အခက်အခဲ မရှိရင် ရင့်ကျက်မှုမရှိနိုင်...

စိတ်တွေနည်းနည်း ရှုပ်လာရင် ဆရာတော်ဦးဇောတိက ဆုံးမစာလေးတွေ ဖတ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ တွေးစရာတစ်ခုရသွားပြီး ဆင်ခြင်နိုင်သွားပါတယ်။ တခြားသူတွေ စိတ်ငြီးငြူနေရင်လည်း သက်သာရာရစေတာပေါ့။ ဘဝဆိုတာ Problems နဲ့ Solutions နှစ်မျိုးပေါင်းထားတာပါတဲ့။ အဖြေမှန်ကို ရှာမတွေ့သေးသရွေ့  ထပ်ခါထပ်ခါ မေးခွန်းတူ ပုစ္ဆာတူတွေ ပေးနေဦးမှာပါပဲ။ အဖြေမှန်ကို ကိုယ်နဲ့အလှမ်းဝေးနေတဲ့ သူများဆီက နေ မျှော်လင့်နေလို့လည်းမရပြန်ပါဘူး။ဆရာတော့် ဘဝနေနည်း အဆုံးအမလေး ကတော့ အခက်အခဲမရှိချင်ဘူးလို့ တောင့်တတတ်တဲ့ လူ့မနော အတွက်ပါ။
=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ
လူတိုင်းမှာ စိတ်ကောင်းရှိပါတယ်။ တခါတလေ ဆိုးတဲ့စိတ်ဖြစ်ပါတယ်နော်။ သို့သော် စိတ်ကောင်းလေးကတော့ လူတိုင်းမှာ ရှိပါတယ်။ အဲဒါလေးကို မေ့မထားဖို့ အရေးကြီးတယ်။ လူတိုင်းမှာ စိတ်ကောင်းရှိတယ်ဆိုတာ မေ့မထားဖို့အရေးကြီးပါတယ်။ အာလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်၊ ပိုပြီးတော့ ပြေလည်သွားမယ်နော်။
အခက်အခဲတွေ ပိုပြီးတော့အဆင်ပြေသွားမယ် ဆိုတဲ့ စကားကိုပဲတစ်ခါ ပြန်စဉ်းစားကြည့်ရင် အခက်အခဲတွေက ရှိနေလို့ဆိုတဲ့ အဓိပ္ပာယ်လည်း ပါနေပြီ။ ဘဝမှာ အခက်အခဲမရှိရင်ကောင်းမလားလို့ မေးရင်ကော- အမှတ်တမဲ့ တွေးကြည့်ရင်တော့ ဘဝမှာ ဘာမှအခက်အခဲမရှိရင် သိပ်ကောင်းမှာပဲ လို့တွေးကြမှာပဲ ။တချို့ ဆိုရင်လည်းပဲ ဆုတောင်းတဲ့အထဲမှာ ထည့်လေ့ရှိတယ် “လိုတရတဲ့ ဘဝမျိုး ဖြစ်ရပါလို၏” အဲ့သလိုဘဝမျိုး ဖြစ်နေတာ ဘယ်နှစ်ယောက်လောက်များရှိမလဲ။ မရှိပါဘူးနော်။ အခက်အခဲ ဆိုတာ ဘဝရဲ့ သဘာဝ ပါ။ ရှိနေမှာပဲ။
ဘုန်းကြီးလည်းခပ်ငယ်ငယ်တုန်းက အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ရတဲ့အခါမှာ တခါတလေ ကိုယ်မတတ်နိုင်တော့တဲ့ အဆင့်မျိုးကို ရောက်ဖူးပါတယ်။ အဲသလိုအခါမျိုးမှာ တောင့်တမိတယ်- အခက်အခဲမရှိတဲ့ ဘဝမျိုးနေရမယ်ဆိုရင် သိပ်ကောင်းမှာပဲ။
သို့သော်လည်းပဲ တဖြည်းဖြည်း လူ့ဘဝရဲ့  သဘာဝကို ပိုပြီးတော့ သဘောပေါက်လာတဲ့ အခါမှာ အခက်အခဲမရှိတာ မကောင်းပါဘူး။တွေ့ကြုံလာရတဲ့ အခက်အခဲကိုသတိနဲ့ ဉာဏ်နဲ့ သဘောထားကြီးကြီးနဲ့
ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိဖို့ပဲ လိုပါတယ်လို့ သဘောပေါက်လာတယ်။
