အမှတ်တရခရီးလေး

အနည်းအကျဉ်းသာ လက်ထဲမှာရှိတဲ့ ဓာတ်ပုံတစ်ချို့ ကို ပြန်ကြည့်ရင်း ထွက်လာတဲ့ ပုံတစ်ခုက ကော့သောင်းမြို့  မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်လေးအောက်မှာ ရိုက်ထားတဲ့ မိသားစုဓာတ်ပုံ ၊ (နောက်ပိုင်း မိသားစုစုံညီချိန်က ရှားလို့ ဓာတ်ပုံတွဲရိုက်ဖို့က မလွယ်လှ။)
ဓာတ်ပုံက ရက်စွဲက ၁၉၉၇ ၅လပိုင်း ၉ရက်တဲ့။ ခရီးတွေ အတော်များများထွက်ခဲ့ဖူးပေမယ့် အဲ့တုန်းကလို အချိန်မျိုး၊ အဲ့တုန်းကလို အခွင့်အရေးမျိုးက ရှားတဲ့အတွက် ပြန်ပြောင်းအောက်မေ့မိပါတယ်။
၇ ရက်နေ့ မနက်၁၀နာရီလောက်မှာ ကော့သောင်းဘက် ကို ဇက်(ကားတွေတင်တဲ့သင်္ဘောမျိုးနဲ့) သွားကြပါတယ်။ မြိတ် (ဘိတ်) ကနေ စ ထွက်တော့ ၂ရက်ခွဲလောက်ကြာတယ်။ စထွက်တော့ အရမ်းပျော်တာပါပဲ။ သဘောင်္မှာက လည်း သဘောင်္ကတ်ပတိန်အပြင် စားဖိုမှုးဘာညာ နဲ့ သဘောင်္သား အလွန်ဆုံး၅ယောက်လောက်ပဲ ပါမယ်ထင်ပါရဲ့ ။ အောက်ထပ်မှာ တချို့  ခရီးသွား မိသားစုလားမသိ ပါပါတယ်။ ဒါကြောင့် သင်္ဘောတစ်ခုလုံး ကိုယ့်မိသားစုချည့်လိုပဲ ဖြစ်နေပါတော့တယ် ။ ကျွန်မတို့က အပေါ်ထပ်မှာနေရာချပါတယ်။ နေ့လည် စထွက်ကတည်းက ပင်လယ်လေလေးရှုရှိုက် မြိတ်ကျွန်းစုရဲ့  ကျွန်းကလေးပေါင်းများစွာကို ငေးမောရင်းးဟိုကြည့် ဒီကြည့်နဲ့ ကြည့်လို့မဝပါဘူးး။ ဆိပ်ကမ်းက ခွာတာနဲ့ ပထော်ပထက်ကျွန်း လျောင်းတော်မူဘုရားကြီး။ ..ဇာဒက်ကြီးကျွန်း ပထန်ကျွန်း စတာတွေကို ဖြတ်သန်းပြီး ခဏမှာ တကယ့်ပင်လယ်ထဲကို ရောက်ရှိသွားပါတော့တယ်။
သိပ်မကြာဘူး ရေပြင်က ပြာလာတာ။ နောက်နည်းနည်းလောက်မောင်းမိတော့ ရေပြင်က အစိမ်းရောင်တောင်ပြောင်းသွားပြီ။ အပေါ်က နေဘယ်လောက်ပူပူ ရေပြင်ကနေ အေးစိမ့်နေတာကို ခံစားလို့ရနေခဲ့တယ်။ နည်းနည်းစီးမိတော့ လမ်းမှာ ငှက်သိုက်ကျွန်း ကိုခပ်လှမ်းလှမ်းက ဖြတ်တယ်။ အရမ်းလှတာပါပဲ အဲ့ငှက်သိုက်ကျွန်းမှ အသိုက်သွားယူတဲ့သူတွေ ဘယ်လိုတက်ကြလဲတော့ မသိပါဘူး။ ရေပြင်ကျယ်ထဲမှာ ငှက်သိုက်ကျွန်းတောင်က မတ်မတ်ထီးထီးကြီး၊ သွေးပျက်ချင်စရာ..