ဘုန်းကြီးဝတ်တော့မယ့် ဦးကျော်ဟိန်း

ရန်ကုန်မီဒီယာဝက်ဘ်ဆိုက် မှ...
Q - ဦးကျော်ဘုန်းကြီးဝတ်ရင် ဘယ်နေရာမှာ ကျောင်းထိုင်မယ်ဆိုတာ သတ်မှတ်ထား ပါသလား။
A - မရှိဘူး။ သတ်မှတ်မထားဘူး။ ကလေးတွေ အမေကတော့ ပြောတယ်။ ဦးကျော်ကို ဘုန်းကြီးဝတ်ပြီးရင် သူ ကျောင်းဆောက်လှူပါ့မယ်တဲ့။ ဒါပေမယ့် ဦးကျော်က လက်မခံဘူး။ မလိုဘူးလို့။ ဘုန်းကြီးဘ၀ကိုရောက်ရင် လိုအပ်တာက သင်္ကန်းနှစ်စုံလောက်ပဲ။ သာသနာ အလုပ်ကို လုပ်တာ။ ကျွေးရင်စားမယ်။ ထားတဲ့နေရာနေမယ်။ ဖိတ်တဲ့နေရာသွားမယ်။ ဒီနေရာမှာ အိပ်ဆိုအိပ်မယ်။ ကိုယ့်ကျောင်းဆိုပြီး သတ်မှတ်လိုက်မယ်ဆိုရင် ဦးကျော် အဲဒီ နေရာကို ပြန်လာနေရမယ်။ အဲဒီကို ပြန်မလာချင်ဘူး။ ဦးကျော်အကျင့်က ထွက်သွားပြီးတဲ့ နေရာကို ပြန်မလာတတ်ဘူး။ ဒါကြောင့် ဖိတ်တဲ့ဆီကိုသွားမယ်။ တရားတွေ ဟောမယ်။ ဒါပဲ။
Q - ဦးကျော် ဘုန်းကြီးဝတ်မယ်ဆိုတဲ့နေရာမှာ အကယ်၍ အကြောင်းကိစ္စတစ်ခုခု ကြောင့် လူဝတ်ပြန်လဲဖို့ အနေအထားတွေ ရှိလာနိုင်တယ်လို့ တွေးမိပါသလား။
A - မရှိဘူး။ အဲဒီလိုအတွေးမျိုး လုံးဝမတွေးဘူး။ တွေးမိစရာ အကြောင်းတရား ဆိုတာလည်း လုံးဝမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဦးကျော်က ကရကဋ်ရာသီဖွား။ ဆုံးဖြတ်ပြီးရင် မပြင်တတ်ဘူး။ ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တယ်။ ပြောတဲ့အတိုင်း မလုပ်နိုင်ရင် ၀ိုင်းကြည့်လာကြမယ့် မျက်လုံးတွေရှိတယ်။ အဲဒီမျက်လုံးတွေရဲ့ သံသယကို မလိုချင်ဘူး။ ဒါကြောင့် ကျော်ဟိန်း ဘုန်းကြီးဝတ်မယ်။ ရာသက်ပန်ဝတ်မယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်သူ့ ကြောင့်ပဲဖြစ်ဖြစ် မပြင်ဘူး။ အရင်တုန်းက ကျော်ဟိန်းဘာလဲဆိုတဲ့ ကိစ္စတွေ အဲဒီအချိန်မှာ ပြီးသွားပြီ။
Q - အဲဒီလို ဆုံးဖြတ်ချက်ချခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း သိပါရစေ။
A - အခုခေတ်လူငယ်တွေကို လမ်းမှန်ကိုညွှန်ပြပေးချင်လို့။ ရှေ့ဆောင်လမ်းပြ လုပ် ပေးချင်လို့။ အဲဒါကို အဓိကထားတယ်။ ဘာတွေလုပ်သင့်တယ်ဆိုတာ လူငယ်တွေ သိစေချင် တယ်။ ဦးကျော်လုပ်ခဲ့ပြီးတာတွေ အများကြီးရှိခဲ့ပြီ။ ဒါကြောင့် ဘာပဲလုပ်လုပ် တိကျတဲ့၊ ပြင်း ထန်တဲ့ ရည်ရွယ်ချက်တစ်ခုထား။ ရည်ရွယ်ချက်မရှိရင် လူဖြစ်ပေမယ့် လူနဲ့မတူဘူး။
Q - ဦးကျော်အနေနဲ့ လူတွေကို ဘယ်လိုပုံစံမျိုးနဲ့ လမ်းညွှန်ပေးဖို့ ရည်ရွယ်ထားပါ သလဲ။
A - ဦးကျော်အနေနဲ့ လူတွေကို စိတ်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို မလုပ်မနေ ရ လုပ်ကိုလုပ်သင့်တယ်ဆိုတဲ့ လမ်းညွှန်မှုပေးမယ်။ ပါဠိတွေမပါဘဲ ရိုးရိုးပြောပေးမယ်။ စိတ် ထဲကို ရှင်းရှင်းလင်းလင်း နားလည်အောင် နားလည်ပြီးလုပ်ချင်တဲ့စိတ်ရှိအောင် ပြောပေးမယ်။ တစ်ယောက်ချင်း၊ တစ်ဦးချင်းမှာ စိတ်ဒုက္ခတွေ၊ အနှောင့်အယှက်ဖြစ်နေတာတွေ တစ်ယောက် နဲ့ တစ်ယောက် မတူညီကြဘူး။ တူမှာမဟုတ်ဘူး။ အဓိကကတော့ ‘စိတ်’ဆိုတဲ့အရာကို ဘယ် မှာ ရှိတယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။ ‘စိတ်’ရှိနေတာကို သိတယ်။ ဒါပေမယ့် ‘စိတ်’ ဘယ်နေရာမှာလည်းဆိုတာ မသိတော့ဘူး။ ဒါဆိုရင် အဲဒီစိတ် ဘယ်နေရာမှာရှိတယ်ဆိုတာ သိအောင်လေ့ကျင့်ပေးမယ်။ တရားစခန်းသွားလုပ်မှမဟုတ်ဘူး။ ရုံးအလုပ်လုပ်ရင်း၊ ကျောင်း သွားရင်း၊ အိမ်အလုပ်လုပ်ရင်းလည်း လေ့ကျင့်လို့ရတယ်။ စိတ်ဘယ်မှာရှိတယ်ဆိုတာတွေ အားလုံးဟာ မရှိတော့ဘူးဆိုတာတွေကို သိအောင်လုပ်တာ တရားရှုမှတ်တာပဲ။ အဲဒီစိတ် ဘာဖြစ်နေလဲ။ ညစ်ပတ်နေလား။ ဘယ်နေရာမှာ ရှိနေလဲ။ မြင်အောင်ကြည့်ဖို့လိုတယ်။

