ကျွန်မကြည့်ခဲ့ဖူးတဲ့ အိုင်စီပွဲတစ်ခု

အိုင်စီပွဲတွေ အနယ်နယ်အရပ်ရပ်မှာ လုပ်နေတော့ ငယ်တုန်းက ကြည့်ဖူးတဲ့ ပထမဆုံးပွဲလေးကိုပဲ အမှတ်ရမိတယ်။ ငယ်ငယ်ကအိမ်က စတိတ်ရှိုး ဇာတ်ပွဲ ဘုရားပွဲ ဘာမှ သိပ်ကြည့်ခွင့်မပေးဘူး။ ကျောင်းပိတ်ရက် ကာတွန်းငှားတာတောင်တစ်ရက် ၂အုပ်ပဲ ငှားခွင့်ပေးတာပါဆို။ တစ်ခုခုဆိုလည်း အဖေ အမေ ကပါလိုက်ပျော်ပေးတာမျိုးမှ ပဲ ပျော်ကြရတာ။ အဲ့တုန်းက အဖေတာဝန်ကျတဲ့ ချစ်စရာနယ်မြို့ လေးကို အိုင်စီရှိုးလာတယ်ပေါ့လေ။အဲ့တုန်းက နာမည်ကြီးတဲ့ တခြားရှိုးတွေလည်း ရှိပါတယ်။ မကြည့်ရလို့မမှတ်မိတော့ပါဘူး။ (အစ်မတွေက ကွန်ဖန်းပေးတယ်..။အဲ့ ပွဲက အိုင်စီရဲ့  ပထမဆုံးပွဲပါတဲ့..၁၉၉၁ လောက်ကပေါ့)။
အဲ့တုန်းက (ဦး)စောဘွဲ့မှုးကြီး စတင်ခေတ်စားချိန်၊ ကိုစိုးသူ လျှမ်းလျှမ်းတောက်နေချိန်ပေါ့။ပွဲစကာစမှာ (ကို)ညီညီ ၊ ထွဏ်းထွဏ်း (အဲ့ထွဏ်းထွဏ်းဟာ ၂၅မိနစ် ထွဏ်းထွဏ်းလားတော့မမှတ်မိ) စတာတွေ ဆိုကြတယ်။ ညီညီ ကို အဲ့တုန်းက ၂၄နာရီ သီချင်းလေးနဲ့ စကြိုက်ခဲ့တယ်။နားခမ်းထော်လန်လေးနဲ့ အစ်ကိုကြီးပိစိလေး ဆိုပြီးတော့။ကျွန်မမှတ်မိသလောက်ကိုကို ရဲ့  ညီလို့ ထင်ပါတယ်။ သူလည်း ဆရာဝန်လောင်းလိုပဲသေချာမသိတော့ဘူး၊ (ဦး)ကိုကို နဲ့ ရောနေတာလားတော့ သတိမရတော့။(အခုကျ အဲ့အစ်ကိုကြီးတွေဟာ ဦးတပ်ခေါ်ရမယ့်အရွယ်လောက်ရှိပြီပေါ့လေနော်)ဦးစောဘွဲ့မှူးက ဝတော့ အကြာကြီးမရပ်နိုင်ရှာဘူး ခုံလေးနဲ့ ထိုင်တီးတတ်တယ်။ သူ့ဘေးမှာ ဦးဘွဲ့ ရဲ့  လက်ထောက်လိုလိုကောင်လေး (အစ်ကိုလေးအရွယ်ပေါ့လေ) တစ်ယောက်ပါတယ်။ အဖွဲ့သားတွေ ကို တစ်ယောက်ချင်းစီ ကိုစိုးသူက မိတ်ဆက်ပေး လက်စွမ်းပြကြတယ်ပေါ့လေ။ ဦးဘွဲ့  က အဲ့အစ်ကိုလေးကို ၁၅နှစ်သားလောက်ကတည်းက ဂစ်တာတီးတာပါဆိုပြီး ထပ်မိတ်ဆက်ပေးတယ်။ ကျွန်မတောင် သြော် ငါ့ထက် ၆နှစ်လောက်ပဲ ကြီးတာပါလားလို့ အမှတ်ရနေသေးတယ်။ အသက်က တော့ အဲ့အချိန်မှာ အဲ့အစ်ကိုလေးက ၁၈လောက်ရှိပြီ ထင်ပါရဲ့  (အမှတ်မှားနိုင်ပါတယ်) ဆံပင်ရှည်နဲ့ ခေါင်းငုံ့ပြီးအေးဆေးတီးနေတာပဲ။ သြော် ..