။ ကျွန်မတော့ ပင်လယ်ကြီးထဲရောက်တာနဲ့ သီးသန့်လိုခံစားခဲ့ရတယ်။ သင်္ဘောသားတွေအဖို့တော့ ဒီလိုခံစားမှုမျိုးကို ဘယ်လိုဖြတ်ကျော်ကြပါလိမ့်...။ဒီလိုနဲ့ ညရောက်လာတော့ မအိပ်ဖြစ်ကြပြန်သေးဘူးး ကြယ်တွေကို ကြည့်ရတာ စိတ်ချမ်းမြေ့ပြီး သဘောကျနေခဲ့တယ်။ အဲဒီက သင်္ဘောမှာ စားဖိုမှုးလည်းဖြစ်၊ သင်္ဘောလည်း ကူမောင်းပေးတဲ့ အစ်ကိုကြီး က သူတို့ သင်္ဘောအချင်းချင်းကြည့်တဲ့ ည နက္ခတ်တွေကြည့်တဲ့ မှန်ဘီလူးနဲ့ပေးကြည့်တယ် အနီးအနားတဝိုက်မှာ မြင်ကွင်းကွယ်စရာ သစ်ပင်ဘာညာလည်းမရှိတော့ ကြယ်လေးတွေချည်း မြင်ရတာ အတော်ကြည်နူးဖို့ကောင်းတာပါပဲ။ ကဗျာဥာဏ် စာဥာဏ်ရှိတဲ့သူဆို စာကောင်းတစ်ပုဒ် ထွက်လာမှာ။
ညအတော်နက်လာတော့ မျက်လုံးတွေက မှေးစင်းကုန်ကြပြီ။ အဲဒါနဲ့ ရှိတဲ့အခန်းထဲ မှာ အမျိုးသမီးတွေဖြစ်တဲ့ သားအမိ၂ယောက်ကိုဝင်အိပ်ဖို့ ပြောကြတယ်။ သင်္ဘော က ခရီးသည်တင် လူစီးသင်္ဘောမဟုတ်ဘူးဆိုတော့ ဝန်ထမ်းတွေအိပ်တဲ့ အခန်းကျဉ်းတစ်ချို့ ပဲပါပါတယ်။ အဲ့တော့ ယောက်ျားလေးတွေဖြစ်တဲ့ အဖေနဲ့ အစ်ကိုကအိပ်ဖြစ်မှာလည်း မဟုတ်တော့ ကျွန်မတို့ကို သွားနားကြပေါ့လေ..။ (လူစီးသင်္ဘောမဟုတ်ပေမယ့် ဖြူဖြူလေးနဲ့ ချစ်စရာလေး အကြီးကြီးလည်းမဟုတ်ဘူး သင်္ဘောလတ်အရွယ်ပေါ့) အိပ်ယာက ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့အတိုင်း အခန်းခပ်ကျဉ်းကျဉ်းမှာ ဟိုဘက်ဒီဘက်အဖြူခုတင်လေးတစ်ခုစီနဲ့။လူက အပြင်မှာတုန်းကသာ လေလေးတဖြူးဖြူးနဲ့မို့ အိပ်ငိုက်နေတာ။ အိပ်ယာလည်းမြင်ရော တုန်းကနဲအိပ်ပျော်ဖို့ နေနေသာသာ ခပ်ကြောက်ကြောက်စိတ်က ဘယ်ကဝင်လာမှန်းမသိဘူး။( အခန်းငယ်လေးက ရေစော်နံပြီး ခေါင်းရင်းက