သတ်ပုံပြိုင်ပွဲ

ရေးချင်တာတွေ ရေးလို့ နှိပ်စက်ပြီးတဲ့နောက်မှာ (ဦး)ဖေမြင့် ရဲ့  နှလုံးသာအဟာရ ထဲက စာလေးတစ်ပိုဒ် ကို ဝေမျှလိုက်ပါတယ်။
=+=+=+=+=+=+=+=+=+=+=
ဝါရှင်တန်တွင် နိုင်ငံလုံးဆိုင်ရာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ စတုတ္ထပွဲစဉ် ကျင်းပသည့်အခါ တောင်ကာရိုလိုင်းနားပြည်နယ်မှ လက်ရွေးစင်တစ်ဦးဖြစ်သူ ရိုဇလီအဲလီယတ် အား avowal (ဝန်ခံခြင်း၊ အတိအလင်းဖွင့်ဟပြောဆိုခြင်း) ဆိုသည့် စကားလုံး စာလုံးပေါင်းခိုင်းသည်။ ရိုဇလီ တောင်ပိုင်းသံဝဲဝဲ နှင့် ပြောလိုက်သည့် စာလုံးပေါင်းကို ဒိုင်လူကြီးတွေ မသဲကွဲကြ။ l ရှေ့ က စာလုံးကို a နှင့်ပေါင်းသွားသလား ၊e နှင့်ပေါင်းသွားသလား မဝေခွဲနိုင်ကြ။ အသံဖမ်းတိပ်ခွေကို ပြန်ဖွင့်ပြီး အကြိမ်ကြိမ်နားထောင်သည်။ မိနစ်အတော်ကြာသည့်တိုင် ဘယ်လိုမှ ဆုံးဖြတ်လို့မရနိုင်။
နောက်ဆုံး၌ ဒိုင်ချုပ်ဖြစ်သူ ဂျွန်လွိုက်က သည်ကိစ္စ နှင့် ပတ်သက်၍ အမှန်ကို သိနိုင်သည့် တစ်ဦးတည်းသော ပု၈္ဂိုလ် ဖြစ်သူ ရိုဇလီထံမှပင် အဖြေတောင်းရတော့သည်။ “ l ရှေ့ က စာလုံးကို a လို့ ပြောလိုက်သလား e လို့ ပြောလိုက်သလား” ဟု သူကမေးသည်။
ရိုဇလီမှာ သူမအနီးတွင် ပြိုင်ပွဲဝင် စာလုံးပေါင်းသမားလေးများ ဝိုင်းရံနေသည်ဖြစ်ရာ အဲ့သည်လောက် ကြာသွားပြီးသည့်အချိန်မှာတော့ တီးတိုးစကားသံများကြောင့် စာလုံးပေါင်းသတ်ပုံအမှန်ကို သိနေပြီဖြစ်သည်။ သူကမဆိုင်းမတွပင် နေရာမှထလာပြီး သူစာလုံးပေါင်းမှားသွားကြောင်း၊ e ဟု ပြောလိုက်မိကြောင်း အနှောင့်အယှက်ကင်းစွာ ဖြေလိုက်သည်။
ရိုဇလီ စင်ပေါ် ဆင်းလာသည့်အခါ ၌ အဲ့သည်နေ့က ပြိုင်ပွဲသတင်း လာယူသည့် သတင်းထောက် တစ်ဒါဇင်အခန့် အပါအဝင် ပရိတ်သတ်အားလုံးပင် သူမ၏ ရိုးဖြောင့်တည်ကြည်မှုကို လေးစားနှစ်သက်သည့် သဘောဖြင့် မပ်တတ်ရပ်ကာ လက်ခုပ်သြဘာပေးကြလေသည်။
အဲသည်နေ့က ပွဲတွင် ရိုဇလီ ဗိုလ်မစွဲခဲ့ပါ။ သို့သော် အောင်နိုင်သူတစ်ဦး ဖြစ်ခဲ့သည်ကား အမှန်ပင်။
[မူရင်း။ ။ God' little Devotional Book for Students မှ Spelling bee]
=+=+=+=+=+=+=+=+=+=+=

Moral of the Story

လိမ်လည်ပြီး အောင်မြင်ခြင်းထက် သိက္ခာရှိရှိ ရှုံးနိမ့်ရခြင်းက သာ၍မြတ်၏ ။ [ဆောဖောကလိ(စ)]

=*=*=*=*=*=
Vocab ကို သွားကြည့်တဲ့အခါမှာတော့ ဒီလိုရှင်းပြထားပါတယ်။
noun
open acknowledgment or declaration
avowal Usage Examples -
Preposition: of
innocence: He never rebukes Job for swearing his avowal of innocence.
Adjective modifier
open: But yet there was evidence of innocence in his open avowal of admiration
သာမာန်အခြေအနေတိုင်းမှာ တော့ လူတိုင်းဟာ လိမ်လည်ဖို့ကို ရွေးချယ်ချင်မှ ချယ်ပါလိမ့်မယ်။ သင့်ရဲ့  စီးပွားရေး ကြီးပွားရေးကို အကြီးအကျယ် ထိခိုက်မယ့် ကိစ္စ ဆိုရင်ကော လိမ်လည်လိုက်မလား၊ အမှန်ကိုရွေးပြီး ရှုံးနိမ့်သွားမှာကို လက်သင့်ခံလိုက်မလား။ သင့်ရဲ့ ရွေးချယ်မှုပါပဲ။ ကျွန်မအနေနဲ့တော့ ကိုယ့်လိပ်ပြာကိုယ်မလုံ အရိပ်တစ္ဆေဖြစ်နေမယ့် အဖြစ်မျိုးကို ပိုကြောက်ပါတယ်။ သေမယ့်အရေးကလွဲလို့ပေါ့။ Self-pity နဲ့ကိုယ့်ကိုယ်ကိုယ်ကို ထပ်လိမ်ပြီး လိပ်ပြာလုံနေနိုင်ရင်တော့ တစ်မျိုးပေါ့လေ။ တစ်ဦးချင်းဆီ အပေါ်လည်း မူတည်ပါသေးတယ်။

Comments