လက်နဲ့ စန္ဒယားအော်ဂင်တီးသလို တီးပြပါမယ်ဆိုပြီး မိတ်ဆက်တီးပြခဲ့ဖူးတယ်။ အဲ့ဒီကတည်းက၊ တချို့  သီချင်းတွေဆို ဦးဘွဲ့ မတီးပဲ ထိုင်နေတတ်တယ်။( ဦးဘွဲ့နဲ့ သူတီးတဲ့ ဂစ်တာ အမျိုးအစားကအတူတူလားတော့ ကျွန်မနားမလည်ပါဘူး)ကျွန်မထိုင်နေတဲ့ နေရာကကြည့်ရင် မြင်ရတာ ကတော့ မတ်တပ်ရပ်နဲ့ ကီးဘုတ်တီးနေတဲ့ အစ်ကိုကြီးပဲ ။အချိန်တိုင်းလိုလိုမတ်တပ်ရပ်တီးနေလို့ မညောင်းဘူးလားမသိ ဆိုပြီး စဉ်းစားမိတယ်။ အေးလေ သူထိုင်ချင်ရင်တောင် မလွယ်ဘူး ကီးဘုတ်တီးရတာကမလွယ်ပဲပေါ့ ။ ဒရမ်တီးတဲ့ (ဦး)ခရမ်းကို တော့ နာမည်ဆန်းလို့ မှတ်မိခဲ့တယ်။
ကလေးပီပီ အရင်ဆုံးစိတ်ဝင်စားတာတော့ ဦးဘွဲ့ပဲ။ ဘယ်အဆိုတော်ဆိုဆို ဦးဘွဲ့ ရေဗူးလေး ခုံဘေးချထားပြီး ရေသောက်တာကအစ လှမ်းလှမ်းကြည့်နေတာပဲ။ သူက သားရေဝတ်စုံ အနက်ရောင်ဝမ်းဆက်ဝတ်ထားပြီး အဲ့ဝတ်စုံပေါ်မှာ ချိန်းကြိုးတွေ ပတ်ထားတယ်။(အခုခေတ်ကလေးတွေ ပန့်စတိုင်လ် လိုမျိုးပေါ့လေ။) ဝလို့ ထိုင်ချင်ရင် ပရိတ်သတ်ကို ခွင့်တောင်းပြီး ထိုင်တီးရရှာတာ။ နားချိန်ရောက်လို့ စင်နောက်ထဲသွားတော့“သမီး မိတ်ဆက်ချင်တဲ့ အဆိုတော်ဆီသွား”လို့ခွင့်ရတော့ အဲ့အရွယ်တုန်းကတည်းက အလွန်ကြိုက်တဲ့ မဟေမာ ၊မမေဆွိ တို့ထိုင်နေတာကို ကျော်ပြီး ဦးဘွဲ့ဆီ အရင်သွား အော်တိုထိုးခိုင်းပြီး ဓာတ်ပုံတွဲရိုက်ခဲ့တယ်။ သူ့အင်္ကျီကိုသဘောကျလို့ မေးတော့သူက သူ့ဆိုဒ်မရှိလို့ အော်ဒါမှာချုပ်ရတာတဲ့။ သူကဝတော့ ဆီးချိုသွေးချိုလိုမျိုးရှိတော့ အစားသောက်ဆင်ခြင်ရတယ်။ဆရာဝန်လောင်းဖြစ်တဲ့ ကိုစိုးသူကို အမြဲမေးတယ်တဲ့။ သူ က သေမှာ ကြောက်တယ်၊ ဆေးသောက်ရမှာလည်း အရမ်းကြောက်တာတဲ့။စင်ပေါ်ထိုင်တဲ့ ထိုင်ခုံ ဆိုလည်း သေချာ ခိုင်ခိုင်ခံ့ခံ့မှတဲ့။ တစ်ခါ စင်ပေါ်မှာ ထိုင်ရင်းခုံကျိုးကျဖူးတယ်ဆိုလား။ဝတော့ တစ်ခုခုဖြစ်ရင် ပြန်Recover ဖြစ်ဖို့မလွယ်ဘူးပေါ့လေ။သူ က လူက အကြီးကြီးဖြစ်တဲ့ အပြင် ဆံရှည် မုတ်ဆိတ်မွှေးတွေနဲ့ ဆိုတော့ ကျွန်မမျက်စိထဲမှာ အတော်ဆန်းနေတယ် ။မျက်နှာကတော့ ချိုနေပြီး အရမ်းသဘောကောင်းတာပါပဲ။ စိတ်ကောင်းရှိတဲ့ ပုံလည်းပေါ်နေတယ်။ ကလေးလည်း ချစ်တတ်တယ်။ သူ့ကိုစိတ်ဝင်စားနေတာ.. ပြီးလည်းပြီးရော မဟေမာတို့တောင် ဘယ်ရောက်သွားမှန်းမသိလိုက်ရဘူးးး ဟားးဟားးးကျွန်မကလည်း ငယ်ငယ်ကတည်းက အဲ့လိုကန့်လန့်..