အမှတ်တရခရီးလေး (အဆက်)

နောက်ဝေလီဝေလင်းမှာ ကော့သောင်းကို ကပ်ပါပြီ။ (ကော့သောင်းဆိုတာက နာမည်ရင်းက ယိုးဒယားနာမည် ko sawng ကနေ ဆင်းသက်လာတာပါ ကော်ဆော ၊ ကော့်ဆောင် ကနေ ကော့သောင် ကော့သောင်းပေါ့။) လာကြိုတဲ့သူနဲ့ တည်းမယ့်အိမ်သွား ပစ္စည်းတွေ ချပြီး နားကြပါတယ်။ တရေးလောက်မှေးကြပြီး (မှေးတယ်ဆိုပေမယ့် အိပ်ပျော်သွားကြတယ် ပြောရမယ်.၊ ခရီးကလည်းပန်း နှစ်ညလောက် ကောင်းကောင်းမအိပ်ခဲ့ရတော့)

ညနေလောက်ကျတော့ နယ်ခံရဲ့  ပါပလေကာလေးနဲ့ လျောက်လည်ကြပါတယ်။ အမိုးပွင့်လေးနဲ့ ဆိုတော့ ဘေးဘီဝဲယာကို ရှင်းရှင်းလင်းလင်းနဲ့ ကြည့်လို့ကောင်းတယ်ပေါ့။ လမ်းသင့်တဲ့ ဘုရင့်နောင်အငူကို အရင်သွားကြတယ်။ မြန်မာနိုင်ငံရဲ့  တောင်ဘက်အစွန်းပိုင်းလေး။ တော်တော်ကိုလှတဲ့ နေရာလေးပါ။ ဘုရင့်နောင်ရုပ်ထုကလည်း တကယ့်ကို ကြွားကြွားဝင့်ဝင့်ကြီး၊ ( အဲ့တုန်းက တီဗွီ ကနေခဏခဏလာနေကျ သီချင်းလေးအတိုင်းပါပဲ.. “ကော့သောင်းက ဘုရင့်နောင် အငူမှာ မြန်မာမြေကျူးကျော်မခံ သူ့ဟန်အမူအရာ”) ။ အရင်ကတော့ British coloney ဖြစ်ခဲ့တုန်းက Victoria Point ပေါ့လေ။ ကျွန်မတို့သွားတဲ့ အချိန်က ဘုရင့်နောင်အငူကို ဆေးတွေဘာတွေသုတ် ခမ်းခမ်းနားနားဖြစ်အောင် လုပ်ပြီးကာစကာလ ။
ဈေးကိုပတ်ကြတော့ ယိုးဒယားပစ္စည်း တွေပဲ များပါတယ်။ ဈေးကလည်း သက်သာမယ်ထင်ရပေမယ့် မပေါပါဘူး။ တချို့ဆိုင်တွေဆို ဘတ်နဲ့ ရောင်းပါတယ်။ ခဏသွားခဲ့တဲ့ ဧည့်သည်မို့လားမသိပါဘူး ဆိုင်တွေက ဈေးတင်ကြတယ်။ ဈေးဆစ်ရအောင်ကလည်း စကားပြောမှ ပိုဆိုးတာလေ။ ဧည့်သည်မှန်းတန်းသိသွားတာကိုး။ လေယူလေသိမ်းမှမတူတာ ပြီးတော့ တချို့ က ယိုးဒယားလိုပြောရတာ။ တခါတလေ သူတို့ပြောတဲ့ မြန်မာလိုလဲ နားမလည်ပြန်ဘူး(မွန် လို ညှပ်ပြောလို့ထင်ပါရဲ့ )။သူတို့ မြန်မာလို ပြောတာ ထားဝယ် တို့ ရခိုင်တို့ လောက်တော့ မခက်ဘူး နည်းနည်းနှေးတော့ ရိပ်ဖမ်းသံဖမ်းတော့ နားလည်နိုင်ပါတယ်။ ဈေးကနေ ဘာမှတော့ ထူးပြီးမဝယ်ဖြစ်ခဲ့ကြတော့။ ပင်လယ်ပြင်ကို လှမ်းမြင်နေရတဲ့ ဘုရားဖူးခဲ့တယ်။
ညစာစားတော့ အမျိုးသမီးလေးတွေ စားပွဲထိုးတဲ့ ဆိုင်တစ်ခုမှာ စားကြရတယ်။ ဒီလိုမျိုးလေးတွေ မမြင်ရက်လို့ ရိုးရိုးမိသားစု ထမင်းဆိုင် စားကြရအောင် ဆိုတော့သိပ်မရှိလှပါဘူးတဲ့ ၊ အစားအသောက်ကောင်းတဲ့ ဆိုင်က ဒါမျိုးလေးတွေ ရှိတတ်တာ ပုံမှန်တဲ့..။ ပြီးတော့ ရုပ်ရှင်တွေထဲကလို ကြားဖူးတာတွေလို အတင်းလူပေါ်တက်ထိုင်တာမျိုး မရှိပါဘူးတဲ့။ အဲ့လိုဆိုင်တွေက သတ်သတ်ပါပေါ့..။ (အဲ့ခုနှစ်တုန်းကပေါ့နော်၊ ပါပီမ ဇာတ်လမ်းတွဲတွေ ကဒီးကဒီး လာပြီးချိန်လောက်ကဆိုတော့ အခုတော့ ဘာမှန်းဘယ်လိုမှန်းမသိပါ)။ တစ်ရက် နှစ်ရက်လည်ပြီးနောက်နေ့ ရှမ်းကမ်းကူးကြပါတယ်။ ရနောင်း(Ranong) ပေါ့။ ယိုးဒယားတိုင်းပြည်ရဲ့  တောင်ဘက်စွန်မှာ တည်ရှိပြီး ကော့သောင်နဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့လေးပေါ့။ ရနောင်း ဘယ်နားမှာမှန်း သတိမထားမိရင် မှန်းလို့ရအောင် ဝီကီက မြေပုံလေး ကူးတင်လိုက်ပါတယ်နော်။
အဓိက ကတော့ ပင်လယ်ငါးဖမ်းခြင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ မြို့ ငယ်လေးပါ။ တက်လိုက်တာနဲ့ ငါးညှီနံတွေနဲ့ ရေပုပ်တွေရှောင်သွားရတာနဲ့ တင် တခြားတိုင်းပြည်ပါလား လို့တောင်မသတ်မှတ်နိုင်ခဲ့ဘူးထင်ပါရဲ့  ။ ကျွန်မမှတ်ဉာဏ်ထဲ မှာ အိပ်မက်လိုလို ဝေဝါးဝါးနဲ့..။ စက်လှေကလေးနဲ့ကူးတာ ဘယ်လောက်မှတောင်မကြာပါဘူး။ ဟိုဘက်ရောက်တော့ သူတို့လူဝင်မှုကြည်ြ့ကပ်ရေးက ခြေတံရှည်အိမ်သေးသေးလေး ဝင်သွား နောက်ခဏနေတော့ ကမ်းကပ်ပြီး လည်ကြပါတယ်။ လမ်းလျှောက်ပြီးပဲ လည်တာပါ။ တည်းတဲ့ ဟိုတယ်နာမည်က ဂျန်ဆန်တာရာ (jansom thara) တဲ့။ ဟိုတယ် ကိုတော့ တုတ်တုတ် (သုံးဘီးတက်စီပဲ) ငှားပြီးသွားကြပါတယ်။ ဟိုတယ်က ကောင်းပါတယ် ရေပူရေအေး ရေချိုးကန်အကုန်ပါတယ်။ သဘာဝရေပူစမ်းက ဟိုတယ်ရဲ့  နောက်နားတင်ရှိတော့အဲဒီကနေ တိုက်ရိုက်ရေသွယ်ပေးထားပါတယ်။ရေပူသွားစိမ်ကြေတော့ အထဲမှာအကူအစ်မကြီးက မြန်မာအစ်မကြီးပါ ။ အမေ နဲ့ ကျွန်မ မြန်မာလိုပြောနေတော့ သူက တိုးတိုးတိုးတိုးနဲ့ပဲ ကပ်ပြောပါတယ်။ နောက် ဘာတွေမှန်းမသိ ဆက်ပြောပြီး (မမှတ်မိလို့..) နောက်ဆုံး သူ ဗမာဆိုတာ သူများတွေမသိစေချင်ပါဘူး ဆိုတာမျိုးလည်း ပါတယ်။ အဲ့တုန်းက ဘာလို့များမြန်မာမှန်းမသိစေချင်ရတာလဲ ဘာများရှက်စရာရှိလို့လဲ လို့ စဉ်းစားခဲ့မိပါသေးတယ်လေ။

