ကြိုဆိုပါ၏



လောလောလတ်လတ်သီတင်းကျွတ်လပြည့်နေ့လေးမှာ အေးအေးလူလူနဲ့ စိတ်ဖြူဖြူထားပြီး အေးချမ်းနေခဲ့တာ။ လပြည့်ကျော် တစ်ရက်နေ့လည်း ကျရော သွားတာပဲ။ ကိုယ့်အပေါ် တရားလွန်စော်ကားလာတဲ့ သူတစ်ယောက် ကြောင့် စိတ်တွေညည်းငြူသွားတယ်။အမှန်တော့ သူ က မီးခြစ်ဆံကလေးကို နာနာခြစ်ခတ်ပြီး မီးပစ်ခဲ့ရုံလေးပါ ၊ ကျန်တဲ့ မီး ကို ငြိမ်းသတ်ရမယ့် ကိုယ့်အတွက်တော့ အတော်ပဲ အခက်အခဲ ကြုံစေတယ်။ ဒေါသခဏလေး ဖြစ်ပြီး လုပ်ရက်လေခြင်းလို့  တွက်မိ၊ ခဏနေအတော်လူမဆန်တာပဲ တွေးလိုက် ၊ သြော် ဒီလိုလူမျိုးရှိသလား လို့ ရှေ့ ဆက်မယ့်သူ့ခရီးအတွက် သနားလိုက် စတဲ့ အမည်းရောင်စိတ်တွေကို မနည်းသတ်အပြီး မှာ လူလည်း ရင်ဘတ်ထဲမှာအောင့် အသက်ရှုတွေကျပ် ကျန်ခဲ့တယ်။ ငိုချင်လို့များလား ဆိုတော့လည်း မျက်ရည်တစ်ပေါက်မှ ကျမလာဘူး။နောက် ကိုယ်မှားနေလား ဆန်းစစ်ကြည့်တယ်။ ဘယ်နေရာမှာ ဘယ်လိုဖြစ်သွားတာလဲ ပြန်စဉ်းစားတယ် ။ နောက်ဆုံးတော့ ထုံးစံအတိုင်း နင်လားဟဲ့ လောကဓံ၊ နင်ပဲ နှောင့်ယှက်နိုင်မလား၊ငါပဲ ရင်ဆိုင်နိုင်မလားကြည့်ထား လို့ ကိုယ့်ကိုယ်ကိုယ်အားပေးပြီး လုပ်စရာရှိတာကို စိတ်ထဲမှာ Flow chart ဆွဲပြီး စိတ်ပြန်အေးသွားတယ်။ဒီလိုနဲ့ လွယ်လွယ် ဘယ်စိတ်ချမ်းသာစေမလဲနော်.. သူလည်းပဲနာမည်ကြီးပဲဟာ။ တစ်နေ့တာ စိတ်မွန်းကျပ်ခေါင်းခဲစေမှု က ညအရောက်မှာ အဖျားအဖြစ်ပြောင်းသွားပြီ။ ဒီလိုဆင်တူဖြစ်တာ ဒါနဲ့ ပါဆို ဒုတိယအကြိမ်ပဲ။ အလုပ်က အနီးကပ်အရာရှိ က လူမဆန်သူမတူအောင် နေ့စဉ်ထိုးနှက်ခံရတုန်းက ယုံကြည်မှုတွေ ပြိုကွဲမတတ် ခံစားခဲ့ရတာ ပထမအကြိမ်။ဒီနှစ်ထဲ ပြဿနာ လာရင် နှစ်ကြိမ်၊ ကောင်းတာတွေလာရင် လည်း နှစ်ကြိမ် ဆိုတာလည်း မှန်နေပြန်ပြီပေါ့။အဟ..ဘယ်နှစ်ကြိမ်ပဲ လာလာ အတော်တော့လည်း ခံနိုင်ရည်ရှိနေပါပြီ။ ဘယ်သူပြောနိုင်လဲ နောက်တစ်ပတ်လောက်နေရင် အကောင်းဆုံးအခြေအနေကို ကိုယ်ရတော့မှာ (မနက်ဖြန် လောက်လို့မှန်းရလောက်အောင်တော့ မလွယ်)။အခုလည်း ထွက်ခတ် ခတ်သွားတာ လို့ ဘာကြောင့်မှန်းမသိ ယကြည်နေပြန်သေးတာ။
ဖျားချင်သလို ဖြစ်ပြီး နိုးလာလို့ အခန်းပြတင်းပေါက် နားမှာ လေကို ဝအောင်ရှူမယ်လုပ်တော့ ဝိုင်းစက်နေတဲ့ လမင်းကြီး ။ တခါမှ သူ့ကို ကိုယ့်အခန်းကနေ မမြင်မိခဲ့ဖူးဘူး။ သူအရပ်ထောင့်နဲ့သူ အမြဲရှိနေမှာဖြစ်ပေမယ့် တိုက်တွေကြားမှာ သစ်ပင်တွေကြားမှာ တိမ်ခိုးတွေကြားမှာ သူ ပုန်းနေလေ ခဲ့သလားး... ကိုယ်ပဲအိပ်မောကျနေခဲ့လို့လားးး...ဝင်ရောက်နေတဲ့ အလင်းရောင်ဖျော့ဖျော့ကို တခြားလျှပ်စစ်မီးရောင်လို့ပဲ ထင်နေခဲ့လို့လားးးး ...အိမ်ခန်းထဲအထိ ဝင်လာတဲ့ လရောင်ကြောင့် နာရီကို ကြည့်တော့ မနက် ၄နာရီ..အဲဒါနဲ့ လမင်းသာနေသေးတဲ့ ကိုယ့်ဘဝလေး အတွက် လျှပ်ပုံ ရိုက်ယူထားလိုက်တယ်။

ဒီပို့စ် ကို စိတ်ညစ်စရာမို့ ရေးတောင်မချချင်ဘူး..ဒါပေမယ့်လည်းအဆိုးတွေကို မေ့ပစ်ရမှာ ဖြစ်ပေမယ့် သင်ခန်းစာ တော့ယူရမှာပဲ။ ကဲ ဒီသင်ခန်းစာ ကို ဒီထဲထည့်မှတ်ထားတယ်နော် စာရေးသူ။ အသစ်သင်ခန်းစာ အတွက် အားပြန်ဖြည့်ဖို့မမေ့ပါနဲ့။ အဟောင်းတော့ ပြန်မသင်ချင်နဲ့။ အဲ့ဒီအတွက်လည်း စာကျေအောင်ကြိုးစားရဦးမယ်။ အရင်းစစ်တော့ ၂၀၀၈ မှာကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးတွေ အရမ်းလုပ်နေရတယ်။မှန်ထဲ ကြည့်လိုက်တော့ ကိုယ့်မျက်နှာမှာ အရေးအကြောင်းလေးတွေတောင် ထင်ရှားလာတယ်။ စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာလည်း ပြန်ပြုပြင်ရပါဦးမယ်လေ။
Comments
Post a Comment