၉ ရက်နေ့ အပိုင်းအစများ

ပွဲကိုက်နေတာနဲ့ပဲ ကိုယ်ဘာသာ ဘလော့ဂ် တစ်ခု ဆော့ထားပါလားလို့တောင် မေ့ချင်ချင်။ တန်ဆောင်တိုင် အကြောင်းလာဖောက်သည်ချတာ။ :)
အမှန်တော့ ကျွန်မလည်း ပွဲကို ကိုယ်တိုင်သွားကြည့်ရင် ချမ်းချမ်းနဲ့ ဒီလောက်ဇွဲကောင်းမှာ မဟုတ်ဘူး။ အခုတော့ အိမ်မှာ အခန့်သား အမြီးမြှောက် -ီးပေါက် ကြည့်နေရတော့ မိုးလင်းသွားမှန်းတောင် မသိလိုက်ဘူး။ မီးပုံပျံပွဲကို ငယ်ငယ်ကတည်းက ကြည့်ခဲ့တဲ့သူမို့လားမသိဘူး။ စိတ်လှုပ်ရှားပြီး ထိုင်ကြည့်နေမိတာပါပဲ ။ စီဘောက်စ် မှာ အချင်းချင်းပြောတာတွေကို လိုက်ဖတ်ပြီး ရယ်လိုက်၊ ထစ်သွားရင် ဟာ...ဆိုအော်လိုက်နဲ့ တစ်ယောက်တည်း လူမလည်ပါဘူး။
ပွဲဈေးကလည်း အရင်နှစ်တွေထက် ခမ်းနားလာပြီ။ ကွင်းက အကြီးကြီးဖြစ်လာတာလည်းပါတာပေါ့လေ ။ချားရဟတ်လိုမျိုး ကြီးကြီးမားမားလှလှပပ မီးရောင်စုံထွန်းလို့ ၂ခုတောင်တွေ့တယ်။ ပွဲဈေးထဲ မှာ အကြော်ဆိုင်ထိုင် ဟင်းထုတ်လေးနဲ့ အကြော်လေးနဲ့ ၊ရေနွေးကြမ်းလေးသောက်ပြီး အပေါ်တက်သွားတဲ့ မီးပုံပျံကို လှန်းငေးနေချင်တယ်။ ခေါပုတ် ကိုသေးသေးလေးတွေ တုံးပြီး အနားလေးတွေ ကျွတ်အောင်ကြော် ဆားနဲ့ တို့စားချင်တယ်။ ငါးထမင်းနယ် လည်းစားချင်တယ်။
ဟိုးတစ်နေ့က မြူတွေ အရမ်းဆိုင်းလာလို့ တဲ့ ၊ နောက်ဆုံး၂လုံး မလွှတ်နိုင်တော့ဘူး။အဲ့နေ့ က လေငြိမ်တယ်။မနေ့ကတော့ လေအတော်တိုက်တယ်။ လွှတ်တဲ့ အလုံးတွေလည်း ယမ်းခွေမနိုင်တာနဲ့ ၊အောက်မှာမှိုင်းခံနေတုန်း လေတိုက်လို့ မီးပေါက်တာနဲ့ အပေါ်တက်နိုင်တဲ့ အလုံးသိပ်မရှိဖြစ်သွားသေးတယ်။ ညနက်ပိုင်း လွှတ်တဲ့အလုံးတွေ ကျ နည်းနည်းအဆင်ပြေတယ်။ တချို့ အောက်မှာ တင် မီးကျည်တွေ စဝုန်းကုန်တာရှိတယ်။တစ်လုံးကတော့ အေးအေးဆေးဆေးတက်သွားပြီးမှ ကိုယ်ထည်ကို မီးကျည်ထိပြီး တောင်ကမူလေးပေါ်သွားကျတယ် ။ မီးကျည်တွေကတော့ လှပစွာဆက် ပေါက် နေဆဲ ။ ခိုပျံ ဖျောက်ဆိပ် တွေကအချက်ကျကျ ပေါက်ထွက်လို့ ။
အိမ်ကလွှတ်မယ့် အလုံးကတော့ ၁၁ရက်နေ့(အဖိတ်နေ့) မှလို့ ပြောတာပဲ။ ဒီလိုမိုး ဒီလိုလေ နဲ့ လွှတ်တဲ့ ဘောလုံးတိုင်းကို အဆင်ပြေပါစေ ဆုတောင်းရတာအမောပါပဲ။ တစ်လုံးဆို သူ့ယမ်းခွေ သူမနိုင်ဘူး၊ မီးပုံးပျံက မှိုင်းဝ လို့ လှလှပပ နဲ့ အပေါ်တက်ချင်နေတာ တလွင့်လွင့် ၊အောက်ကလူတွေကလည်း ဟိုဖြုတ်ဒီဖြုတ်နဲ့ ပေါ့။နောက်ဆုံး ဒိုင် က လွှတ်ပေးလိုက်ပါတော့ ၊လွှတ်ပေးလိုက်ရင် ယမ်းခွေပြန်ရနိုင်ပါသေးတယ် ဆိုပြီးကိုပြောယူရတယ်။ သူတို့လည်း တော်တော်နဲ့ လွှတ်မပေးဘူး။ စည်းကမ်းအရ ဘာညာနဲ့ ကိုင်တုတ်တော့မှ သူတို့လွှတ်ပေးလိုက်ကြတယ်။ အဲ့တုန်းက ဆို စိတ်မကောင်းလိုက်တာ။ ငိုချင်စရာကြီး။ ကိုယ်တိုင် စက္ကူမှိုင်းခံ၊ ယမ်းမီးလုပ် နဲ့ ဒီအတွက်လုံးပန်းလိုက်ရတာ လပေါင်းများစွာ။ တကယ်ပြိုင်တော့ တစဆီ ခွဲပြီးဘောလုံးလေးကို ပဲ လွှတ်ပေးလိုက်ရတာလေ။ဘောလုံးတစ်လုံးမအောင်မြင်ရင် ဘောလုံးလည်းကွဲ လူလည်းကွဲ ပေါ့။ ဒီလိုမျိုးပြိုင်ဖို့ဆိုတာ လူကလည်း ညီမှ၊ ယမ်းစပ်တုန်းမှာ ကတည်းက အန္တရာယ်ကြားက စပ်ရတာ။ယမ်းပေါက်လို့ လူထိခိုက်တာတွေလည်းမရှား၊ တခါတလေ မီးလောက်တာ ယမ်း တွေသွားထိပြီး အိမ်ပြာကျမတတ်ဖြစ်ရတာတွေလည်း ရှိဖူးတယ်။ အဖွဲ့တစ်ခုလုပ်ပြီ ဆိုရင် လူတွေ အသံထွက်တတ်၊သွေးကွဲတတ်တာ ဓမ္မတာပဲ ။အောင်မြင်သွားရင် တော့ ပြဿနာမဟုတ်ဘူး။ အဆင်မပြေရင်တော့ အချင်းချင်း အပြစ်တွေလွှဲချရင်း သွေးကွဲတော့မှာလေ။(ပြိုင်ပွဲဝင်တာကတော့ ရတဲ့ဆုကြေးပိုက်ဆံကို သူတို့မက်လို့မဟုတ်ပါဘူး။ ဘောလုံးတစ်လုံးကို ၁၅သိန်းလောက်အကုန်ခံပြီးလုပ်ကြတာ နောက်ကွယ်က သူတို့စိတ်ဓာတ်က တကယ်ချီးကျူးဖို့ကောင်းပါတယ်။)
ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးလို့ ကိုယ့်နိုင်ငံရာသီဥတုကို တော့ အချစ်ဆုံးပဲ။ ပူရင်လည်း ချစ်ချစ်တောက်ပူတဲ့ အညာနွေ ၊အေးရင်းတစိမ့်စိမ့်နဲ့ ဆောင်လေးခြုံကွေးနေလို့ရတဲ့ မန္တလေးဆောင်း၊ တောင်ကြီး တန်ဆောင်တိုင်ညတွေ ရဲ့  နှင်းကျ မြူကျနေတဲ့ မေးတခိုက်ခိုက်တုန်ရတဲ့ လရောင်အောက်က ဆောင်း ..။အပူဆုံးလဖြစ်တဲ့ အေပရယ်လ် သင်္ကြန်မှာတောင်အေးတဲ့ တောင်ကြီးဆောင်းကို သဘောကျတဲ့တစ်ခုတည်းသောအချိန်က တန်ဆောင်တိုင်ညတွေမှာပဲပေါ့ ။(xxxx ဒါကတော့ ငယ်ငယ်ကတည်းက တောင်ကြီးတက်တိုင်း တန်ဆောင်တိုင်ကာလဖြစ်နေလို့ လားတော့ မသိပါဘူးxxxx)ညဆိုတော့ နှင်းကျတာမမြင်ရ တစတစ စိုလာတဲ့ ခေါင်းစွပ်ဦးထုပ်လေးစမ်းမိမှ ပိုချမ်းလာသလိုခံစားရတယ်။ ခိုက်ခိုက်တုန်အောင် အေးလာရင် မှိုင်းထောက်နေတဲ့ နားသွားတိုး၊လူတိုးပြီးပြန်ထိုင်ပေါ့။ အင်္ကျီတွေ ၂ထပ်လောက်ဝတ် ၊ခြေအိတ်နဲ့ အလုံပိတ်ဖိနပ်နဲ့၊ ဦးထုပ်တောင် ဂျပန်ကင်ပေတိုင် ဦးထုပ်လိုမျိုး နားရွက်ဖုံးကမှ..၊လည်ပင်းမာဖလာပတ် မှတော်ရုံရှိတဲ့အချမ်းပေါ့။ ဒါတောင်လွတ်နေတဲ့ လက်တွေကအေးခဲနေတတ်သေးတာ။ ဗိုက်ဆာရင် နီးရာဆိုင်က ရှိတာစား၊ ဈေးကတော့ ကြီးသပေါ့နော်။အမှန်တော့ပွဲဈေးက စားစရာတွေက ပုံမှန်ရောင်းတန်းလောက်တောင် စားမကောင်းတတ်ပါဘူး ။
