တွေးစရာလေးတွေ

သူငယ်ချင်း ၁ယောက်နဲ့ အခုနောက် ပိုင်း စင်ကာပူရောက်လာကြတဲ့ မြန်မာကလေးတွေ အကြောင်းပြောရင်း စိတ်ထဲပေါ်လာတာလေး ပြောချင်ပါတယ်။

ကျွန်မကြုံရတာ က အပြင်မှာ ခဏတွေ့တာ သူတို့ မသိတာကို ပခုံးကို ဖတ်ဖတ် လာတို့ ပြီးမေးတယ်။ ကြည့်လိုက်တော့ ကလေးပုံစံ မထီတရီလေးတွေနဲ့။ ပြီးတော့ Thank you ဆိုတာဝေလာဝေးပဲ ။
မြန်မာအချင်းချင်းမို့ ဒီလိုလုပ်တာလား။ တခြားလူမျိုးကသာ လာလုပ်ရင်တော့ ကျွန်မ ရန်စွာမိမှာပါ။ ကိုယ်အချင်းချင်းဆိုတော့ စိတ်ကိုလျော့ပေါ့လေ.။

နောက်ပြီး ကြုံဖူးတာ လေယာဉ်ပေါ်မှာ ကိုယ်ကလဲ ၁ယောက်တည်း ဆိုတော့ မိန်းကလေးချင်း စကားပြောမိပါတယ်။ ဟာ..ကလေးမ က သူ့ ရည်းစား ဘယ်နှစ်ယောက် ပျက်ဖူးကြောင်း ၊ နောက် အစုံဘဲ။ အဲ့ဂလိုနဲ့ နောက် ဆေးခန်းသွားရဦးမယ်ပြောတယ်။ ကိုယ်က ရောဂါထင်လို့ ..သြော်.ပန်းလှိုင်တို့ ဘာတို့ သွားလေပြောတော့ .. ကိုယ့် ကို ပြူးကြည့်ပြီး.ရည်းစားနဲ့တွေ့ မှာမို့ပါဆိုတဲ့။(ကန်တော့ပါရဲ့ရှင်)။ ဘုရား ဘု၇ား ..။ရှက်လိုက်တာ..။ကိုယ့်ရှေ့  နောက်ထိုင်နေတာတဲ့ မြန်မာတွေလဲရှိတယ်။ ခေါင်းထဲ ကို တဆစ်ဆစ်မြည်လာတာပဲ။ရှော့ ဖြစ်သွားပါတယ်။နောက်တော့ စကားကို အင်းအဲ နဲ့ အင်တင်တင်ပဲ လုပ်လိုက်တော့ မှ ငြိမ်ပြီး နောက် တစ်ယောက်နဲ့ စကားသွားပြောနေတော့တယ်။ (သူ့ အသက်ကရှိလှ ၁၉၊၂၀ ပေါ့)။
သူ့ အဖြစ်အပျက်တွေ ကျွန်မနဲ့တော့ တိုက်ရိုက် ဘာမှမဆိုင်ပါဘူး။ ကျွန်မ ဘာသာစဉ်းစားမိတာပါ။
သူ ဘာလို့ ဒီလိုစကားတွေ ကို ဂုဏ်ယူ သလိုပြောနေတာလဲ။ ရည်းစားပျက်ဖူးတာတွေ ဂုဏ်ယူစရာလား။ဒီလိုပြောတာ ကို ပွင့်လင်းတယ် တဲ့လား၊ ကျွန်မက သူနဲ့ ခင်မင်ယုံကြည်ရတဲ့သူလည်းမဟုတ်ဘူးလေ။ နာရီပိုင်းလေးပဲတွေ့နေတာ ။
အဲလိုမျိုးလေးတွေ များလာရင် ကိုယ် မြန်မာ မိန်းကလေးတွေ ကို သူများတွေ အမြင်က။။ကိုယ်လုပ်ချင်ရာလုပ်ပြီး ၀န်ခံတာ ဒါရှက်စရာမဟုတ်ဘူး၊ရဲရင့်တယ် လို့ ဆိုလိုချင်တာလား။ကုတ်ကမြင်းလုပ်စမ်းလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ကိုယ် က ဗုဒ္ဓဘာသာ မြန်မာ မိန်းကလေးလေ၊ ဟိရီ သြတ္တပ၊ယဉ်ကျေးမှု ဆိုတာကော စာအုပ်တွေထဲမှာ ကျန်ခဲ့တာလား။ ဒီလိုမျိုးလေးတွေများလာရင်.....