မြန်မာ့ရိုးရာစကားထာ ဆိုသည်မှာ ..

အခုတလော တီဗီ ဗီဒီယိုဇာတ်လမ်းတွဲတွေ ကြည့်နေချိန်တွေကို စာအုပ်အဟောင်းတွေ ပြန်ရှာဖတ်နေဖြစ်ပါတယ်။ရှာဖွေလေ တွေ့ရှိလေ ...ထွက်လာတဲ့စာအုပ်ကတော့ (ဆရာ) ကြည်ဦး ပြုစုသည် ဆိုတဲ့ မြန်မာ့ရိုးရာစကားထာများ ဆိုတဲ့စာအုပ်ပါ။ စာအုပ်ထုတ်ဝေ -၁၉၉၆ ခုနှစ် မတ်လ (စတုတ္ထအကြိမ်) ဖြစ်ပါတယ်။ ရိုက်နှိပ်စာအုပ်တန်ဖိုးကတော့ (၈၀ကျပ်) ၊ ကျွန်မပေးဝယ်ခဲ့တဲ့ တန်ဖိုးက ၉၅ကျပ် (၂၆-၉-၁၉၉၆ ကဈေးနှုန်းပေါ့လေ) ။ အခုခေတ်ကာလတော့ စာအုပ်တန်ဖိုးတွေ ဘယ်လောက်ဖြစ်နေပြီပါလိမ့်နော် ။ အမှတ်တရပေါ့။
အောက်ပါ စာစုများက စကားထာ စာအုပ်ကနေ ထုတ်နုတ်ထားတာပါ ။ဗဟုသုတအဖြစ် ကူးမှတ်ထားလိုက်ပါတယ်။
=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=
စကားထာ ဆိုသောဝေါဟာရ၏ အနက်ကို အချို့ ပညာရှိများက “စကား+အတ္ထ=စကတ္ထ” တို့မှတဆင့် “စကားထာ”ဟူ၍ ဖြစ်လာကြောင်းပြောပါသည်။ အဓိပ္ပာယ်မှာ “စကား၏ အနက်”ဟုဆိုလိုပါသည်။
အချို့ပညာရှိများကလည်း “စကား+ထပန” ဟူသည့်ပုဒ်နှစ်ခုကို မြန်မာ့အသံဖြင့် ပေါင်း၍ဖတ်လျှင် “စကားထာပနာ”ဟု ရသည်ဖြစ်ရာ အတိုကောက်အားဖြင့် စကားထာ ဟုတွင်လာကြောင်း ပြောပါသည်။ ပါဠိဘာသာ “ထပန”ပုဒ်သည် သွင်းနှံထားရှိသည် (ဝါ) မြှပ်၍ထားသည် ဟူသောအနက် ကိုရပါသည်။ “ထပန” ကို မြန်မာတို့က မြန်မာသံဖြင့်ဖတ်လျှင် “ထာပနာ (ဝါ) ဌာပနာ” ဟုဖတ်ကြပါသည် ။

တချို့ ပညာရှိကြီးများကလည်း “စကားထာဟူသည်မှာ စကား၏အထာကို ဆိုလိုကြောင်း၊ မြန်မာစကားတွင် သူ့အထာဟုပြောလေ့ပြောထရှိကြရာ အထာဆိုပုဒ်၏ အနက်မှာ အနေအထား သဘောသရုပ်ကို ဆိုလိုကြောင်း”၊ “ကျွန်တော် သူ၏ အထာကို ကောင်းစွာသိပါသည်” ဟုပြောသောစကားတွင် အထာမှာ ထိုပုဂ္ဂိုလ်အနေအထား၊ သဘောသရုပ်ကိုဆိုလိုကြောင်း၊သို့ဖြစ်၍ စကားထာ ဟူသည်မှာ အကြင်စကားရပ်တခု၏အနေအထား၊ သဘောသရုပ်ကို ကြည့်၍အဖြေကို ထုတ်ဖော်ရသည့်စကားမျိုးဖြစ်ကြောင်းမိန့်ဆိုကြပါသည်။

ဤစာရေးသူအနေနှင့်မူ မည်သည့်အယူအဆက မှန်သည် ဟု ဆုံးဖြတ်ရန်မဝံ့ပါ။ တစ်ခုသတိပြုမိသည်မှာကား ပါဠိဘာသာသက္ကဋဘာသာတို့တွင် အနက်အဓိပ္ပာယ်ကို မြှပ်ဝှက်၍ ရေးသော ပဟေဠိစကားများရှိကြပါသည်။ ထိုပဟေဠိစကားမျိုးမှမြန်မာမှုသို့ ရွေ့ လျားလာကာ စကားထာအသုံးပေါ်လာလေသလော ဟုစဉ်းစားမိပါသည်။ သို့ရာတွင် ပါဠိဘာသာ၌တွေ့ရသော ပဟေဠိစကားမျိုးတိုင်းလည်း “စကားထာ”သဘော မသက်ရောက်ကြောင်းကို အထူးသတိပြုရန် လိုပါသည်။

စကားထာအမျိုးအစားနှင့်ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင်
-ကာရန်အားဖြင့် ဝှက်သော စကားထာ
-ဥပမာအားဖြင့် ဝှက်သောစကားထာ
-အနက်အားဖြင့် ဝှက်သောစကားထာ
-စကားလိမ်အားဖြင့် ဝှက်သောစကားထာ
-သင်္ချာအားဖြင့် ဝှက်သောစကားထာ ဟူ၍ခွဲခြားဖော်ပြထားသည်ကိုတွေ့ရပေသည်။
အမျိုးအစားခွဲခြားပုံ မရှင်းလင်းဘဲ ထွေးရောယှက်တင် ဖြစ်၍နေပေသည်။ သို့ဖြစ်၍ ဤစာအုပ်တွင်မူ မြန်မာစကားထာများကို အမျိုးအစားအားဖြင့် (၆)မျိုးခွဲခြားဖော်ပြထားပါသည်။ယင်းတို့မှာ -
၁-စကားထာ(ရိုးရိုး)
၂-ကားလိမ်
၃-စကားဝှက်
၎-သင်္ချာစကားထာ
၅-ပုစ္ဆာစကားထာ
၆-ပုံပြင်စကားထာ ဟူ၍ဖြစ်ပါသည်။
=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=
မှတ်ချင်တာတွေ ရေးမှတ်နေတာ ကော်ပီရိုက်နဲ့သာ တရားစွဲကြရင် ကျွန်မတော့.....အင်းးး :)မဖတ်ဖူးသေးတဲ့သူတွေအတွက် အလွယ်တကူမျှဝေလိုက်တာပါပဲ ။ တခြားဘာရယ်ရွယ်ချက်မှ မရှိပါဘူး။
နောက်ရက်များကျ မှ ပဲ စကားထာတစ်ချို့  ကို တင်ပါဦးမယ်။ဉာဏ်ကစားလို့ရတာပေါ့လေနော်။ ကျွန်မလည်းမှတ်မိသွားပြီး မသိသေးတဲ့ ကလေးတွေ ကို လူလည်သွားကျလို့ရတာပေါ့။ :D

Comments

Popular Posts