။တွဲရိုက်လိုက်တဲ့ ဓာတ်ပုံထဲမှာတောင် သူ့ကို မော်ကြည့်နေခဲ့သေးတာလေ။
အဲ့ကတည်းက စတိတ်ရှိုး ကိုပိုးဝင်သွားတော့တယ်။ (အဲ့တုန်းက concert လို့ခေါ်ရကောင်းမှန်းမသိပါဘူး) ပိုးဝင်သွားလို့ ပွဲတွေဆက်တိုက်ကြည့်ဖြစ်တော့တယ် မထင်ပါနဲ့ ၊အိမ်က ခွင့်မပြုပါဘူး။ ကျောင်းသား၊ ကျောင်းစာလုပ် အပျော်အတွက် လိုအပ်ရင် အဖေအမေကိုယ်တိုင်လိုက်ပျော်ပေးတဲ့ အိမ်မျိုးမို့ပါ။ နောက်ပိုင်း ပွဲတစ်ချို့ ကို ကြည့်ခဲ့ဖူးတယ်။လက်ချိုးရေလို့ရပါတယ်။ ရန်ကုန်မှာ အမြဲနေတဲ့ သူမဟုတ်လို့ ကြည့်ဖို့အခွင့်အရေးလည်းမရှိပါဘူး။

မနှစ်ကတော့ ၁၃နှစ်လောက် အဆက်ပြတ်ခဲ့ရတဲ့ အိုင်စီရှိုးကြည့်ဖြစ်ခဲ့တယ်။ တက်ကြွစွာနဲ့ ဒုတိယတန်းကနေ ကြည့်ခဲ့တာ။(ဒါတောင်ရှေ့ ဆုံးတန်းအတွက် လက်မှတ်မရောင်းလို့ ;) ) ။ကိုယ်က ရှေ့ မှာလှုပ်တုပ်လှုပ်တုပ် ရှိတာမျိုးနဲ့ အာရုံနှောက်တောင် မခံနိုင်အောင် ရူးသွပ်လို့တော်ရုံဆို ရှေ့ ဆုံးတန်းလက်မှတ်ဖိုးမတတ်နိုင်ရင် မကြည့်ဖြစ်ပါဘူး။ဒီတစ်ခါ ကြည့်ရတဲ့ နေရာက လည်း ကိုဗညားနိုင် ဘက်ပိုင်းကပဲ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။ အခုချိန်မှာတော့ သူလည်း ၁၃နှစ်လောက်တီးလိုက်ရလို့ ညောင်းသွားပြီး ထိုင်တီးရင်းအစွမ်းပြနေတော့တယ်။ :D(ဟိုးတုန်းကလည်း ထိုင်ရင်ထိုင်မှာပေါ့ ကလေးမျက်စိ ဆိုတော့ မှတ်ချင်ရာမှတ်တာကိုး) ဟိုးအရင်က အစ်ကိုလေး သေးသေးလေးကလည်း ဂစ်တာဆရာကြီး ကိုချစ်စမ်းမောင် ဖြစ်လို့ပေါ့။အရင်းချုပ်တော့ ပရိတ်သတ်ကျွန်မသာ ပရိတ်သတ်ပမွှားလေးအဖြစ်ပဲ ရှိနေသေးတာပါပဲ..။ ဒီနှစ်တော့ မကြည့်နိုင်တော့ဘူးရှင်...။မြန်မာနိုင်ငံပြန်မှပဲ တစ်ဝကြီးကြည့်တော့မယ်။ သူများတွေ ရှဲ လုပ်ကြမယ့် သတင်းတွေကို ထိုင်စောင့်ကြည့်ရင်း ပျော်တော့မယ်လေနော်။ :d

Comments