Q - ရုပ်ရှင်ဇာတ်ကားတွေကတစ်ဆင့် အဲဒီလို ဘာသာရေးပညာပေးပုံစံနဲ့ ပရိသတ်ကို တင်ပြရင်ရော ဘယ်လိုနေမလဲ။
A - လူတိုင်းလူတိုင်းဟာ တစ်မျိုးမဟုတ် တစ်မျိုးတော့ စိတ်ဆင်းရဲနေကြမှာပဲ။ သူတို့ နည်း သူတို့ဟန်နဲ့ စိတ်ဓာတ်ကျနေကြမှာပဲ။ စိတ်မချမ်းသာဘူးဆိုပါတော့။ အဲဒါကိုကူညီ ဖြေရှင်းပေးလိုက်ရင် အဲဒီလူ ဆင်းရဲဒုက္ခက လွတ်မြောက်သွားမယ်။ ရုပ်ရှင်တစ်ကားရိုက်ရင် အဲဒီရုပ်ရှင် ကြည့်မိတဲ့လူပဲ ဒီအသိကိုရမယ်။ ဘုန်းကြီးဝတ်ပြီး လျှောက်ဟောရင် ကိုယ့်ကို တာဝန်ယူတဲ့လူလည်း မပင်ပန်းဘူး။ လူတွေပြောတာဆိုတော့ ပိုထိရောက်တယ်။ ပြောလို့ အဲဒီတစ်ယောက်က နားလည်သွားရင် သူ့ပတ်ဝန်းကျင်က နောက်တစ်ယောက်ကို ထပ်ပြော ပြ။ မရှင်းရင် ဦးကျော် ရှင်းအောင်ပြောပေးမယ်။ အဲဒီနည်းနဲ့ဆွေးနွေးရင် ပိုပြီးအကျိုးသက် ရောက်မှုတွေ ရှိလာမယ်။ ဦးကျော် ၀တ်ပြီးရင်လည်း သမီးတို့ပတ်ဝန်းကျင်မှာ နားထောင်ချင် တဲ့ လူတွေ စည်းရုံးထား။ အဲဒီလူတွေဆီကို အရောက်လာပြီး စိတ်လေ့ကျင့်ခန်း လုပ်နည်း တွေ ပြောပေးမယ်။ ဇူလိုင်လ ၁၄ရက်နေ့မှာ ဦးကျော်ရဲ့ (၆၁)နှစ်မြောက် မွေးနေ့လုပ်တယ်။ အသက် (၆၁)နှစ်ပြည့်တဲ့အချိန်ကစပြီး နောက်ဆုံးထွက်သက်ရောက်တဲ့အထိ တစ်ဘ၀စာအစီ အစဉ်တွေ ကြေညာတယ်။ ငယ်ငယ်ကတည်းကတော့ ဘုန်းကြီးဝတ်မယ်။ ဘုန်းကြီးဝတ်မယ် ဆိုပြီး ပြောသာပြောခဲ့တာ။ ဘာမှလည်းမသိဘဲနဲ့ လျှောက်ပြောမိတာ။ တကယ်တမ်းသိပြီး ဆုံးဖြတ်ချက်ချလိုက်တာကတော့ ခုနကပြောတဲ့ ၂၀၀၀ပြည့်နှစ်တည်းကပဲ။ ကလေးတွေအမေ ကလည်း အဲဒီတုန်းက ပြောတယ်။ ဦးကျော် သူများအတွက်သာ လျှောက်ပြောနေတာ။ ကိုယ့် အတွက်လည်း တစ်ခုခုကျန်အောင် လုပ်ပါဦးတဲ့။ အဲဒီကတည်းက အခုလို ဆုံးဖြတ်ချက်ချ လုပ်ခဲ့တာပဲ။ အဲဒီနေ့က ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်။ ည ၁၂နာရီ။

Source:
Yangon Times Journal
သတင်းအကျယ်

Comments