ကိုယ်ကျိုးမျှော်တဲ့ ကုသိုလ်

(ယဉ်ကျေးမှုဆိုတာ မှ အဆက်)
ဥပမာအနေနဲ့ တပည့်လေးတစ်ယောက်အကြောင်း ပြောပြမယ်။ အခုသီတင်းကျွတ်လပြည့် နောက်ပိုင်းမှာဆိုရင် ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေဟာ ကိုယ့်မိဘ ဆရာတွေကို ကန်တော့ကြတယ်။ အဲဒီတပည့်လေးဟာလည်း သူ့သူငယ်ချင်းရဲ့  အဖွားကို သွားကန်တော့ မလို့။ သူ့အဘွားအရင်းမဟုတ်ပါဘူး၊သူ့အဘွားကို သူ ကန်တော့ပြီးပါပြီ။ သူငယ်ချင်းရဲ့ အဖွားကို သွားကန်တော့ဖို့ ဆိုပြီးတော့ ဈေးသွားပြီး ပန်းသီးလှလှ ကောင်းကောင်း သွားဝယ်တယ်။ ဝယ်ရင်းနဲ့ သူကစဉ်းစားတယ်။ “သီတင်းကျွတ်ဆိုတော့ လူကြီး မိဘဆရာသမားကန်တော့ရတဲ့ အချိန်ကာလဖြစ်နေတယ်။ ငါလည်း ဒီပန်းသီးလှလှလေးတွေ ဝယ်ပြီးအဖွားကို သွားကန်တော့မယ်။”
ဒီအဘွားဟာ သူငယ်ချင်းရဲ့  အဘွား၊နဂိုကတည်းကလည်း ရင်းနှီးတယ် သူ့အပေါ်မှာလည်း မြေးလိုပဲ မေတ္တာ ဂရုဏာထားတယ်။ ပြီးတော့ ဒီအဘွားနဲ့ ကလည်း စီးပွားရေးအရ ဆက်ဆံမှုကလည်းရှိတယ်။ အရောင်းအဝယ် ကိစ္စလေးတစ်ခုနဲ့ ဆက်ဆံနေရတယ်။ ဒီတော့ သူက ဒီပန်းသီးလေး ဝယ်ရင်းစဉ်းစားနေတာ။ ဒီပန်းသီးလေးနဲ့ ငါကန်တော့ရင် အင်မတန်သိတတ်တဲ့ကလေးပါလား ဆိုပြီးတော့ ကျေနပ်သွားမယ်။ ငါ့အပေါ်မှာလည်းပဲ ပိုပြီးတော့ တန်ဖိုးထားမယ် ။ သိတတ်တဲ့ကလေး လိမ္မာတဲ့ကလေးဆိုပြီးတော့ ငါ့ကိုပိုပြီးတော့ အသိအမှတ်ပြုမယ်၊ နေရာပေးမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောရဆိုရတဲ့ အခါမှာလည်း ပိုပြီးအဆင်ပြေမယ်လို့ မျှော်လင့်တယ်၊တွေးမိတယ်။
ဒါဟာ ထူးဆန်းသလားဆိုတော့ မထူးဆန်းပါဘူး။ သူသူ ကိုယ်ကိုယ်ဘယ်သူဖြစ်ဖြစ် တစ်ယောက်ယောက်ကို သွားကန်တော့ရင် ငါဒီလိုလေးသွားကန်တော့လိုက်ရင်တော့ ငါ့ကိုအကောင်းမြင်တော့မှာပဲ၊ ငါ့ကိုသိတတ်တယ် လိမ္မာတယ် ယဉ်ကျေးမှုရှိတယ် အဲဒီလို impression ကောင်းကောင်းရမယ်ဆိုတာမျိုးကိုတော့ နဲနဲတော့ မျှော်လင့်မိတာပဲ။ စိတ်ဆိုတာ အလိုလိုဖြစ်နေတာပဲ ။တမင်တကာ လုပ်ယူရတာမဟုတ်ပါဘူး ။
သို့သော်သူက အဲသလို ပန်းသီးဝယ်ရင်းနဲ့ သူ့စိတ်ကို ကြည့်နေတော့ သိနေတယ်။ ကိုယ်ကျိုးကိုမျှော်ပြီး ကန်တော့မလို့ ရည်ရွယ်နေတယ်ဆိုတာကို သူမြင်နေတယ်။ မြင်နေလို့ ဒီစိတ်မျိုးဖြစ်နေတာ ကို သူမကြိုက်တော့ဘူး။ ဒီလိုစိတ်ထားမျိုးဖြစ်နေတာကို နဲနဲရှက်သလိုဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ။ ကန်တော့တာမှာ ကိုယ့်ဖို့မျှော်လင့်ချက်တွေပါနေတယ်။ ဒါဟာအင်မတန်ဆိုးဝါးတဲ့ ကိစ္စလားဆိုတော့ သိပ်ပြီးဆိုးဝါးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပါ။ ဒီလိုဖြစ်လို့ သူ့ကိုအပြစ်တင်လို့ မရဘူး။