ရနောင်းကမြို့ ငယ်လေးဆိုတော့ လည်စရာသိပ်လည်းမရှိလှဘူး ထင်ပါရဲ့ ။ ရှော့ပင်းမောလ်တွေမှာ လျှပ်စစ်ပစ္စည်းတချို့  ဝင်ကြည့်ကြတယ်။အဝတ်အထည်ပေါပြီး ဝယ်လို့ကောင်းလှပါတယ် ဆိုတဲ့ ယိုဒယားဘက်မှာ အဝတ်အစား ကတော့ မဝယ်ဖြစ်ခဲ့ပါဘူး။ ထူးပြီး ဈေးမချိုလို့လို့မှတ်မိပါတယ်။သူကလည်း နယ်စပ်မြို့ လေးပဲ မဟုတ်လား။ နောက်အမှတ်တရအနေနဲ့ ကြိုးမျှင်မျှင်လေးကျနေပြီး အဆုံးမှာ ကမ္ဘာလုံးပုံလေး နဲ့ နားဆွဲလေးဝယ်ခဲ့တယ်။ အရမ်းကြိုက်ခဲ့ပြီး အဲဒီကစလို့ နားဆွဲလေးတွေကိုပဲ သဘောကျခဲ့တယ်။(အခုတော့ အနိစ္စသဘော နဲ့ ဝေးခဲ့ရတာ ၉နှစ်တိုင်ခဲ့ပြီကောလေ....)

