အဘိုး ရဲ့  တစ်ဘဝခရီးဆုံး( ၁၈-၁၀-၂၀၀၈ ၊ ညနေ ၅နာရီ ၄၀မိနစ်)

ဒီနေ့မနက်သိရတယ် အဘိုး မနေ့က ညနေ ၅း၄၀ နာရီ မှာဆုံးသွားပြီတဲ့။ အဘိုးက အသက် ၈၉နှစ် ရှိပြီ။
ငယ်ငယ်ကတည်းက မနက်တိုင်းလမ်းလျှောက်ထွက် နဲ့ ကျန်းမာရေးလိုက်စားသူဆိုတော့ ဒီအရွယ်အထိ အပရိက ဖျားတာတောင် မမြင်ဖူးခဲ့ဘူး၊ ၂၀၀၆ ဒီဇင်ဘာ ကျွန်မက တောင်ကြီး ကို ရောက်တော့ အဖိုးက ကျွန်မမရောက်ခင် ၂ရက်လောက် ကာလလေးမှာပဲ လေဖြတ်သလိုဖြစ်လို့ ဆေးရုံပြထားရပြီ ။လေဖြတ်လို့ သိပ်မလှုပ်နိုင်သာဖြစ်တာ အဘိုးက အရင်လိုခပ်အေးအေးပါပဲ ။ စကားအေးအေးဆေးဆေးပြော မှတ်ဉာဏ်လည်းအတော်ကောင်းနေသေးတာ။ အဘိုးဆေးရုံအိပ်ရာဘေးမှာ ကျွန်မပို့ပေးထားတဲ့ ပရုတ်ဆီဗူးလေး၊ ယာဒလေ ပေါင်ဒါဗူးလေး နဲ့ လက်ချောင်းလေးတွေနဲ့ ညှစ်ပြီး လေ့ကျင့်ခန်းလုပ်ရတဲ့ ရာဘာအပျော့တုန်းလေးကို တွေ့လို့ ဝမ်းသာခဲ့မိသေးတယ်။ပို့တုန်းက အဖိုးသုံးမှသုံးပါ့မလား လို့လေ။
ပြီးခဲ့တဲ့ ၁လလောက် ကစ ပြီး အဘိုးက အသည်းအသန်ဖြစ်နေတာ၊ခဏခဏ သတိလစ်သွားသလိုဖြစ်လို့ ဆေးရုံပြေးလိုက်ရ၊ နောက်တော့ အောက်ဆီဂျင်ဗူးနဲ့ ဆေးရုံမှာပဲထားတော့တယ်။ဆေးရုံကတော့ အဖေတို့မောင်နှမတွေ အိမ် ရုံး နဲ့ နီးတဲ့ ထွန်း မှာပဲ။
၂၀၀၆ ဆေးရုံမှာ စတင်ကတည်းက အဒေါ်အကြီးဆုံး တို့လင်မယားပဲ နေ့နေ့ညည အနီးကပ် စောင့်ရှောင့်နိုင်ခဲ့တယ်။နောက်ပိုင်း ဆေးရုံကဆင်းတော့လည်း အိမ်မှသူတို့ပဲ ပြုစုကြတာ။ နောက်ဆုံးအဖိုးကို ကန်တော့ ခဲ့တာပေါ့လေ ၂၀၀၆ ဒီဇင်ဘာက၊ အဲ့တုန်းကလည်း တကယ်တွေးမိပါတယ်၊ ကိုယ်က ပြန်နိုင်ရင်တောင် တောင်ကြီးရောက်ဦးမှ ဆိုတော့ ဒါနောက်ဆုံးလည်းဖြစ်သွားနိုင်တယ်လို့ ။ ခုနက ဖုန်းဆက်တော့ အဲ့အဒေါ်လည်း အေးဆေးပါပဲ သူပဲ ဦးဆောင်ပြီး အကုန်လုပ်နေရတယ်။ ရပ်ဝေးရောက်နေခဲ့တဲ့ အဒေါ်တစ်ယောက်ကတော့ ပြောပြောငိုငိုနဲ့ပေါ့။အဖေ ကလည်း အဖိုးနေစ မကောင်းတဲ့ အချိန်ကစလို့ တိုက်တိုက်ဆိုင်ဆိုင် တောင်ကြီး ရောက် လူလည်းအနီးကပ်ရှိနေနိုင်သွားခဲ့တယ်။အဖေ ကတော့ ပြောတယ် ငြိမ်းချမ်းသွားပြီတဲ့။အဖိုး က ကံကောင်းပါတယ် ၊သူ စ မကျန်းမာချိန်မှာ သူ အားအကိုးဆုံး သမီးကြီးနဲ့သားကြီးက အနားမှာ လူအင်အား စိတ်အင်အား အကုန်ရှိနေခဲ့တာ။ အဘွား ကတော့ သြော်ဆုံးသွားပြီ လောက်ပြောပြီး သေသေချာချာ အလောင်းရှုနေသတဲ့။