အပေါက်ဝိုင်း လေးကလည်း ပိတ်မရဘူး စုံထောက်ဦးစံရှား ဝထ္တုထဲကလိုပဲကိုး..) နောက်တော့ အမေကပါ အိပ်မရတဲ့အပြင် အရမ်းအိုက်လာကြတော့လို့ အပြင်ထွက်ပဲ ထိုင်လိုက်ကြတော့တယ်။ ကျွန်မကတော့ သီချင်းလေးနားထောင်လိုက် လူကြီးတွေ စကားပြောတာနားထောင်လိုက်၊တစ်ချက်တစ်ချက် ဝင်ဂယောင်လုပ်လိုက်နဲ့ပေါ့။ ပိတုဖခင် ရေဒီယိုညှိပြီး ဟိုဖမ်းဒီဖမ်းလုပ်တဲ့အသံတွေ နားထောင်ရင်း ဟိုဟိုဒီဒီလမ်းထလျှောက်ပြန်တော့ လူကယိမ်းထိုးနေပြန်ရော..။ နေ့ပိုင်းကမသိသာပေမယ့် ညပိုင်းရေတက်တဲ့ အချိန်မှာ သင်္ဘောလေးက လှုပ်ခပ်နေတတ်သေးတာမို့။ ဒီလိုနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း သင်္ဘောပေါ်မှာ ငိုက်တစ်ခါ ၊ စကားပြောသံကြားရင်နိုးတလှည့်ကနေ ရောင်နီလာတဲ့ အချိန်ကိုဘယ်လိုရောက်သွားမှန်းတောင် သတိမထားလိုက်မိတော့ဘူး....။တကယ် မနက်နေထွက်တော့ လည်း အတော်လှရှာတာပါပဲ။ ဒါပေမယ့်လည်း သင်္ဘောက“နေ”ကိုကျောခိုင်းလိုက်ပြီး အရိပ်ဖြစ်သွားတာနဲ့ ပင်လယ်ရေအရှိန်နဲ့ အေးစိမ့်စိမ့်ဖြစ်လာပါတော့တယ်။ အဲ့လိုနည်းနဲ့ နေပူတလှည့် နေရိပ်တလှည့်နဲ့ ကိုယ်လည်း နားကြပ်ကက်ဆက် ကလေးနဲ့ သင်္ဘောကိုပတ်ပြီး ပျော်မြူးနေခဲ့တာပေါ့။
တစ်နေရာမှာတော့ လင်းပိုင်လေးတွေအုပ်စုလိုက် ရေပေါ်ပေါ်လာလိုက် ငုပ်သွားလိုက်နဲ့ တွေ့ရတော့ အံ့သြလိုက်တာ။သူတို့ကို ဒီလိုမျိုးတွေ့ရလိမ့်မယ်လို့ မမျော်လင့်ခဲ့မိဘူး။ သူတို့က သင်္ဘောနောက်က လိုက်လာသေးတယ်။ ပျော်ပြီးခုန်မြူးပြီး လိုက်လာတာ မြင်ရတာ ကိုယ်တိုင်ပဲ ရုပ်ရှင်တွေထဲရောက်သွားသလိုလို..။ (ဘာဆိုင်လဲတော့ မသိဘူး..