်ရာပင်။ ရှင်းရှင်းလင်းလင်းနှင့် ပြတ်ပြတ်သားသားရှိလှသည်။
ဒါပေသည့် သူ့စိတ်ထဲတွင် အံ့သြနေသည်က မောင်တိုးသည် ဘာကြောင့်များ သူ့ဝမ်းထဲကျိတ်၍ မှတ်ထားသည့် ဆေးလိပ်စာရင်းတိတိကျကျ သိထားရပါလိမ့် ဟုမောင်တိုး၏ ပညာကို ရယူလိုစိတ်ဖြစ်နေ၏ ။
အသင်စာရှုသူလည်း မောင်တိုး၏ ပညာကို သိချင်မှာ စိုးလို့ ကောမန့် မှာ အဖြေရေးထားပါတယ်။
စမ်းသပ်ချင်မယ်ဆိုရင် တော့ တစ်ယောက်တည်းကျိတ်တွက်လို့ ရမှာမဟုတ်ဘူးနော။အနီးအနားကလူကိုသာ မကောင်းသူထိပ် ကောင်းသူထိပ် စမ်းကြည့်ပါတော့ ..။ :p

Comments

  1. မောင်တိုးရဲ့  အဖြေအပြောလေးကတော့ ဒီလိုပါ ။
    “မင်းလိုချင်ရင်နည်းကို ငါပြောပြမယ်။ အလွယ်လေးပါကွ ၊ငါကမင်းကို ထပ်ထည့်ပေးလိုက်တဲ့ အရေအတွက်ရဲ့  တစ်ဝက်ဟာအဖြေပဲကွ။ ဒီတော့ ကိုယ်က သူများကိုထပ်ထည့်ပေးသမျှဟာ ခွဲဝေလို့ကောင်းအောင် ကိုယ်က သတိထားရမှာက ထပ်ထည့်တိုင်း၊ထပ်ထည့်တိုင်းဟာ “စုံ” ဖြစ်နေပစေ။ ဘယ်တော့မှာ “မ” မဖြစ်စေနဲ့ ။ဒါကိုပဲ သတိပြု”

    ReplyDelete

Post a Comment