အိမ်ကိုဖုန်းဆက်တော့ အိမ်က မနက်ဖြန် စိုင်းစိုင်းပွဲသွားကြည့်မလို့တဲ့ ။ဟိ ..။ ဧည့်သည်ရောက်နေတော့ အမေ့ကိုဖမ်းလို့မရဖြစ်နေတာ။ မနေ့ကဆက်တော့ အင်းလေးဆင်းသွားတယ်။ ဒီည ကျောက်တိုင်ကွင်းမှာ ဟန်ထူးလွင်၊မောင်မောင်ဇော်လတ် တို့ ပွဲရှိတယ်တဲ့။မနက်ဖြန် က စိုင်းစိုင်း၊ဟန်ထွန်း ၊ဘလက်ဟိုးလ် အာဇာနည်တဲ့ ။ အယ် ..ကိုယ်ကြည့်ချင်တဲ့သူတွေပဲနာမည် မှတ်မိတယ်။ အမှန် ချစ်ကောင်းတို့လည်း ပါသေးတယ်။ လူကြီး တွေဆိုတော့ ဦးချစ်ကောင်းကြီးအားပေးဖို့ပေါ့။ အရင်တုန်းကတန်ဆောင်တိုင်က အဲ့လောက် မစည်ပါဘူးလေနော်။ အဆိုတော်တွေလာ ပွဲ လုပ်ရလောက်အောင်ပေါ့ ။ ပွဲခင်းလာတဲ့ အဆိုတော်တွေတော့ ရှိတာပေါ့။ ဘိုဖြူ ဆိုရင် အမြဲတွေ့တယ်။ကျွန်မ ကြည့်ခဲ့တဲ့ နှစ်တွေတုန်းက။ ပြန်ချင်လိုက်တာ၊ နောင်နှစ်ပြန်ရင် တန်ဆောင်တိုင်ပြန်မယ်၊အဲဒါမှ တစ်ချက်ခုတ် နှစ်ချက်ပြတ် ..ဟွန်းး။ ဖွင့်ပွဲနေ့က မီးပုံးပျံသွားကြည့်ပြီး ဒီနေ့မှထပ်ရောက်မယ် တဲ့ ။ မနေ့ကကြည့်မလို့ အဖေ က အမေတို့ကိုလှမ်းချိန်းပြီး ဟိုရောက်တော့ အဖေပျောက်နေပါသတဲ့ ။နောက်မှ အဖေက မီးပုံးပျံနဲ့ပါသွား..အဲ... မိုးပျံပူဖောင်းနဲ့ ပါသွားတာတဲ့ ။ဘယ်လိုများပါလိမ့် မထင်ပါနဲ့ ။ ဆွစ်ဇာလန် ကလာတဲ့အဖိုးကြီး လင်မယား က ဟို Hot air balloon ခေါ်မလားး အဲဒါကြီး စီး ဖို့ အဖေ့ကိုလိုက်မလားခေါ်တာ မစီးဖူးတာနဲ့လိုက်စီးတာတဲ့ ။ပျော်စရာကြီးနော်။ အဲဒါကြီးကို ပုဂံမှာ စီးလို့ရတယ်ဆိုကတည်း က စီးချင်တာ။ ဈေးကြီးတော့ မစီးနိုင်ဘူး။ အခုဟာက အဲ့လောက်တော့ ဘယ်ကြီးမလဲ အလွန်ဆုံး ၃၊ ၄ယောက် စီးနိုင်မယ့်ဟာမျိုးနေပါလိမ့်မယ်။(ပရိုက်ဗိတ် လိုမျိုးလားတော့မသိ၊သေချာမမေးလိုက်ဘူးရယ်) ဘာပဲဖြစ်ဖြစ် အိမ်ပြန်ချင်နေတဲ့ သူက ဒီလိုမျိုးအသံတွေ ကြားရင် နှလုံးသားကို ပုရွက်ဆိတ်ကိုက်သလိုပဲ ..။ ရွှေပြည်တော် မျှော်တိုင်းဝေးးးးးးးးးးး။
ဘာပဲဖြစ်ဖြစ်..အခုနောက်ပိုင်း တန်ဆောင်တိုင် ကို ပိုခမ်းခမ်းနားနားကျင်းပလာတာကို သဘောကျတယ်။ မြန်မာ့ရိုးရာ ပွဲတော်တွေ ကို မပျောက်ပျက်စေချင်ဘူး။သွားတော့မယ် ၊ တန်ဆောင်တိုင် ပွဲကို သွားမော့လိုက်ပါဦးမယ်နော်။ အပျင်းပြေ လာရေးတာပါ ဒိုင်ယာရီရယ်.. :D
ချမ်းမြေ့ကြပါစေ ။

Comments