လူသားနှင့် အချိန်

ကံမကောင်းတဲ့နေ့ဆိုရင် တနေကုန်ဆက်တိုက်လွဲပြီး ကံမကောင်းနေတော့တာ လို့ ငြီးတတ်တဲ့ ကျွန်မကို မေမေက သူပြန်သွားပြီးတော့ စာအုပ်တစ်အုပ် လှမ်းပို့ပေးလိုက်ပါတယ်။ “မင်းနန်(မော်ကျွန်း) - နေ့သစ်တိုင်းမှာ မင်္ဂလာ” ဆိုတဲ့ စာအုပ်ကလေးပါ။ အဲ့ထဲက စာပိုဒ်တို တစ်ခုကို ရေးမှတ်လိုက်ပါတယ်။
=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=
စင်စစ်သော် “နေ့ရက်” ဟူသည် သူချည်းသက်သက်ဆိုလျှင် အဖြူထည် မျှသာဖြစ်၏ ။နေ့ရက်၌ အရောင်အဆင်းမရှိပါ။ အနံ့ အရသာမရှိပါ။ ကုသိုလ် ၊အကုသိုလ်မရှိပါ။ ဗြာဟ္မဏဝါဒီ တို့ကသာ နေ့ရက်တို့ကို ရက်ရာဇာ၊ ပြဿဒါး၊ ဝါရမိတ္ထု၊ အမြိတ္တ ဟူ၍ ခွဲခြားနေခြင်း ဖြစ်ပါသည်။ ယင်းသို့ နေ့ရက်များကို အကောင်းအဆိုးခွဲခြားခြင်းမှာ သဘာဝလည်း မကျ ယုတ္တိလည်းမရှိ၊ အကျိုးစီးပွားနှင့်လည်း မစပ်ပါချေ။
“အချိန်”နှင့်“လူသား” တွင် အချိန်ကလူသားကို ဖန်တီးခြင်းမဟုတ်၊ လူသားကသာ အချိန်ကိုဖန်တီးသူဖြစ်၏။ ကြိုးကိုင်သူ ဖြစ်၏။ ထိုအချိန်တွင် ပြုသော လူသား၏ ကံသုံးပါးနှင့်သာဆိုင်ပါသည်။ ဆိုရလျှင် လူသားတစ်ဦး၏ အလုပ်အပြော အကြံဟူသော ကံသုံးပါးတို့ စင်ကြယ်ကောင်းမွန်နေသော နေ့ရက်သည် ထိုသူအဖို့ ရက်ကောင်းရက်မြတ်ဖြစ်၏။ မင်္ဂလာရှိသော နေ့ရက်ဖြစ်၏ ။ ကောင်းမှု ကုသိုလ် ပြုသောနေ့ရက်သည် ရက်ကောင်းရက်မြတ်ဖြစ်၏။ မင်္ဂလာရှိသော နေ့ရက်ဖြစ်၏။ ထို့အတူပင် လူသားတစ်ဦး၏ အလုပ်အပြောအကြံဟူသော ကံသုံးပါးတို့ မစင်ကြယ်သော နေ့ရက်သည် ထိုသူအဖို့ ရက်ဆိုးရက်ညံ့ဖြစ်၏ ။ မင်္ဂလာမရှိသောနေ့ရက်ဖြစ်၏။ လူသားသည် ဖန်တီးစေစားနိုင်စွမ်း ရှိသော သက်ရှိဖြစ်ပါ၏ ။အချိန်က ဖန်တီးစေစားနိုင်စွမ်းမရှိသော သက်မဲ့ဖြစ်ပါ၏။
=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=
မင်္ဂလာရှိသောနေ့သစ်များ ပိုင်ဆိုင်ကြပါစေ

Comments

Popular Posts