သူ့စိတ်ကိုသူကြည့်တော့ “ငါ ပန်းသီးလေးနဲ့ သွားကန်တော့မယ့် ကိစ္စမှာ ငါ့ကိုယ်ကျိုးအတွက် မျှော်လင့်နေတာတွေ အများကြီးပါနေတယ်” အဲ့ဒီလို စိတ်ကို မြင်လိုက်ရတော့ မကြိုက်တော့ဘူး။
သတိပါတဲ့စိတ်နဲ့ ကိုယ့်စိတ်ကို ပြန်ကြည့်တဲ့အခါ စိတ်ထဲမှာ ဒီလိုမျှော်လင့်ချက်လေးတွေ၊ ဒီလိုအတွေးလေးတွေ ဖြစ်နေတာကို သိလိုက်တဲ့ သတိပါတဲ့ စိတ်ထဲမှာ ပညာလည်းပါတယ်။ မသင့်တော်ဘူး ဆိုတောမြင်နေတယ်၊ရှင်းနေတယ်နော်။
မသင့်တော်တာကြီးမို့လို့ မသန့်ရှင်းဘူးဆိုတာကို မြင်နေလို့ ၊မစင်ကြယ်ဘူးလို့ မြင်နေလို့ နဲနဲတော့ ရှက်သွားတယ်။ ကုသိုလ်စိတ်မှာ ဟီရိပါတယ်။ အကုသိုလ် ကို ရှက်တဲ့ သဘော၊ မသန့်ရှင်းတာကို ရှက်တဲ့သဘော။ လူကို ရှက်တာမဟုတ်ဘူးနော်။ အကုသိုလ် ကို ရှက်တဲ့သဘော၊ Quality နိမ့်ကျတဲ့ စိတ်ကို ရှက်တဲ့သဘောဖြစ်တယ်။
သူ့စိတ်ကိုသူ အဲ့သလို ကြည့်တော့ဒီစိတ်ကို မကြိုက်တာနဲ့ ပဲ ဆက်ပြီးကြည့်တော့ ဒီစိတ်က ပျောက်သွားတယ်။ ပျောက်သွားတော့ သူ့စိတ်က ဘယ်လိုပြောင်းသွားသလဲ ဆိုတော့ ဒီအဘွားဟာ သူ့အပေါ်မှာ ရှေးကတည်းက မေတ္တာ ကရုဏာ ရှိခဲ့တဲ့သူဖြစ်တယ်။ သူနဲ့ အကြောင်းကိစ္စရှိလို့ ပြောရဆိုရတဲ့ အခါမှာ အဆင်ပြေခဲ့ဖူးတယ်။ အရင်တုန်းကလည်းပဲ သူ့ကိုကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံတယ်။အဲ့တော့ အဲဒီ မေတ္တာ ကရုဏာ ကို သူ ပြန်အာရုံပြုမိတယ်။ အဘွားဟာ လူကြီးပီသတယ်။ အကျင့်သီလရှိတယ် ။စိတ်ထားမြင့်မြတ်တယ်။ အဲဒီအဘွားရဲ့  ကောင်းမွန်တဲ့ ဂုဏ်ထူး quality တွေကို သူ့စိတ်က အာရုံပြုမိတဲ့အခါကျတော့ ဒီအဘွားကို အဲဒါကြောင့်နဲ့ ကိုပဲ ကန်တော့ထိုက်တယ် ၊ ရှိခိုးထိုက်တယ်။ အဲ့သလိုနဲ့ သူ့စိတ်တွေပြောင်းသွားတဲ့ အခါကျ သူ့စိတ်ကိုသူ ကြည့်လိုက်တော့ သူ့စိတ်ကလေးက မြင့်တက်လာတယ် လို့ သူခံစားရတယ်။ စောစောတုန်းက အောက်ရောက်နေတဲ့ စိတ်ဟာ တဖြည်းဖြည်းနဲ့ တက်လာတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။