ငယ်ငယ်ကတည်းက တန်ဆောင်တိုင်ဆို တောင်ကြီးတက် အဖိုးကို သီတင်းကျွတ် ဘာညာအတွက်ပေါင်းကန်တော့ နဲ့ နှစ်တိုင်းလုပ်ဖြစ်ခဲ့တယ်။ ပြန်ခါနီး ကန်တော့တိုင်း အဘိုးက ဆုပေး ပြီးရင် မုန့်ဖိုးပေးတယ်။ အဲ့တုန်းက ငါးကျပ်တန် အုပ်အသစ်ကလေးတွေ တို့ အသစ်ကျပ်ချွတ်လေးတွေ ဆိုတော့ ကျွန်မတို့ ကလေးတွေ အရမ်းမက်ခဲ့ကြတယ်။ ငါးကျပ်တန်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ကတုံးနဲ့ ပုံစိမ်းစိမ်းလေးတွေ ပါတဲ့ ငါးကျပ်တန်အုပ်။ ဘဏ် နံ့ ငွေနံ့ သင်းနေတဲ့ ပိုက်ဆံ လေးတွေ အိမ်ရောက်တာနဲ့ အဝတ်ဗီရီုထဲ ထည့်သိမ်းလိုက်တာပဲ ။(ကိုယ်ဝယ်ချင်တဲ့ ကစားစရာလိုမျိုးရှိမှ အမေ့ဆီပေး ပြီး အမေကိုလိုတာစိုက်ပေးဆိုပြီး ဝယ်ခိုင်းလေ့ရှိခဲ့တယ်။ )
အဘိုးကို စည်းကမ်းကြီးလို့ ငယ်ငယ်ကတည်းက ကြောက်တယ်။ အမြင်မတော်တာရှိရင် လေချိုအေးအေး အကိုးအကားတွေနဲ့ စကားတွေပြောတတ်လို့ အဘိုး ကိုပတ်ပြေးနေတာများတယ်။ ကန်တော့ချိန်လေးနဲ့ ရွှေသွေးတောင်းဖတ်ချိန်လေးပဲ အဘိုးနဲ့ စကားသေချာပြောတယ်။ဒါတောင် တစ်ခွန်းစ နှစ်ခွန်းစ ။တောင်ကြီးအိမ်ရောက်တာနဲ့ ဝင်လိုက်တာနဲ့အရင်ဆုံးမြင်ရမှာ နံရံကပ်စာအုပ်ဗီရိုတွေပဲ။အဲ့ထဲမှာ စာပေဗိမာန်က ထုတ်တဲ့ စာအုပ်အတော်များများရှိတယ်။ နှစ်စဉ်စွယ်စုံကျမ်းတွေ ၂၀၀၅ခုနှစ်စွယ်စုံကျမ်းအထိတွေ့ခဲ့တယ်။ ရွှေသွေးပေါင်းချုပ်တွေ၊ မြဝတီ ငွေတာရီတွေလစဉ်ထုတ်တွေ ဆိုလည်း အတွဲလိုက် သိန်းဖေမြင့် ရဲ့  အရှေ့  ကနေဝန်းထွက်သည့်ပမာ တို့ နောက်စာကြီးပေကြီးတွေ မှန်သမျှ အဘိုးဆီမှာအတော်များများရှိတယ်။ ငယ်ငယ်လေးကတည်းက အဘိုးဆီရောက်ရင် အမြဲတောင်းဖတ်ရတာ တော့ ရွှေသွေးတို့ မိုးသောက်ပန်း တို့တွေပါပဲ ။မောင်နှမ ၂ယောက်ဆိုတော့ ပေါင်းချုပ်ဆိုလည်း ၂အုပ်ပဲ အဖိုးကပေးတယ် ။ပြီးရင် ၂ယောက် လဲ ဖတ်၊၂ယောက်လုံးဖတ်ပြီးမှ အဖိုးဆီ ထပ်သွားတောင်းလို့ရတယ် ၊အဲ့ကျမှ အဘိုးကနောက် ၂အုပ်နဲ့ လဲပေးတယ်။ အဖိုး စာအုပ်စင်နဲ့ စာအုပ်သေတ္တာထဲက စာအုပ်တွေအများကြီးကို ဘာတွေမှန်းသေချာမမြင်ရ မသိခဲ့ပေမယ့် အဖိုးတန်တယ်လို့တော့ ကလေးအသိမှာ ရှိတယ်ထင်တယ် ၊ အဘိုး ကို သမီးကို အမွေပေးရင် အဘိုးစာအုပ်တွေပေးခဲ့ပါလို့ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ကြိုတင်ဘွတ်ကင်းဖူးတယ်။ အဲ့တုန်းက အဘိုးကပြုံးပြီး ကောင်းပါပြီဗျာ လို့ပဲ ပြောခဲ့တယ်ထင်တယ်။
