ယဉ်ကျေးမှုဆိုတာ

ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဆိုတဲ့ အထဲမှာ အမြင့်ဆုံးပြောရရင် ဘယ်သူဖြစ်မလဲ ။ ဘုရားပဲနော်။ ဘုရားကတစ်ဆင့် အောက်ကိုဆိုရင်တော့ ရဟန္တာပဲ။ သူကနေတစ်ဆင့် တစ်ဆင့်သွားရင်ရပါသေးတယ်။ နောက်ဆုံး သောတာပန်ထိအောင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်လို့ ပြောလို့ရပါတယ်။ လူတိုင်းတော့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်မဖြစ်ပါဘူး။ ဘုရားလက်ထက်က ဘုရားကိုဖူးခဲ့တဲ့သူတွေတောင်မှ တရားထူးရတဲ့သူတွေရှိသလို
မရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ အားလုံးတော့ တရားထူးရတဲ့သူမဖြစ်နိုင်ဘူး။
သို့သော် အဲ့သလိုပင် မရသော်လည်း လူတိုင်းဟာ Knowledge of superior humaness မြင့်မားသောလူသား ဆိုတာကို သိထားရင် လူဆိုတာအင်မတန်မြင့်မားတဲ့ သတ္တဝါ ဖြစ်လာနိုင်တယ်။
superior ဆိုတာ အဆင့်မြင့်မားတာ၊ humaness ဆိုတာလူ့အဖြစ်၊ မြင့်မားသောလူသား ဆိုတဲ့ အဖြစ်ကိုKnowledge (ကြားဖူးရုံ)အနေနဲ့ပဲ ဖြစ်ဖြစ်နော် သိထားပြီဆိုပါတော့၊ လူသားတစ်ယောက်အနေနဲ့ စိတ်နေသဘောထားနဲ့ အသိဉာဏ် ဘယ်လောက်ထိအောင် မြင့်မားနိုင်တယ်ဆိုတာ သိထားရင် လူဆိုတာအင်မတန်မြင့်မားတဲ့သတ္တဝါ ဖြစ်လာနိုင်တယ်။
မေတ္တာ၊ ကရုဏာ အင်မတန်ကြီးမားတဲ့သူ ဖြစ်နိုင်တယ် ။ အကျင့်သီလအားဖြင့် အင်မတန်မြင့်မြတ်တဲ့သူ ဖြစ်နိုင်တယ်။ အသိဉာဏ်အားဖြင့်လည်း အင်မတန်မြင့်မြတ်တဲ့သူဖြစ်နိုင်တယ် ဆိုတာကို သိလာလို့ရှိရင် လူဆိုတာ ဘယ်လိုသတ္တဝါလဲ ဆိုတာကို သိနိုင်မယ်။
ဒီစကားကို ထောက်ကြည့်ခြင်းအားဖြင့် လူဆိုတာဘယ်လိုသတ္တဝါလဲ ဆိုတာကို လူတိုင်းမသိဘူးဆိုတဲ့ အဓိပ္ပာယ် ပါနေတယ်နော်။
စကားတစ်ခုရဲ့ နောက်ကွယ်မှာ ကျန်နေတဲ့ အဓိပ္ပာယ်ကို နဲနဲလေး ဖော်ပြီးစဉ်းစားကြည့်ပါ။
လူဟာ မွေးလာကာစက မပြည့်စုံတဲ့သတ္တဝါဖြစ်တယ်။ ခြေ လက် အဂါင်္တွေပြည့်စုံတယ်၊ ဒါပေမယ့် အသိဉာဏ်တော့ မပြည့်စုံသေးဘူး၊ ပြည့်စုံအောင်တော်တော် ကြိုးစားရဦးမှာ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဘာသာတရား၊ မိဘ ဆရာသမားတို့ရဲ့ သွန်သင်မှု၊ မိမိကိုယ်တိုင်ရဲ့  လေ့ကျင့်အားထုတ်မှုအပေါ် မူတည်ပြီးတော့ ကြာလေ လူပီသလေ ဖြစ်လာမှာနော်။ လူကိုလူပီသအောင် လုပ်တာက ယဉ်ကျေးမှု နဲ့ ဘာသာတရားပဲ။ အဲဒီတော့ ယဉ်ကျေးမှုဆိုတာဘာလဲ လို့မေးရင်ရော။
"Self perfection is Culture"
မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတာဟာ ယဉ်ကျေးမှုပါတဲ့။ အဝတ်အစားတွေ၊ ပန်းချီ၊ပန်းပု၊ဂီတ ဒီလောက်ကိုယဉ်ကျေးမှုပြောလို့ မပြည့်စုံသေးဘူး။ ကိုယ့်ရဲ့ စိတ်ထားနဲ့ ကိုယ့်ရဲ့  အသိဉာဏ်ကို အမြင့်မားဆုံးရောက်အောင် လုပ်တာဟာ ယဉ်ကျေးမှုတဲ့ နော်။
အဲဒီ ရှုထောင့်ကကြည့်မယ်ဆိုရင် စိတ်ထားနဲ့ အသိဉာဏ်ကိုဘယ်လိုနည်းနဲ့ အမြင့်ဆုံးရောက်အောင် လုပ်လို့ရမလဲ။ သတိနဲ့နေတဲ့ နည်းနဲ့မှပဲ ရမယ်။ တရားဘာဝနာနဲ့ပဲ ရမယ် ။သတိပဋ္ဌာန်တရား ဟာ ကိုယ့်ကိုယ်ကို သိအောင် လေ့ကျင့်တဲ့တရားဖြစ်တယ်။ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်စိတ်၊ ဒါတွေကို နက်နက်နဲနဲသိအောင် လုပ်တဲ့နည်းပဲ။
ကိုယ့်စိတ်ကို ကိုယ် အမှန်အတိုင်း ကောင်းတာရော ဆိုးတာရောသိလာမှသာ အကောင်းအဆိုးအမှားအမှန်ခွဲခြားပြီးတော့ မြင်မယ်။ဒီလိုမြင်မှသာ အဆိုးတွေက တဖြည်းဖြည်း ပါးသွားမယ်။ အမှားတွေက တဖြည်းဖြည်းပါးသွားမယ်။ တဖြည်းဖြည်းကောင်းတဲ့ဘက် ၊မှန်တဲ့ ဘက်ကိုရောက်လာမယ်နော်။

Comments