ထရာဇာ ၆

အဘိုးတို့နေတဲ့ ကျေးရွာမှာ ဘုန်းကြီးကျောင်းအိုကြီးတစ်ခုဟာ တောင်ပေါ်မှာ ရှိသတဲ့ကွယ့်။ အဲဒီမှာ ကပ္ပိယအိုကြီး တစ်ယောက် ဟာလဲ နားကလဲ ခပ်လေးလေးနဲ့ ဘုန်းကြီးကို ဝေယျာဝစ္စ ပြုစုဖို့ နေတာကိုး။ တစ်နေ့တော့ ကပ္ပိယအိုကြီး ဟာ အိုးတစ်လုံးအပေါ်က အိုးသစ်တစ်လုံးကို အုပ်ပြီး ကြိုးတစ်ချောင်းနဲ့ လုံခြုံအောင်ချည်ပတ်ထားပြီးတော့ အပေါ်က အုပ်ထားတဲ့ အိုးဖင်မှာ ထုံးဖြူဖြူနဲ့ “ထရာဇာ ၆” လို့ စာလုံးကြီးကြီး ရေးထားသတဲ့ ။
အဲဒီ ကပ္ပိယရေးထားတဲ့ စာကို ကျောင်းဘုန်းကြီးကဖတ်တဲ့အခါမှာ -ထရာဇာ ကတော့ဟုတ်ပါပြီ။ ၆ ဆိုတာကို သောကြာလို့ ဗေဒင်အယူအဆအတိုင်း မှတ်ရမယ်၊ အဲ့တော့ “ထရာဇာသော” ပေါ့။ ဒီတော့ ကာ ထ ဆိုတာက ထ လို့ပဲ အဓိပ္ပာယ်ရှိတယ်။ ရာဇာဆိုတာကတော့ မင်း လို့ပဲယူဆရမယ်။ ၆ ကတော့ သော ပဲ။ အဓိပ္ပာယ် အားလုံးရင် မင်းထသော လို့ ဖြစ်နေတယ် ။ ဒီတော့ ဘယ်မင်းကများ ထ မလို့ပါလိမ့် ။ မထိတ်သာမလန့်သာရှိလှတယ်ကွယ် ..လို့ ကျောင်းဘုန်းကြီးဟာ အမျိုးမျိုးတွေးပြီး စိတ်မအေးနိုင်ဖြစ်နေပါရောကွယ် ။
အဖြေရှာလို့မရတာနဲ့ သီတင်းသုံးဖော် ရဟန်းတော်အားလုံးကို ပင့်ဖိတ်ပြီး ဒီစာတန်းကို ပြလို့ အဓိပ္ပာယ် ညှိနှိုင်းကြသတဲ့။နောက်ဆုံးတော့ မထေရ်ကြီးတစ်ပါးက “ဒီစာရေးတဲ့လူ ကို သိအောင်စုံစမ်းပြီး ခေါ်မေးဖို့ကောင်းတယ်”လို့ဆိုလိုက်တယ်။ အဲ့တော့မှ ကျောင်းဘုန်းကြီး လည်း သတိရသွားပြီး “ဟုတ်သားပဲလေ”လို့ဆိုလိုက်သတဲ့။ဒါနဲ့ ကပ္ပိယ ကိုခေါ်ယူပြီး စာရေးတဲ့ သူကို စစ်ဆေးလိုက်တာမှ ကပ္ပိယကြီးရေးတယ် ဆိုတာကိုသိကြတာပေါ့။ ဘာအဓိပ္ပာယ်နဲ့ ဒီလိုရေးသလဲ ဆိုတော့ ကပ္ပိယကြီး က ထ ကို “ထ” လို့ပဲ မှတ်ပါ။ ရာဇာ ကတော့ “မင်း” လို့မှတ်ပါ ။ ၆ ကတော့ “ခြောက်”လို့မှတ်ပါ။ အားလုံးပေါင်းလိုက်တော့ ထမင်းခြောက် လို့အဖြေဝှက်ထားပါတယ် ဘုရား လို့လျှောက်လိုက်တယ် ။

ဘာလို့များ ကပ္ပိယကြီးက သူ့ “ထမင်းခြောက်”သူ စကားဝှက် နဲ့ မှတ် ဝှက်ပါလိမ့်နော်.။ကျွန်မ အထင်တော့ ကျောင်းသားလေးတွေ ထမင်းခြောက်မှန်းသိရင် ခိုးစားမှာစိုးလို့ဖြစ်မယ် ။ သူကိုယ်တိုင်ကလည်း အသက်ကြီးပြီး မေ့တတ်တော့ ရေးတော့မှတ်ရဦးမှာကိုး။နောက်တစ်ခုဖြစ်နိုင်တာကတော့ အသက်ကြီးလာတော့ မှတ်ဥာဏ်ယုတ်လျော့မသွားအောင် ကိုယ့်ဥာဏ်ကို ကိုယ်ကစားနေတာဖြစ်မယ်။(အဟဲ ကိုယ့်စိတ်နဲ့ နှိုင်းကြည့်တာပါလေ)

Comments