အဲဒီ အချိန်ကျမှပဲ ပန်းသီးလေးယူသွားပြီးတော့ အဘွားကို သေသေချာချာသွားကန်တော့တယ်။ စိတ်ပါလက်ပါပဲ ၊ တကယ့်ကို ကျေးဇူတင်တဲ့စိတ် ၊ချစ်တဲ့စိတ်၊ ရိုသေလေးစားတဲ့စိတ်နဲ့ သွားကန်တော့လိုက်တယ်။ အဲသလို ကန်တော့ချိန်မှာ စိတ်ကအေးနေတယ် ။အေးချမ်းသွားတယ်။ စောစောတုန်းက ကိုယ်ကျိုးမျှော်နဲ့ စိတ်နဲ့ သွားကန်တော့ ရင် ဒီအေးချမ်းမှုကို ရမှာမဟုတ်ဘူး။စောစောတုန်းက ဖြစ်နေတဲ့ စိတ်က အေးချမ်းမှုကို ပေးတဲ့စိတ်မျိုးမဟုတ်ဘူး။ ကိုယ့်အတွက် မျှော်လင့်ချက်ပါနေတဲ့ စိတ်နော်။
အဲဒီတော့ ကိုယ့်စိတ်ကိုကိုယ် သိလိုက်တဲ့ အခါမှာ ပထမစိတ်က နိမ့်ကျတဲ့ စိတ်ဖြစ်နေတယ် ။ Level of being နိမ့်နေတယ်။ နောက်တော့ အသိဉာဏ်နဲ့ ကြည့်ပြီး သိသွားတဲ့အချိန်မှာ နိမ့်နေတဲ့ စိတ်က ပျောက်သွားပြီးတော့ မြင့်တဲ့စိတ်က တဖြည်းဖြည်းဖြစ်လာတယ်။Level of being မြင့်လာတယ်နော်။Level of being မြင့်လာတဲ့ အချိန်မှာ သူ့ရဲ့  အသိဉာဏ်ပြောင်းသွားပြီ ။ ပိုပြီးတော့လည်း အေးချမ်းလာပြီ၊ ပိုပြီးတော့မြင့်မြတ်လာပြီ။ ဒါဟာ သဘာဝတရားပဲနော်။
ဘယ်သူဖြစ်ဖြစ် သူသူကိုယ်ကိုယ် ကိုယ့်စိတ်ကိုကြည့်ရင် Level of being နိမ့်တာနဲ့ မြင့်တာကို မြင်နိုင်ပါတယ်။ မမြင်နိုင်စရာ အကြောင်းမရှိပါဘူး။
စိတ်ထားနိမ့်နေရင် စိတ်မှာကြည်လင်မှု အေးချမ်းမှု ကို တကယ်ရမှာ မဟုတ်ဘူး။ အသိဉာဏ်ပါမှားသွားတယ်။Level of beingမြင့်လာလို့ရှိရင်၊စိတ်နေသဘောထားမြင့်လာလို့ရှိရင် အသိဉာဏ် ပါပိုပြီးတော့ ပွင့်လာတယ်နော်။ အဲ့သလို ကိုယ့်ရဲ့  Level of being မြင့်လာလို့ရှိရင် ကိုယ့်ယဉ်ကျေးမှုလည်း မြင့်လာတယ်။
ဒါကြောင့် ယဉ်ကျေးမှုကို မြှင်ချင်ရင် Level of being ကို မြှင့်မှဖြစ်မယ်။ Level of being ကို မြှင့်ချင်ရင် ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့ အကျင့်ကို ကျင့်ရမယ်။
ဘဝ၏ အဆင့်အတန်း ၊သဘောထားကြီးပါတယ်။ စာ ၂၁

=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=

ဒီစာစု လေးက အင်မတန်အဖိုးတန်တဲ့ စာစုလေးပါပဲ ။ အကြောင်းအရာရှည်ပေမယ့် ဆရာတော်ပေးတဲ့ message က အတော်မှန်ကန်ထိရောက်လို့ မျှဝေလိုက်ပါတယ်။ တရားဓမ္မ တွေ ကို အရွယ်မလွန်ခင်ကတည်း က လိုက်စားသင့်တယ်လို့ ဆိုကြပါတယ်။ အာနပါနဝိပဿနာ တရားကို ကျင့်ရင်တောင် ကိုယ့်စိတ်ကိုသိတာလေး အရင်လုပ်ရတာပါ ။အဲဒါကြောင့် တရားထိုင်တာ မလုပ်နေသေးရင်တောင်မှ နေရာတိုင်းမှာ ကိုယ့်စိတ်ကိုကြည့်တာလေး ကို အကျင့်လုပ်ထားတာ သင့်တော်ပါတယ်။ တကယ်ပဲ စိတ်ကို အေးချမ်းစေတာ မြင်ရမှာပါပဲရှင် ။ချမ်းမြေ့  ပါစေ။

Comments