ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပဲ

၂၀၀၈ မတ်လ က ထွက်တဲ့ ဆရာတော့်စာအုပ်ကလေး ထဲကပါ။
=#=#=#=#=#=#=#=#=
စိတ်ချမ်းသာနေရင် ကိုယ်ဖြစ်ချင်တာ ဖြစ်လာဖို့ အလားအလာ ပိုများပါတယ်။ စိတ်ဆင်းရဲနေလေလေ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ အလားအလာနည်းသွားလေလေပဲ။ တစ်သက်လုံး စိတ်ဆင်းရဲခံပြီး လုပ်သင့်တဲ့ကိစ္စ မရှိပါဘူး။ ဘဝဆိုတာ စိတ်ချမ်းချမ်းသာသာနေရမှ နေရကျိုးနပ်ပါတယ်။
ကိုယ့်စိတ်ကိုပဲ ကိုယ်ပြင်နိုင်တယ်။ ပြင်ပကိစ္စတွေဟာ ပြင်လို့ရတာရှိမယ်၊ မရတာလည်း ရှိမယ်။ ကိုယ့်ဘဝမှာ တွေ့သမျှလူတွေကို ကိုယ့်အလိုကျဖြစ်အောင် မလုပ်နိုင်ပါဘူး။ တွေ့ရတဲ့ အခြေအနေအားလုံးကို ကိုယ်လိုသလိုဖြစ်အောင် မလုပ်နိုင်ပါဘူး။ ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပါပဲ။ ဒါကြောင့် အရင်ဆုံးစိတ်ကိုပြင်ပါ။ လောကဓံနဲ့ တွေ့တဲ့အခါ မတုန်လှုပ် မချောက်ခြားပဲ နေနိုင်ရင် နေပျော်ပြီ။
အခု ခဏလေး စိတ်ချမ်းသာအောင်နေပါ။ နောက်တစ်ခဏမှာလည်း စိတ်ချမ်းသာအောင် နေပါ။ စိတ်ချမ်းသာအောင်နေတာကို လေ့ကျင့်ပါ။ တစ်ခုခုလုပ်စရာရှိလာရင် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရင် အကောင်းဆုံးကို ရမယ်။ စိတ်ချမ်းချမ်း သာသာနဲ့ ပြောပါ။ စိတ်ချမ်းချမ်းသာသာနဲ့ ပြောရင် အကောင်းဆုံးကို ပြောနိုင်မယ်။ စိတ်ချမ်းသာအောင် နေတာဟာ လူတွေကို အကောင်းဆုံးနည်းနဲ့ အကျိုးပြုတာပါပဲ။
အကောင်းဆုံးမိတ်ဆွေ
ကိုယ့်ကိုယ်ကိုယ်ကို အကောင်းဆုံးမိတ်ဆွေဖြစ်အောင် လုပ်ရမယ်။ ကိုယ့်စိတ်ကိုကိုယ် ချမ်းသာအောင် ထားနိုင်ရင် မိတ်ဆွေဖြစ်ပြီး တစ်သက်လုံးကိုယ်နဲ့ အတူနေမယ့်သူဟာ ကိုယ့်စိတ်ပဲ။ ဒါကြောင့် တစ်ယောက်ထဲ တည့်အောင် နေမှဖြစ်မယ်နော်။ဒါမှ တစ်သက်လုံးစိတ်ချမ်းသာမယ်။
ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေနိုင်မှ သူများနဲ့တွေ့တဲ့အခါ အဆင်ပြေအောင်နေနိုင်မယ်။ တစ်ယောက်ထဲတောင် တည့်အောင်မနေနိုင်ရင် သူများနဲ့တည့်အောင် ဘယ်လိုနေနိုင်မလဲ။ အများနဲ့ အဆင်မပြေတဲ့သူတွေကို သတိထားကြည့်ပါ။ သူတို့ဟာ တစ်ကိုယ်တည်း စိတ်ချမ်းသာအောင် မနေတတ်သေးတဲ့သူတွေ ဆိုတာတွေ့ရမယ်။
ဒီနေ့ ဘာပဲဖြစ်လာဖြစ်လာ
ဒီနေ့အားလုံး ကိုယ်မျှော်လင့်သလို ဖြစ်မယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီနေ့ဘာပဲ ဖြစ်လာဖြစ်လာ အကောင်းဆုံးဖြစ်အောင် လုပ်ပြီး စိတ်ချမ်းသာအောင်နေမယ် လို့ပြောချင်ရင် ရတယ်။
ကိုယ့်အပေါ်မှာပဲ မူတည်တယ်
လူတွေကို သဘောထားမှန်မှန်နဲ့ ဆက်ဆံနိုင်ရင် လောကကြီးကို အမြင်မှန်ရင် စိတ်ချမ်းသာမယ်။ နှစ်ခုလုံးဟာ ကိုယ့်အပေါ်မှာပဲ မူတည်တယ်လို့ ဆိုရာရောက်တယ်။
သတိထားပါ၊ လေ့ကျင့်ပါ။
အဆိုးတစ်ခုတွေးလိုက်တဲ့အခါမှာ ကိုယ့်မှတ်ဉာဏ်က သဘောချင်းတူတဲ့ နောက်ထပ်အဆိုးတွေကိုပါ ပြန်ဖော်ပေးတယ်။ အကောင်းတစ်ခုကို တွေးလိုက်တဲ့အခါမှာ နောက်ထပ်အကောင်းတွေကို ပြန်ဖော်ပေးတယ်။ အဆိုးကို များများတွေးလေ အဆိုးတွေက ပွားလေပဲ။ အကောင်းကို များများတွေးလေလေး အကောင်းတွေက ပွားလေပဲ။ ဘယ်ဟာ တွက်ခြေကိုက်သလဲ။ အဆိုးတစ်ခုကို တွေးမိရင် အကောင်းတစ်ခုကို အမြန်ဆုံးတွေးမိအောင် သတိထားပါ။ လေ့ကျင့်ပါ။
=#=#=#=#=#=#=#=#=
စိတ်ချမ်းသာဖို့ လိုရင်းပါ -စာ ၁၀၆

Comments