ဒါကြောင့် ဘဝမှာ တွေ့ရမယ့် အခက်အခဲတွေကို နက်နက်နဲနဲ နားလည်ချင်တယ်။ အကောင်းဆုံးဖြေရှင်းနည်းတွေကိုလည်း နားလည်ချင်တယ်။ အဲသလို နားလည်ချင်တဲ့ စိတ်ဆန္ဒပြင်းပြလာလို့ ဘဝအကြောင်း၊ လူတွေ တွေ့ရတဲ့ အခက်အခဲတွေ အကြောင်းကို စိတ်ပါလက်ပါ လေ့လာတယ်။ အခုလည်းလေ့လာနေတုန်းပါပဲ။
ကိုယ့်အခက်အခဲတွေကို နားလည်ရုံမဟုတ်တော့ပဲ လူတွေအားလုံးရဲ့  အခက်အခဲတွေ ကိုပါ နားလည်နိုင်အောင် လေ့လာတယ်။အခုတော့ အခက်အခဲတွေ ကိုနားလည်နိုင်တာကိုပဲ ကျေနပ်လာတယ်။ အခက်အခဲတွေကို သဘာဝကျကျဖြေရှင်းနိုင်တာကို ကျေနပ်တယ်။ ..
ဘာအခက်အခဲမှာမရှိတဲ့ဘဝ ကို နေရတဲ့လူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး
There was a time when i thought it was a nuisance to be confronted with a problem..
I tried to get rid of it.
I tried to get somebody else to solve it for me...But that was long time ago..
It was a great day in my life when i discovered the wonderful purpose problems.
ဘဝမှာ ဒီပြဿနာတွေ အခက်အခဲတွေရဲ့  အင်မတန်ထူးခြားတဲ့ အံ့သြစရာကောင်းတဲ့ အကြောင်းတရားကို သဘောပေါက်လာတဲ့အခါမှာ အဲ့ဒီသဘောပေါက်လာတဲ့နေ့ဟာ ကိုယ့်အတွက်အင်မတန် ဝမ်းသာစရာ အားရစရာကောင်းတဲ့နေ့ထူးနေ့မြတ်ကြီးပဲ ဆိုတာကို ခံစားရတယ်။
အခက်အခဲတွေ ကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်မှုတိုးတက်လာတာ ကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။ ဒါကြောင့် တတ်နိုင်သလောက် အခက်အခဲ ပြဿနာတွေ ကို ရင်ဆိုင်ချင်တယ်။မရှောင်ချင်တော့ဘူး အခက်အခဲမရှိတာကြာရင် မနေတတ်တော့ဘူးဆိုပါတော့။
ဘာမှ အခက်အခဲမရှိရင် လုပ်စရာမရှိတော့ဘူး၊ဉာဏ်လည်း မထုတ်ရတော့ဘူး၊ ဝီရိယလည်း မထုတ်ရတော့ဘူး၊ သည်းခံရတယ် ဆိုတာလည်းမရှိတော့ဘူး။ သဘောထားကြီးရတယ် ဆိုတာလည်းမရှိတော့ဘူး။
သို့သော် အခက်အခဲတွေ များလွန်းအားကြီးပြီးတော့ မနိုင်မနင်း ဖြစ်သွားရင်လည်း မကောင်းပြန်ဘူး၊ တချို့ ဒုက္ခတွေ ကို မဖြေရှင်းနိုင်လို့ ရူးသွားတာတောင်ရှိတယ်။ အဲဒီလောက်ကြီး အခက်အခဲကြီးမားလွန်းရင် လည်း မကောင်းပြန်ဘူး၊ ကိုယ်နိုင်သလောက်လေးတော့ အခက်အခဲရှိနေမှ ကောင်းတယ် ၊ ရုန်းကန်နေရမှာ ကောင်းတယ်။
Yes , They have a wonderful purpose .
အခက်အခဲတွေမှာ အင်မတန် အံ့သြစရာကောင်းတဲ့ အကြောင်းတရား ရှိပါတယ်။ အခက်အခဲတွေ က အကျိုးရှိပါတယ်။

အခွင့်အရေးနှင့်တာဝန်(စာမျက်နှာ-၃)

Comments