တွေးမိတိုင်းပျော်တယ်

တစ်ချို့ လူတွေက လူတစ်ယောက်နဲ့အဆင်မပြေရင် အဲဒီလူကို အဆက်ဖြတ်တယ်။နောက်တစ်ယောက်နဲ့အဆင်မပြေရင်အဲဒီလူကိုလည်းအဆက်ဖြတ်တယ်။ အဲဒီလိုလုပ်တဲ့သူဟာ ကြာရင် တစ်ယောက်တည်းဖြစ်သွားလိမ့်မယ်။ ကိုယ့်လောကကြီးဟာ ကြာလေ ကျဉ်းလေဖြစ်လာတယ်။ လောကကြီးတင်မကပါဘူး။ စိတ်ပါ ကြာလေ ကျဉ်းလေဖြစ်လာတယ်။ သဘောထားတွေ သေးသိမ်လာတယ်။လောကကြီးကို အပြစ်မြင်လာတယ်။ စိတ်ပျက်လာတယ်။ ကိုယ့်ကိုယ်ကိုလည်း အားမရဖြစ်ပြီးအားငယ်လာတယ် ။သိမ်ငယ်လာတယ် ၊စိတ်ဓာတ်ကျလာတယ်။
~*~*~*~*~*~*~*~*~*~*~*~*~
လူတိုင်းလွတ်လပ်မှု ကို လိုချင်တယ်လို့တော့ ပြောကြတာပါပဲ။ ဘယ်လို လွတ်လပ်မှုမျိုးကို လိုချင်တာလဲ ။ လုပ်ချင်တာတွေအားလုံးကို စိတ်ထင်တိုင်းလုပ်ရတာကို လွတ်လပ်တယ်လို့ဆိုလိုတာလား။ အဲဒါဟာ ဉာဏ်မရှိတဲ့ ကလေးဆန်တဲ့ လူတွေရဲ့  အထင်မှားမှုကြီးပဲ။ လွတ်လပ်မှု ဆိုတာ စိတ်ထင်တိုင်းလုပ်လို့ ရတာကို မဆိုလိုဘူး။ သင့်မသင့်၊ မှန် မမှန် စဉ်းစားဆုံးဖြတ်ပြီး ပုဂ္ဂိုလ်စွဲ အတ္တစွဲ အုပ်စုစွဲမပါပဲ အသင့်တော်ဆုံး အကောင်းဆုံး အမှန်ဆုံးလုပ်တာဟာ လွတ်လပ်မှု၊ ဒါကြောင့်လွတ်လပ်မှုဆိုတာ သဘောထားကြီးမှု နဲ့ အမှန်ကို သိမှုဆိုတဲ့ ဉာဏ်ပညာ အပေါ်မှာ အခြေခံပြီးမှ ဖြစ်ပေါ်လာတာပါ။
လွတ်လပ်မှုနဲ့ အမှန်တရား ဟာ စိတ်ကို အားရှိစေတယ်။ သတ္တိရှိစေတယ်။လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်တယ် ။ ဒါပေမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိအောင်မကြွားဘူး။
~*~*~*~*~*~*~*~*~*~*~*~*~
သူတစ်ပါးကို ကိုယ်ချင်းစာလိုက်တာဟာ သူ့ကိုပေးလိုက်တာပဲ ။ ဒါလည်းဒါနတစ်မျိုးလို့ သဘောထားစေချင်တယ်။ အလှူတစ်မျိုးပဲ။ ဒီလိုပေးလိုက် ရတာဟာ အရှုံးပေးလိုက်ရတာလား။ အရှုံးပေးလိုက်ရတာလည်း မဟုတ်ဘူး။ အနိုင်ယူလိုက်တာလည်းမဟုတ်ဘူး။ ဒီနေရာမှာ အနိုင်အရှုံးကို စဉ်းစားဖို့ မလိုဘူး။ ဒါပေမယ့်အမြတ်တော့ ရလိုက်တယ်။ မြင့်မြတ်တဲ့စိတ်ထားကို ရလိုက်တယ်။
~*~*~*~*~*~*~*~*~*~*~*~*~
ပြောရဲတယ် ဆိုရဲ တယ် ရသင့်တာရအောင် ဆွေးနွေးနိုင်တယ်၊ ကိုယ့်ရဲ့  အခွင့်အရေးအတွက်ခိုင်ခိုင်မာမာ ရပ်တည်နိုင်တယ်ဆိုတဲ့ အရည်အချင်းမျိုးရှိတဲ့သူဆိုတာက ကိုယ့်ခံစားချက်ကိုလည်းသိရမယ်။ အဲဒီ ခံစားချက်ကိုလည်း တစ်ဖက်လူ နားလည်အောင် ပြောပြတတ်ရမယ်။ ပြောပြနိုင်တဲ့ အရည်အချင်း ရှိရမယ်။ အဲဒီလိုပြောတဲ့အခါမှာ ကိုယ့်ရဲ့  ကိုယ်ကျင့်သိက္ခာကိုလည်းမထိခိုက်စေရဘူး။ တစ်ဖက်သားရဲ့  ကိုယ်ကျင့်သိက္ခာကိုလည်း မထိခိုက်စေရဘူး။ ထိန်းသိမ်းရမယ်။

Comments