၉တန်း ၁၀တန်း နှစ်လောက်ရောက်တော့ အဘိုးနဲ့ စကား အပြန်အလှန်နည်းနည်း ပြောရဲလာပြီ။ အဘိုးနဲ့ တော့ စာအကြောင်းပေအကြောင်း၊ အခုခေတ်အကြောင်းလောက်ပဲ ပြောခဲ့ဖူးတယ်။ မှတ်မှတ်ရရ ၂၀၀၀ခုနှစ်လောက် က ကျွန်မက ဖိနပ်အထူကြီးစီးတော့ အဖိုးက မျက်စိနောက်တယ်ထင်ပါတယ်။ ငါ့မြေး ဖိနပ်ကလည်း သူ့ကြည့်ရတာနဲ့ မသက်သာတာလို့ ပြောဖူးတယ်။ ကျွန်မက လည်း ပေါ့ပေါ့လေးအဖိုးရဲ့  ကစ်တို ဖိနပ် အထူဆိုတော့ မိုးစိုလည်း ခံ ဗွက်ထဲစီးမိလည်း ထူလို့ ဗွက်မပေဘူး ဘာညာနဲ့ အထွန့်ပြန်တက်တော့ အဘိုးလည်း စိတ်ကုန်တဲ့ ပုံနဲ့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ။နောက် ကျွန်မဝတ်တဲ့ လုံချည်က စကပ်လုံချည် ၊ဗြန့်ထမီ လိုမျိုး လုံချည်မျိုးတွေ ဆိုတော့ သူ့ရှေ့မှာ အဲ့လိုသွားသွားလာလာလုပ်နေတာကို အဖိုးက မျက်စိစပါးမွှေးစူးပုံရတယ်။ အရိပ်အမြွက် ပြောဖူးတယ်။
အဟဲ နောက်အမှတ်တရကတော့ အဘိုးက ကျွန်မတို့ တောင်ကြီးတန်ဆောင်တိုင်တက်တဲ့ ကာလမှာစာအုပ်တစ်အုပ် ယူလာပြပြီး ငါ့မြေးရယ် ဖတ်ကြည့်စမ်းပါ့ အဲ့ဒါ ညည်း ဘကြီး ရေးတာ၊ အဘ တော့ တစ်လုံးမှ နားမလည်ပေါင်ဗျာ တဲ့ ။ ယူကြည့်လိုက်တော့ အဲ့စာရေးဆရာ ကို ကျွန်မ မဂ္ဂဇင်းမှာ ဖတ်ဖူးတယ် ။ အဲဒါနဲ့ ကျွန်မ လည်း ဟုတ်တယ်၊အဘိုး သမီးလည်း သိပ်နားမလည်ဘူး၊ မော်ဒန်ရေးနည်းတဲ့ အဖိုးရဲ့ လို့ ပြန်ပြောခဲ့တယ်။ အဲ့ဘကြီး (ဘဒွေးရဲ့  သားပေါ့နော်၊ အဖေတို့ခေါ်သလို အဖိုးညီ ကို ဘဒွေးလို့ပဲခေါ်ပါတယ်။) ရဲ့  စာအုပ်တစ်အုပ် နာမည်ကြီးပြီး ဒီကို အီးဘွတ်ခ် အဖြစ်ရောက်လာတော့ အဘိုးနဲ့ ဖုန်းပြောဖြစ်သေးတယ်။ အဖိုးရေ ဒီကိုတောင် ရောက်နေပြီ အတော်ပေါက်သွားတယ်လို့ ဆိုတော့ အဘိုးက ထုံးစံအတိုင်း ဟုတ်ပါ့ဗျာ ကောင်းပါ့ဗျာ နဲ့ပေါ့။(အခုတော့ အဲ့ဘကြီး လည်း စာပေတိုက်တစ်ခု မှာ အေးငြိမ်းစွာ၊ ကလောင်လက်နက်ပဲ ထမ်းတော့တယ်။)
အဘိုး နဲ့ ငယ်ငယ်ကတည်းက အတူနေမြေးကတော့ ငိုယိုလို့လို့ပြောတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၂ပတ်လောက်ကတောင် အဘိုးဆီက စာအုပ်တွေ ငါ ဘယ်လိုတောင်းရပါ့ လို့ စားမာန်ခုတ်စဉ်းစားမိသေးတယ်။ အဘိုး က ကောင်းရာသုဂတိလားမှာ ပါ။ အသက်ထွက်ခါနီးအချိန်ထိ သတိမပြတ်ဘူး ပြောတယ်။ ဒီလိုပဲ အောက်ဆီဂျင်ပိုက် က လေမသွားတော့မှ ဆုံးသွားမှန်းသိကြတယ် တဲ့ ။ လေဖြတ်တာ အဓိက အသက်ကြီးတော့ နေမကောင်းရင် အစာ သိပ်မဝင်တာလည်းပါတယ် ။ဆုံးဆုံးချင်း ခြေထောက်တွေ လက်တွေ ကောက်ကုန်တာ ပြန်ဖိဘာညာ လုပ်မှ အလောင်းလှသွားတယ်တဲ့။ မနက်ဖြန် မီးသဂြို င်္ဟ် မယ်တဲ့ ။ အဘိုးရေ ..အမျှ အမျှ အမျှ ။

Comments

  1. Sorry to hear that...

    Give my condolence with best you can if possible..

    Take Care...!!!

    ReplyDelete

Post a Comment