မပိုင်တော့သော တံခါးချပ်

ဆရာ မင်းနန်(မော်ကျွန်း) စာအုပ်ထဲကပါပဲ။
=*=*=*=*=*=*=*=*=*=*=*=*=
အချိန်တွင် “အတိတ်” “ပစ္စုပ္ပန်” “အနာဂတ်” ဟူ၍ ကာလသုံးတန် ရှိပါသည်။ ထိုကာလသုံးတန် တွင် အတိတ်ဟူသည် ကုန်လွန်ခဲ့၊ ကျော်ဖြတ်ခဲ့၊ ကျန်ရစ်ခဲ့သောအချိန်ဖြစ်ပါ၏ ။ ဥပမာ - တက္ကသိုလ် ကျောင်းသားတစ်ဦး အနေဖြင့် အထက်တန်းကျောင်းသားဘဝ အလယ်တန်းကျောင်းသားဘဝတို့သည် “အတိတ်” ဖြစ်ပါသည်။ အသက်အရွယ်ကြီးရင့်လာသူများအနေဖြင့် ပျိုရွယ် ငယ်နုချိန်များသည် အတိတ် ဖြစ်ပါသည်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူသည် ဆက်စပ်နေသော ကာလသုံးတန် ဖြစ်သည်မှာ မှန်ပါ၏ ။ သို့တစေ အတိတ်ဟူသည် ကုန်ဆုံးခဲ့ပြီ ။ တကျော့တဖန် ပြန်၍ မရတော့ပြီ။ အသစ်တစ်ဖန် ပြန်မဖြစ်တော့။
အတိတ်တွင် ပြုခဲ့သမျှ၊ ပြောခဲ့သမျှ၊ ကြံခဲ့သမျှတို့၌ “မှန်” သည်တို့လည်းရှိမည်၊ “မှား” သည်တို့လည်း ရှိမည်။ ကုသိုလ်လည်း ပြုခဲ့မည်၊အကုသိုလ်တွေလည်း ပြုခဲ့မည်။ မည်သို့ပင် ဖြစ်စေ အသစ်တဖန်ပြု၍ မဖြစ်တော့ချေ။ သို့ဖြစ်၍ အတိတ်က အကြောင်းတွေကို ပြန်ပြောင်း အသစ်တစ်ဖန်ပြု၍ မဖြစ်တော့ချေ။ ပြန်လည်ပြုပြင်၍လည်း မရတော့ချေ။ သို့ဖြစ်၍ အတိတ်က အကြောင်းတွေကို ပြန်ပြောင်းအောက်မေ့လျက် တမ်းတမ်းတတလည်း လုပ်မနေသင့်။ အတိတ်ကို ပြန်ပြောင်း ငဲ့စောင်း ခံစားလွမ်းမောနေရင်း ပစ္စုပ္ပန်အချိန်တို့ကို အချည်းနှီး မကုန်ဆုံးစေသင့်။ အဟောသိကံ မဖြစ်စေသင့်။
အချို့ သူများသည် ရွှေထီးဆောင်းခဲ့သော အတိတ်ကာလကို တမ်းတရင်း လွမ်းလွမ်းဆွေးဆွေးဖြစ်လေ့ရှိ၏ ။ ငယ်နုချိန် ပျော်ရွှင်ရယ်မော တသောသောဖြစ်ခဲ့သည်များကို လွမ်းတတ်ကြ၏။ မိမိထက် စောလျင်စွာ လူ့လောက မှ ထွက်ခွာသွားသော “ငယ်ပေါင်း ရောင်းရင်း” “ဆွေမျိုးသားချင်း” များကိုလည်း မှတ်မှတ်ထင်ထင် လွမ်းလွမ်းဆွေးဆွေး သတိရလေ့ရှိတတ်ပါသည်။ ဤသည်မှာ ပုထုဇဉ်သဘာဝဖြစ်သော်လည်း ယင်းမှာ ရံဖန်ရံခါအကြောင်းတိုက်ဆိုင်မှ အတိတ်တွင် ပြန်၍ရစ်ဝဲခြင်းမျိုးသာ ဖြစ်သင့်ပါသည်။ သို့တစေ မကြာခဏ အတိတ်တွင် သာ ဝဲလည်နေရင်း အတိတ်ဝေဒနာများကိုသာ ခံစားနေရင်း ပစ္စုပ္ပန်အချိန်တွင် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို မေ့လျော့ ပျက်ကွက်တတ်ပါသည်။ “အတိတ်” ကိုအကြောင်းပြုလျက် ပစ္စုပ္ပန်တွင် ဖော်ဆောင်ရရှိမည့် အကျိုးကျေးဇူးများ လက်လွှတ်ဆုံးရှုံးရတတ်ပါသည်။ သို့ဖြစ်သောကြောင့် ပစ္စုပ္ပန်တွင် အကျိုးစီးပွားမဲ့မှုကို ဖြစ်စေသော “အတိတ်လွမ်းချင်းများ” တွင် မိမိ၏ စိတ်ကို နစ်မြုပ်မနေစေသင့်၊ အတိတ်ကို ယတိပြတ်ပင် ထားခဲ့ချန်ခဲ့ စွန့်လွှတ်ခဲ့ပါ။ အတိတ်ဟူသည် “မပိုင်တော့သောတံခါးချပ်” ကိုပြန်ဖွင့်ရန် အားထုတ်မှု မပြုပါနဲ့တော့။
စာ-၃၆ စာပိုဒ်နံပါတ် ၁၃
=*=*=*=*=*=*=*=*=*=*=*=*=
အတိတ်ကို တမ်းတ လွမ်းဆွေးတာမျိုးမဟုတ်ပေမယ့် တစ်ခုခုဆိုလွယ်လွယ် မေ့ဖျောက်မရတတ်တဲ့ ကျွန်မကို တိုက်ရိုက်ပြောနေသလိုပဲ။ စာတွေးရေးတင်ရင်း ဖတ်မိတဲ့သူတွေနည်းနည်းလေးဖြစ်ဖြစ် တွေးစရာရပါစေတော့ ဆိုပြီး တခါတလေတော့လည်း ကိုယ်တိုင် လိုက်နာဦးမှထင်ပါရဲ့  ။

Comments