။ဟာ တကယ်ပါ။ ကျွန်မ က မကြုံဖူးလို့အဆန်းဖြစ်နေတာလား ။ လား ပေါင်းများစွာနဲ့။ ဘယ်သူ့ ကိုမှ လဲ မပြောဖြစ်ခဲ့ဘူး။ အခုခေတ်က အဲ့လိုပဲလား။ ( အခုနောက်ပိုင်းတော့ ဒီလို ပုံပြင်တွေများစွာ ကြားရပါတယ်။ ဒီ၁ခါတွေကိုတော့ ရှော့မဖြစ်တော့ပါဘူး။ ရင်လေးစွာနဲ့ ပဲ ကြားနေရတာပါပဲ)အခုခေတ် ကလေး တစ်ချို့ က အတော် ရဲတင်းကြပါတယ်။ သူများ ရည်းစားကို လုယူပြရတာ ၀ါသနာပါတယ်ဆိုတာက ရှိသေးတယ်။ မြန်မာမလေးတွေ ဆိုတာနဲ့ အမြင်တစ်မျိုးနဲ့ အကြည့်ခံရမယ့်နေ့ ကို မရောက်လိုပါဘူး။
ဒါမျိုးတွေ ကို သူများတွေလဲ ကြုံဖူးရင် ကြုံဖူးကြမှာပါ။ ကျွန်မ ကိုကအမြင်ကျဉ်းပြီး မှားနေတာပဲ ဖြစ်ရင်ဖြစ်မှာပါ။ ကျွန်မ လိုက်မမီတဲ့ သဘောတရားတွေ အများကြီးပါလား။
အတော်များများက မိဘ ကသေချာ မဆုံးမလိုက်နိုင်ခင် နိုင်ငံရပ်ခြားတွေေ၇ာက်ကုန်တယ်ထင်တယ်။စာဖတ်အားကလည်း အတော်နည်းကြပါတယ်။ အနည်းဆုံး မြတ်မင်္ဂလာ တို့ မင်္ဂလာမောင်မယ်တို့ ကော မထွက်တော့ဘူးလား။ မဖတ်ကြတော့ဘူးလား။လူကြီးမိဘစကား နားမထောင်ဖို့ နေနေသာ မှတ်ယူစရာလို့ကို မယူဆပါဘူး။ အတွေ့အကြုံက သင်ပေးတဲ့အချိန်ကြရင်ကောတကယ် အမှန်ကို မှတ်ယူနိုင်ကြပါသလား။ ပြောရတာ တကယ်ရင်မောစရာကောင်းပါတယ်။
တီဗွီ မှာ ကြည့်ရဖူးတာ ကိုရီးယားနိုင်ငံမှာ မိဘတွေက ကလေးတွေကို ကျောင်းမတက်ခင် ဘုန်းကြီးကျောင်းလိုနေရာမျိုးလေးမှာ သွားထားကြပါတယ်.လိမ္မာယဉ်ကျေးပြီးလူကြီးတွေ ကို ဂါရ၀ နဲ့ ဆက်ဆံနိုင်အောင်ပါတဲ့။ အထူးသဖြင့် မူလတန်းအောင် အလယ်တန်းကူး၊ အလယ်တန်းအောင် အထက်တန်းကူး ကလေးတွေ ကို သေချာပို့တာပါ။ ကျွန်မတို့ နိုင်ငံမှာကော ဒါမျိုးတွေ လိုအပ်နေပြီလား။တကယ်ရှိလာရင်ကော မိဘတွေက ပို့ကြမှာလား..။ ခေတ် အဆက်ဆက်မှာ generation gap ဆိုတာကြီးက ၇ှိမှာပါ။ အခြေခံ သဘောတရားလေးတွေ အတော်များများပျောက်နေတဲ့်ကလေးတစ်ချို့တွေကိုတော့ အံ့သြမိပါတယ်(တစ်ခြား ဘာလုပ်နိုင်တာကျလို့ )
အခုခေတ် ကလေးတွေကို အဆိုးပြောတာမဟုတ်ပါဘူး။ သူတို့လေးတွေ တော်ကြ ထက်ကြပါတယ်။ လူမှုဆက်ဆံရေးလဲတတ်ကြပါတယ်။ ၁ယောက်၁လေကြောင့် ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရိုက်တာမဟုတ်ပေမယ့် ၊ ထိုထို ပုံစံလေးတွေ ၀ါးလုံးရှည်တစ်ကျုံးစာ ဖြစ်လာမှာကိုမလိုလားပါဘူး။ အဓိက ကတော့ လူ ၁ဦးစီ အပေါ်မူတည်တာပဲပေါ့။ကျွန်မ အယူအဆတွေကို လွတ်လပ်စွာ (ထုထောင်း..အဲ..၊) သဘောထားကွဲလွဲနိုင်ကြပါတယ်။စိတ်ထဲပေါ်လာလို့ ချရေးလိုက်မိတာပါပဲ။

Comments