တန်ဆောင်တိုင် LIVE စပြီ

တောင်ကြီးတန်ဆောင်တိုင် LIVE ထုတ်လွှင့်ပေးတဲ့ အစီအစဉ် စနေပြီနော်။ဒီနေ့ ကနေ နိုဝင်ဘာ ၁၃ ထိ။ ကြည့်ဖို့မေ့နေတာ အခုမှ စကြည့်ပေမယ့် မီပါသေးတယ်။အစပိုင်းရက်တွေဆိုတော့ မီးကျည်လည်းသိပ်ပါသေးမှာ မဟုတ်ဘူး။ ပွဲတစ်ခုခုလုပ်တိုင်း မီးရှုးမီးပန်းဖောက်တာကို အတော်ဂုဏ်ယူစရာ ဘယ်လောက်အကုန်အကျခံတာပါဆိုပြီး အလကားမတ်တင်းမာန်တက်နေကြတဲ့ တချို့ နိုင်ငံတွေကို နင်တို့ရှိတယ်လို့တောင်မထင်တဲ့ ငါတို့နိုင်ငံလေးမှာ ဒီလိုရိုးရာပွဲတွေ ဟိုးအရင်ဘဝေဏသီကတည်းက ရှိတာပါလို့ ကြွားလိုက်ချင်ပါရဲ့  ။
ဒီနှစ်ကတော့ မီးကျည်(မီးကြီး) အများဆုံးနှစ်ပါတဲ့ ။နောက်ဆုံး တန်ဆောင်တိုင် လည်ခဲ့တုန်းက မီးကျည်ကညနက်မှလွှတ်လို့ အပြီးအထိ တစ်ခါမှ မကြည့်ရဘူး။ ဒီ၁လုံးပြီး အိမ်ပြန်ကြမယ်ဆိုပြီး ကြည့်၊တကယ်ပြီးတော့ လည်း ပြန်ထွက်ရာလမ်းကနေ နောက်ပြန်ရပ်ကြည့်နဲ့။ တခါတလေလည်း ဟိုပြေးဒီပြေး မီးကျည်မှန်မှာ ကြောက်လို့ ။ ပြန်ကြရင် အပြန်လမ်းတလျောက်မှာ ဖိနပ်တွေအများကြီးပဲ ။တိုးရင်း ဝှေ့ရင်းကျွတ်ကျန်ခဲ့ကြတာတွေပေါ့။အဲ့တုန်းကများဆို ပွဲလာလည်ကြတဲ့ အဖြူတွေ(နိုင်ငံခြားသားတွေ) ခမျာပျော်ပြီး မျက်နှာတွေနီနေအောင်ပြုံးရယ်နေကြတယ်။ (ကိုယ်ကတော့ ပုတော့ တိုးတဲ့သူတွေကြားမှာ အသက်တောင်ရှူမရလို့ လန့်တောင်နေပြီ)သူတို့ဒီလို တိုးတိုးဝှေ့ဝှေ့နဲ့ ပျော်ပျော်ရွှင်ရွှင်မကြုံကြဖူးဘူးတဲ့။ တိုးတဲ့လူတွေကလည်း ညာသံပေးလိုက်တစ်ချက်တွန်းလိုက်နဲ့ ကိုး။တချို့  ကလည်း ကလို့ခုန်လို့ပေါ့။သတိထားမိတာတစ်ခုက နောက်ပိုင်းပွဲတွေဆို လူများများလာပြီး အရမ်းစတာနောက်တာတွေ ရှိလာတယ်။ အရင်တုန်းက အဲ့လောက်မဟုတ်ဘူးလေ။ အခုလို အိမ်ကမခွာ ကြည့်ရတာလည်း တစ်မျိုးကောင်းတာပါပဲ။နောင်နှစ်လောက်တော့ အဆင်သင့်ရင် ပြန်ကြည့်ချင်ပါသေးတယ်။ ယောင်္ကျားလေးအယောင်ဆောင်ပြီး အစ်ကိုတွေ ဦးလေးတွေနဲ့ ပွဲတိုးရမယ်။ငယ်ငယ်တုန်းကတော့ သူတို့ကုတ်ပိုးပေါ် ၊ အဒေါ်တွေ ချီခိုင်းနဲ့ ကြည့်ခဲ့တာပေါ့ ။အခုအသက်အရွယ်နဲ့ သွားချီခိုင်းရင်တော့ အိုးစည်တီးသလို နောင်ပိန်ပိန် အတီးခံရမှာ ။
ဒီက နေတဆင့်သွားကြည့်ရမှာပါ။ (ကြည့်ဖို့ကို Firefox 3.0 လိုပါလိမ့်မယ်)
မနှစ်ကလိုပဲ ညနက်ထိ စောင့်ကြည့်ရဦးမယ်။
အချိန်ကို မလောက်ရှာပါလားးးနော်။ငါ့ခမျာလေးများ သနားစရာ။

Comments