ဒီဂျာဗူး”လိုမျိုးပေါ့လေနော်) နောက် လိပ်ကျွန်းဆိုပြီး ခေါ်တဲ့ လိပ်တစ်ကောင်နဲ့တူတဲ့ကျွန်းလေးကို ဖြတ်သွားကြတယ်။ တကယ်ကိုလိပ်နဲ့ တူတာပါပဲ။ ကျွန်းပိစိခပ်ငယ်ငယ်လေးဆိုတော့ ကမ္ဘာ့လိပ်ကြီး အိပ်နေသလိုမျိုးပုံစံနဲ့ပေါ့။ ညနေစောင်းတော့ နည်းနည်းပျင်းလာပြီ။ ဟိုဘက်ကြည့်လည်း ရေ၊ ဒီဘက်ကြည့်လည်း ရေ။ ပျင်းတိုင်းလျှောက်သွားလို့ ကျွန်မ မရောက်ဖူးတာဆိုလို့ အောက်ထပ်က လိုက်ပါလာတဲ့ ခရီးသည်အခန်းပဲကျန်တော့တယ်လေ။ မှတ်မှတ်ရရ အဲ့တုန်းက ယူသွားတဲ့ ကက်ဆက်ခွေက ထွန်းအိန္ဒြာဗိုလ် ရဲ့  နားလည်သင့်ပြီ အခွေ ( အဲ့အခွေကိုပြန်ရှာဝယ်လို့ရချိန်မို့ စွဲနားထောင်နေဖြစ်တဲ့အချိန်ပေါ့) အခွေက သီချင်းတွေလည်းတစ်ပုဒ်မကျန် အလွတ်ရကုန်ပြီ ။ နောက် သူဌေးကျွန်း (အမှန်ဟော်တယ်ပဲ ရှိတာပါ) ကိုဖြတ်တယ်။ ပတ်ကြည့်မလားမေးပေမယ့် ဝင်မရမှတော့ အချိန်ကုန်လည်းမခံတော့ဘူးပေါ့။ ပတ်စ်ပို့ ရှိရင်ဝင်လို့ရတယ်ပြောတယ် ဒါပေမယ့် ဟိုတယ်က ဈေးကြီးတယ် ။ ဒေါ်လာ နဲ့ ဘတ် ပဲ လက်ခံတယ်ပေါ့။ ဝင်ရင်လည်း ဓာတ်ပုံရိုက်ချင်ရုံလေးနဲ့တော့ ဝင်ခွင့်ပြုမယ်မထင်..။ ခိုင်လုံတဲ့အကြောင်းပြချက်တော့ ရှိရမှာပေါ့နော်။ ....အဲ့ဒီကိုကျော်တော့ ထားဝယ်နားနီးနေပြီ လို့တော့ပြောပါတယ်။ လမ်းကြောင်းက ဦးတည်တာ ကော့သောင်းဆိုတော့ ထားဝယ်ကို လှမ်းမြင်ရလောက်အောက် ကမ်းနဲ့ မကပ်ပါဘူး။ ညမှောင်နေတာလဲပါမယ်ထင်ပါတယ်။ မီးရောင်လေးတွေ ဖျောက်ဆိပ်တော့ တွေ့သလိုလို..။ပုံမှန်ဆို ကော့သောင်းကို ညဥ့်နက်ပိုင်းမှာ ဝင်ရမှာ ရေကျနေလို့ ဆိပ်ကမ်းကပ်မရဘူး ဆိုတာနဲ့ ကျောက်ချ နားဖြစ်ပါတယ်။ (ရေနည်းတဲ့နေရာမှာ သင်္ဘောခုတ်ရင် သောင်တင်မှာစိုးရတယ် ထင်ပါတယ်။ ) ပထမဆုံးကျောက်ချတာကို မြင်ဖူးတာပေါ့ ကျောက်ဆူးကြိုးကြီးရေထဲဆင်းသွားပြီး ငြိမ့်ကနဲ သင်္ဘောကြီးလှုပ်သွားတယ်။ ပထမတစ်ခါ ချပြီး နောက်တစ်ခါပြန်ရုတ်ရသေးတယ်။ အတွေ့အကြုံမရှိ ဘာမှ မသိတဲ့ ကျွန်မအဖို့တော့ အကုန်လုံးက စိတ်ဝင်စားစရာချည်းပါပဲ။ အဲ့နေ့ ည လည်း ကျွန်မတို့ မှေးတလှည့် ငိုက်တလှည့် ပါပဲ။ (==ဆက်ရေးရပါမည်==)

Comments