ကုန်ဆုံးတော့မယ့် ၂၀၀၈

၂၀၀၈ မှာဘာတွေလုပ်ခဲ့ကြသလဲ ။ မှတ်မှတ်ရရဘာမှတ်တိုင်တွေ စိုက်ထူခဲ့သလဲ။ တစ်နှစ်ထက်တစ်နှစ် အသက်ကြီးလာတာ ၊ရုပ်ဝတ္ထုပစ္စည်းတွေပဲ တိုင်းတာတာကိုမဆိုလိုပါဘူး။ စိတ်ဓာတ်ရေးရာအရ တိုးတက်လာသလား ဆုတ်ယုတ်လာသလား။
အသက်ကြောင့်ရယ် အချိန်အပိုင်းအခြား ကြောင့်ရယ် အားလုံးတော့ရင့်ကျက်လာကြမှာပါပဲ ။ မှားခဲ့တဲ့အမှားတွေရှိခဲ့မှာလည်း သေချာတယ်။ ၂ခါမှားရင် ကိုယ့်အပြစ် မလားးနော်။ ကျွန်မတော့ မှားလို့တစ်ခါနာတဲ့ အပြင် သင်ခန်းစာမယူမိရင် ၂ခါမှားတာမျိုးအဖြစ်မခံနိုင်တော့ဘူး။
သူငယ်ချင်းတစ်ယောက်နဲ့ ကံကြမ္မာက ပြန်ဆုံစေဖို့ ဖန်ခဲ့တယ်။ ကျွန်မရဲ့  ဒွိဟစိတ်ကြောင့် သူနဲ့ထပ်ဝေးသွားရပြန်ပြီ။ အခွင့်အရေးဆိုတာ တကယ်ပဲ တစ်ခါပဲ လာတာလားး။ကျွန်မ ကို သူနဲ့ထပ်ဆုံခွင့်ပေးပါဦးနော်။လုံးဝအစပျောက်သွားတဲ့သူနဲ့ ပြန်ဆုံရဦးမှာလို့ယုံကြည်ခဲ့မိတာ တလျောက်လုံး။
နောက်တစ်ယောက်က-အောင်မြင်နေတဲ့ သူငယ်ချင်းတစ်ယောက် ၊ ဒီထက်ပိုအောင်မြင်ပါစေ သူငယ်ချင်း ..နင်က တကယ်ကြိုးစားသူမို့ ဆက်လက်ကျော်ကြားဦးမှာ ငါသိနေပါတယ်။
ကိုယ်နဲ့ မျက်နှာချင်းဆိုင်ကျော်ဖြတ်သွားတဲ့ သူတွေ အများကြီး၊ ဒီအထဲကမှ ခင်မင်ဖို့၊ ခင်မင်မှုကို ဆက်လက်ထိန်းနိုင်မှု အရမ်းခက်ခဲတယ် ဆိုတာ ယုံသွားပြီ။ တချို့သူငယ်ချင်းတွေနဲ့ ကျ အတော်ရေစက်ပါတာပဲ ..။
ပြန်တွေ့ချင်တဲ့ သူတွေ ကျန်နေသေးတယ်လို့ ထပ်တောင်းဆိုရင် လောဘကြီးတယ်လို့ ပြောကြလေမလား။
အယ်ယ်..နောက်တစ်ခု အဓိကကို မေ့နေတာ.။
ဘလော့ဂ်ရေးမယ် လို့လုံးဝမရည်ရွယ်ခဲ့ဘူး။ မြန်မာလိုလည်း မရိုက်တတ်ပါဘူး ဆိုပြီး ထိုင်နေခဲ့တာ..။ နေရအောင် လုပ်ဦးမှပါဆိုပြီး မြန်မာစာကို ကြိုးစားရိုက် ဖြစ်အောင်တစ်ခုလုပ်ခဲ့တယ်။(ဒီထဲက တစ်ချို့ စာတွေက တိုက်ပင်း ကျင့်ထားတာတွေပေါ့..ဟိ)အလွယ်တကူအလုပ်လေးပါ ဆိုပေမယ့် ကျွန်မအတွက်တော့ အကြောင်းအမျိုးမျိုးနဲ့ ဖင့်လေးနေခဲ့တာကိုး။ ကျွန်မကတစ်ခုခုဆို စပြီး ဆုံးအောင်မလုပ်တဲ့အကျင့်ရှိတယ်။ ပျင်းလာတာဖြစ်ဖြစ် အကြောင်းတစ်ခုခုပေါ်လာရင် စိတ်ကုန်ပြီးတန်းလန်းထားခဲ့တာမျိုး တို့သိပ်လုပ်တာပေါ့။ အကျင့်ဆိုးတွေ ပြင်ရမှာ ထက် အကျင့်ကောင်းအသစ်တစ်ခု မွေး ရတာကမှ လွယ်ဦးမယ် ထင်ပါရဲ့ ။ ကိုယ်က အသက်ကြီးလာတာနဲ့ အမျှ ခေါင်း ထဲမှာ မှတ်ချန်နိုင်တာတွေ နည်း နည်း လာတယ်။ ပိုဆိုးတာ ကိုယ့်မှတ်ဉာဏ်က မလုပ်ချင်တာ မလိုက်နာချင်တာဆို ရေးတေးတေးပဲ မှတ်ခိုင်းလို့ရတယ်။ ရေးရင်းနဲ့မှ ပြောချင်တာတစ်ခုကို လိုရာရောက်အောင် ပြောဖို့ တကယ်ခက်တာပါလား ဆိုတာ ပိုသိလာတယ်။ ကိုယ့်ကိုယ်ကို ပြန် Observeလုပ်ဖြစ်တယ်။ အမှန်တရားဟာလည်း အတော်ခါးတယ်။ သူများဆီက ဘာမှမမျှော်လင့် တော့ဘူး။ ကိုယ်တတ်နိုင်သလောက် ကောင်းနိုင်ရင် ကိုယ့်အတွက်အကောင်းလို့ နားလည်လိုက်တော့တယ်။ အဲ့လိုမမျှော်လင့်ပဲ ပြောပေး လုပ်ပေးလိုက်လို့ ပြန်ရတဲ့ စိတ်အေးချမ်းသာမှုက ဘာနဲ့မှ မတူဘူး။ အတိတ်က မကောင်းခဲ့တဲ့ ကိုယ့်အပေါ်ရက်စက်ခဲ့တဲ့သူတွေက ကိုယ့်စိတ်အနှောင့်အယှက်ဖြစ်အောင် ဆက်မလုပ်နိုင်တော့ဘူး။ မထိခလုတ်၊မိန်းမဆန်တဲ့လုပ်ရပ်တွေကို ဘယ်လိုမှမမြင်တော့ဘူး။ သည်းခံနိုင်လွန်းလို့တော့ မဟုတ်ပါဘူး၊ တခြားထွက်ပေါက်ရှာတာ..။ တိုက်ရိုက်ပြောလာတဲ့ စကားတစ်ခွန်းကို အတည့်အတိုင်းပဲ နားလည်လိုက်တော့တယ်။ စကားနောက်ကွယ်မှာ ဘာရှိလဲမတွေးဘူး။သူ က ရက်စ် လို့ပြောရင် ရက်စ်လို့ပဲယူလိုက်တယ်။ အဲ့လိုအလေ့အကျင့်ရလာတော့ အတော်သိသာလာတယ်။ စိတ်ထဲမှာ ဘာမှမကျန်ခဲ့ဘူး။ အတော်ငြိမ်းချမ်းတာ။ ကိုယ်ဘာလဲဆိုပြီး ဆုံးဖြတ်ဆက်ဆံတာ သူများတွေအလုပ် ၊ ကိုယ့်အလုပ်က ကိုယ်ခံယူချက်အတိုင်း မှန်မှန်လုပ်သွားရင် အကောင်းဆုံးပဲ ။ ကိုယ် မှန်တယ်ထင်တာလေးတွေ အကောင်အထည် ဖော်ကြည့်နေတယ်။ တကယ်မှန်မမှန်ကတော့ ၂၀၀၉မှာ ကြည့်ရမှာပဲ။ လောကကြီး ဟာ ဘာလို့ ကိုယ်မသိတာတွေ အရမ်းများနေမှန်းကို မသိပါဘူး။ သင်စရာတွေ အများကြီး ကျန်နေသေးတယ်။ ကိုယ့်အရိုးစွဲလာတော့ အကျင့်တစ်ချို့  ကို ပြင်ရဦးဖို့ကလည်း မှာ နှစ်၂၅ကျော်ပြီဆိုတော့ အတော်ချိုးကပ်နေပြီ..အဟက်က်.။ ပြောင်းလဲဖို့ ကြိုးစားရတာ အရမ်းပင်ပန်းတယ်။ တခါတလေ ငါ ကိုယ်တိုင်ဟုတ်သေးရဲ့  လား၊ ဒါမှမဟုတ် ပိုဆိုးတဲ့လူဖြစ်သွားသလားလဲ မခွဲတတ်တော့ဘူး။ (စာ အဖတ်များပြီး ဂေါက်များသွားသလားတောင်မသိ) အရင်ကဆို ကိုယ်မှားနေတာတွေကို self-pity လေးနဲ့ခွင့်လွှတ်နေခဲ့ကြလေ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ငြီးရင်းငြူရင်း ဖေးမကြရင်း ကိုယ့်အပူတွေ တောင် ပျောက်ချင်ချင်။ သြော်..ဒါတောင် သူများတွေလိုကိုယ်ကျိုးစွန့် ကူညီတာမဟုတ်သေးဘူး။ အဲ့ဒါကြောင့်ပြောကြတာနေမယ်..ပျော်ရွှင်မှုဆိုတာ မိမိကိုယ်တိုင်ရဲ့  ပျော်ရွှင်မှုနဲ့ တိုင်းတာတာမဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုယ့်ကြောင့်ဘယ်လောက် စိတ်ချမ်းသာစေသလဲ နဲ့ တိုင်းတယ် ဆိုတာလေ..။ ဒီလိုပြောလို့ အတော်လူ့ပတ်ဝန်းကျင်ကို အကျိုးပြုနေတဲ့သူတော့ မဟုတ်ပါဘူး။ အနည်းဆုံး လူတစ်ယောက် ကို ပြုံးပြရင် အားရပါးရ စိတ်ရှင်းရှင်းလေးနဲ့ ပြုံးပြလိုက်တာမျိုးလေးကတော့ ကျွန်မလုပ်နိုင်ပါသေးရဲ့  မလား။ ၂၀၀၉ အကုန်ကျ ကိုယ်လုပ်ခဲ့တာတွေ ရဲ့  အကျိုးဆက်ကို ဆက်ကြည့်ရဦးတော့မယ်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ။ နှစ်ကူးမှာ မိသားစုနဲ့ အတူစိတ်လွတ်ကိုယ်လွတ် ပျော်နိုင်ကြပါစေ။ လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။

Comments