အဓိက ကျွန်မတို့လုပ်ခဲ့တာတော့ “အစား”ပေါ့လေ။ အသီးအနှံတွေ အတော်ပေါများ လတ်ဆတ်ပြီး ဒူးရင်းသီးတွေ ဈေးချိုတယ်။ ဟိုတယ် ကို ဒူးရင်းသီးသယ်မရလို့ ဆိုင်မှာထိုင်စားကြတယ်။ ပထမဆုံး ဒူးရင်းသီးကိုလက်နဲ့ ပယ်ပယ်နယ်နယ် ဆိုင်မှာ ထိုင်စားတာကို အံ့သြပြီး ကြည့်ခဲ့ရတာ မမေ့နိုင်သေးဘူး။ နောက်ယိုးဒယားအစားအစာ ဖြစ်တဲ့ ကြက်ဆီထမင်း ၊ အဲ့ဆိုင်မှာ ဘို (အဖြူ) တစ်ယောက်က သခွားသီး ထပ်လိုချင်လို့တောင်းတာကို ဆိုင်က အင်္ဂလိပ်လိုနားမလည် လို့ ပတ်လည်ရိုက်နေတာမြင်ပြီး ရယ်ချင်ခဲ့ရသေးတယ်။ ဘိုခမျာ လက်နဲ့လှီးသလိုလုပ်ပြ ဟိုလိုလုပ်ဒီလိုလုပ်နဲ့ နောက်မှလိုက်ပို့တဲ့ အစ်ကိုကြီးက သဘောပေါက်ပြီး cucumber လား ကြားထဲကနေ ဝင်မေးမှ ဘို ခမျာ အကျဉ်းအကျပ်ထဲက လွတ်ပြီဆိုတဲ့ ပုံစံနဲ့ လတ်ခနဲဖြစ်သွားပြီး ဝမ်းသာအားရ ခေါင်းငြိမ့်ရှာတယ်။ လိုက်ပို့တဲ့ အစ်ကိုကြီးက လည်း ယိုးဒယားစာ တတ်တယ်လေ ၊ ဘယ်လို ဆိုင်ကို ပြောလိုက်လဲဆိုတော့ ကျွန်မတို့စားနေတဲ့ ထဲက သခွားသီးကိုယူပြလိုက်တာပေါ့..ဟီးး။အဲတုန်းက တွက်မိတာ ဒီအဖြူက သူများစားနေတာ ပြပြီးမှာလိုက် ပြီးတဲ့ဟာကိုလို့ပေါ့။

နောက် ပန်းခြံတို့ဘာတို့သွားကြတယ် ။ညနေစာ ဘာစားကြမလဲဆိုတော့ ဖေဖေက စီးဖုဒ် စားကြမယ်ဟေ့ လို့ဆိုတယ်။ S E E ဖုဒ် တဲ့၊ မြင်ရရင်ပြီးရောပေါ့ ဆိုပြီး အတည်ပေါက်နဲ့ ဆိုင်တစ်ခုကို ခေါ်သွားတယ်။ ကမ်းစပ်နားကပဲ ၊ အတော်လှတဲ့နေရာလေး တော်သေးပါတယ် တကယ် SEA Food စားရလို့..။ :) အတော်လတ်ဆတ်ပြီး စားလို့ကောင်းပါတယ် ။ ဈေးလည်းချိုတယ်။ အဲ့တစ်ညပဲတည်းပြီး ကော့သောင်းကို ပြန်ထွက်ခဲ့ကြတယ်။ ကော့သောင် ပြန်ရောက်တော့ အိမ်ခံဦးလေးကြီးက မလိဝမ်(မလိဝမ်း) ရေတံခွန်ဘက်သွားဦးမလားတဲ့။ နည်းနည်းလမ်းကြမ်းပြီး သွားရမယ်ဆိုတာနဲ့ မသွားဖြစ်ခဲ့တော့။ ကော့သောင်းကနေ ပြန်ထွက်တော့ လေယာဉ်နဲ့ပဲပြန်ခဲ့ကြတယ် ထင်တာပါပဲ ( ဒီတစ်လမ်းပဲ ကျန်တော့တာကိုး)
အပြန်ခရီးကို ကွက်မေ့နေတာ ပြန်စဉ်းစားလို့ကိုမပေါ်ဘူးးးး ယိုဒယားနယ်စပ်တွေနဲ့များ အတော်အကြောင်းပါတာ ..နောက် ပရာချွတ် ဆိုတဲ့ မြို့ ငယ်လေးလည်းကုန်းတတန် ရေတတန်နဲ့ သွားဖူးခဲ့တယ်။ ၁၉၉၉ လောက်ကဖြစ်မယ်ထင်ပါရဲ့ ။ ကြားဖူးကြသလားဟင် အဲ့နယ်စပ်မြို့ ကလေးကို ကော..။

Comments