ယခု

နောင်ဖြစ်မည့်အရေးကိုသာ တွေး၍ မနေနှင့်။ယခုချက်ချင်း ဖြစ်နိုင်သလောက် ဖြစ်လေ။ယခုဖြစ်မှ နောင်ဖြစ်၏ ။နောင်ကို တွေးကာ ယခုအေးနေလျှင် အတွေးနှင့် ပြီးတတ်လေသည်။
ပန်းချီဆရာဖြစ်လိုလျှင် နောက်သုံးနှစ်ကြာလျှင် ငါဖြစ်မှာပဲ ဟု မတွေးနှင့်၊ ငါပန်းချီဆရာဖြစ်သည်ဟု ယုံကြည်ကာ ယခုရေး ယခုဖြစ်၍ နေရမည်။
နောင်ကာလ၌ သုခချမ်းသာဖြစ်မည့်အရေးကို မတွေးနှင့်။ယခုလက်ငင်း စိတ်လက်ချမ်းသာပျော်မွေ့စွာနေလေ။ အားလပ်ခွင့်ကို ယူ၍ အလည်အပတ်သွားလေ။ ပျော်ပွဲစားထွက်လေ။
ပျော်သည့်အခါ ကြောင့်ကြစရာဟူ၍ မရှိစေနှင့်။ လုပ်သောအလုပ် နှင့် ပျော်စရာအချက်ကလေးများကို ရှာ၊ ပျော်အောင်လုပ်ပါလေ။ နောင်ကို မျှော်လျှင် နောင်ကို မျှော်သောအလေ့ သည် ဆက်ကာ အဆုံးမရှိ၊ သေသည့်တိုင်အောင် မျှော်၍သာ နေလိမ့်မည်။
လူ၏စိတ်သည် မရပ်မနားတိုး၍သာတောင့်တ၏ ။ နောင် အဘယ်အနေမျိုးကို ရောက်မှ ပျော်မည်ဟု အောက်မေ့၍ နေရာ ထိုအခြေအနေကိုပင် ရောက်စေကာမူ တင်းတိမ်ခြင်းမရှိပဲ ဆက်လက်ကာ တစ်မျိုးသောအခြေအနေသို့ တစ်ဆင့်လှမ်း၍ မျှော်လိမ့်မည်။
ဤဘဝ မှာ ပျော်ပျော်နေခြင်းသည် အကြီးဆုံးသောရည်ရွယ်ချက်ကြီးတစ်ခုဖြစ်၏။ ပျော်ပျော်နေဖို့ အတွက် တဖားဖားရှာကြံ၍ နေကြရ၏ ။ ပျော်ရွှင်နေခြင်းကို အချိန်ရွှေ့လျှင် အဘယ်အခါမျှ ပျော်ရတော့မည် မဟုတ်ပေ။
အစားစားသူသည် မွတ်သိပ်သဖြင့် မွတ်သိပ်ခြင်းပြေပျောက်အောင်စားရာ မပြေမီသာ အရသာခံရ၏၊ ပြေလျှင်အဘယ်မှာ အရသာရှိတော့မည်နည်း။
ထို့အတူ ပျော်ပျော်နေဖို့ရန် အခြေအနေကို ရှာကြံခြင်း၌ အခြေအနေကို ရောက်မှ ပျော်မည်ဆိုလျှင် အပျော်နှင့် မတွေ့ဘဲ ဝလျှင် အီငြီးခြင်းနှင့် တွေ့တတ်လေသည်။
ကျွန်ုပ်သည် စာရေးဆရာဖြစ်ခဲ့သည်မှာ မတော်တဆ ကံအားလျော်စွာ ဖြစ်ခြင်းမဟုတ်၊ တကယ်ဖြစ်အောင် ကြိုးစားခဲ့၏။ ကျောင်းမှာနေစဉ် ကပင် စိတ်၌ ဖြစ်ခဲ့၏။ နာမည်ကျော်စာရေးဆရာဖြစ်လျှင် အလွန်ပျော်မှာပဲ ဟုအောက်မေ့မှတ်ထင်ခဲ့၏ ။ဖြစ်သောအခါ ငြီးငွေ့လျက် မလွှဲသာ၍သာ စာကိုရေး၍ နေရလေသည်။ အခြားအလုပ် အမျိုးမျိုးနှင့် စာလျှင် ဤ အလုပ်၌ ပိုမိုပျော်ပိုက်သည်ဟု ဆိုရုံမျှသာရှိလေသည်။ သို့ဖြစ်လေရာ ပျော်အောင်ကြိုးစားရလေသည်။
လောကသည် အမှောင်ဖြစ်၏။ သုခ၏လမ်းကို ပိတ်ဖုံးသောမြူမှောင်ကြီးပေတည်း။ သို့ဖြစ်၍ အမှောင်ကို
ဖယ်ရှားနိုင်သလောက် သုခသည် အလင်းရောင်ခြည်ကို ရရှိခံစားရလေသည်။
ဆရာကြီးပီမိုးနင်း ရေးသော စိတ်တန်ခိုး စာအုပ်မှ
=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ
ဒီစာပိုဒ် ကလေးကိုဖတ်ပြီး သကာလ ပျော်ပျော်နေ ဆိုတဲ့ တချို့  စကားလုံးအသုံးအနှုန်းနေရာမှာ စိတ်အေးချမ်းသာစွာနေ ဆိုပြီး အစားထိုးသုံးလိုက်ချင်ပါတယ်။ တဆက်တည်း ဖတ်ရင်း သတိရမိတာကတော့ တံငါသည် ကြီးကို အလုပ်ကြိုးစားခိုင်းတဲ့ သူဌေးကြီးပုံပြင်လေးပါ ။ တံငါသည် က ကျွန်တော် အခု ဘာလုပ်နေတယ်လို့ သူဌေးကြီးမြင်လို့ပါလဲ ဆိုပြီးပြန်မေးတဲ့ ပုံပြင်လေးပေါ့။ ကျွန်မတို့ လူ အတော်များများဟာ ရှေ့  ရေးကိုတွေးပူတတ်ကြပါတယ်။ ငါ ဒီလိုအခြေအနေမျိုးမို့ မပျော်နိုင်တာပေါ့ဆိုတာမျိုးအနည်းနဲ့ အများရှိတတ်ကြပါတယ်။ သို့ကလို တွေးနေမယ့်အစား လက်ရှိအခြေအနေလေးကို တန်ဖိုးထားပြီး လုပ်စရာရှိတာလေးတွေကို လုပ်သွားရင် ချမ်းမြေ့တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ ။
လူဆိုတာ ကံကောင်းနေရင် ပျော်ရွှင်နေရင် ဘဝ ကပေးတဲ့လက်ဆောင်လို့ တန်ဖိုးမထားတတ်ကြပါဘူး။ အဆင်မပြေတာတွေ ကြုံရမှ ဘဝကြီးက တို့ လောကဓံ၈ပါးတို့ ကို သတိရပါလိမ့်မယ်။ လောကဓံ၈ပါးထဲမှာ
အနှုတ်သာမက အပေါင်းလက္ခဏာလေးတွေ ပါနေတာလည်း သတိမေ့လို့မရပါဘူးရှင်။

Comments