ကြီးမိုက်..

ဒီတစ်ပတ်ဂျာနယ်က ဝတ္ထုတိုလေးတစ်ပုဒ် (ဆောင်းပါးလေးတစ်ပုဒ်) ဖတ်မိလို့ ဝေမျှလိုက်ပါတယ်။ နောက်ဆုံးအပိုဒ်လေးကို သဘောကျလို့ပါ....။
*~*~*~*~*~*~*~*~*~*~*~*~*~*~*
အသက်လေးဆယ်ကျော်မှဘဝစတယ် ဆိုပဲ၊ ဘယ်ပညာရှိသုခမိန်ကများ ဒီအဆိုအမိန့်ကို ပြောသွားပါလိမ့်၊ကျွန်တော့်အနေနဲ့ဒီစကားဟာ မှားတယ်လို့ ကန့်ကွက်ရပါလိမ့်မယ်။ တကယ်တမ်းဘဝစတာဟာ ခြောက်ဆယ်ဗျ ခြောက်ဆယ်၊ဘာလဲမယုံဘူးလား။ဒီအသက်အရွယ်မှာ ဘုရားနဲတရားနဲ့ နေရမယ့်အချိန် ရောက်နေပြီလို့ ပြောမလို့လား။ဒီမှာ စာဖတ်သူ မိတ်ဆွေမှားသွားမယ်။ ကျွန်တော်ကတော့ ခြောက်ဆယ်မပြည့်သေးပါဘူး။ယခုအသက်ခြောက်ဆယ် အသိမိတ်ဆွေ တစ်ယောက်အကြောင်း ပြောပြချင်လို့ပါ။....ဒီလိုဗျ ။
ဦးဘပု ဆိုတဲ့ ကျွန်တော့်အသိမိတ်ဆွေ တစ်ယောက်ရှိတယ်။သူက သူ့အသက်တစ်ဝက်လောက်ငယ်တဲ့ လှပချောမောတဲ့မိန်းကလေးတစ်ယောက်နဲ့ ဘာလိုလိုဖြစ်နေလေရဲ့  ။သူပြောပြတုန်းက ကျွန်တော်မယုံပါဘူး၊တလောက ကန်တော်ကြီးပန်းခြံထဲမှာ ဗီဒီယိုဇာတ်ကားတစ်ကားသွားရိုက်တုန်းကမှ သူ့ရဲ့  ဆလွန်းကားအဖြူလေးပေါ်မှာ မိန်းကလေးတစ်ယောက်နဲ့ အကြည်ဆိုက်နေတာမျက်စိနဲ့ တပ်အပ်မြင်တွေ့လိုက်ရမှဟုတ်ပေသားပဲလို့ ယုံလိုက်မိတော့တယ်။ ဦးဘပုတို့များ တယ်စွန်ပါလားပေါ့။ဘယ်လိုများ စည်းရုံးရေးဆင်းလိုက်သလဲ ဆိုတာ မေးကြည့်တော့ ဦးဘပုက သူ့ရဲ့  နှလုံးလှလူမိုက်ဇာတ်လမ်းကို အခုလိုပြောပြလေသည်။
သူသည် အငြိမ်းစားယူပြီးသည့်နောက် နိုင်ငံခြားနှင့်ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခု က သူ့အား လုပ်ငန်းအကြံပေးအရာရှိအဖြစ် ခန့်အပ်သဖြင့် ပုဂ္ဂလိကအလုပ် ကိုလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ နေ့စဉ်ရုံးတက်စရာမလို တစ်ပတ်မှာသုံးရက်လောက်သာရုံးသို့သွားရသည်။ တစ်နေ့သော် ..ရုံးသို့အသွားလမ်းမှာ မိန်းကလေးတစ်ယောက်နှင့်ဆုံမိလေသည်။သူမကဦးဘပုကို ပြုံးပြသဖြင့် သူကလည်းပြန်ပြုံးပြလိုက်သည်။ ကားတံခါးပိတ်ရင်း စကားမစပ်ပြောမိရင်းမှ ဦးဘပုတို့ရုံးသို့အလုပ်လျှောက်လွှာတင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်မှန်းသိလိုက်ရသည်။ ဦးဘပုကိုလည်း ဒီရုံးမှ အရာရှိတစ်ဦးဖြစ်လိမ့်မည် ဟူသောအတွေးဖြင့် မိန်းကလေးကအလုပ်ရရှိရေးအတွက် အရောတဝင်ရင်းရင်းနှီးနှီး ဆက်ဆံလိုက်ခြင်း ဖြစ်ပါသည်။စကားကိုအတိုချုံ့ ရလျှင် အနှီမိန်းကလေး ဦးဘပုတို့ရုံးမှာအလုပ်ရသလား မရသလားမသိ၊ဦးဘပုနှင့်တော့ ဇာတ်လမ်းဖြစ်သွားတော့၏။ မိန်းကလေးက ကွန်ပျူတာမတောက်တခေါက်တတ်ရုံဆိုတော့ အလုပ်မဖြစ်။သူတို့ ရုံးမှာ ကွန်ပျူတာကျွမ်းကျင်အဆင့်မှဖြစ်မှာမို့ အဆင့်မြင့်ကွန်ပျူတာသင်တန်း ဆက်တက်ဖို့ရန် ဦးဘပုက မိန်းကလေးအတွက် တာဝန်ယူပေးလိုက်သည်။ အင်္ဂလိပ်စကားကျွမ်းကျင်အောင်လည်း အင်္ဂလိပ်စကားပြောသင်တန်းကြေးအပြင် အင်္ဂလိပ်စကားပြောစာအုပ်တွေ သူကိုယ်တိုင်မိန်းကလေးကို အင်းဝစာအုပ်တိုက်သို့ခေါ်ဆောင်ပြီး သူမကြိုက်နှစ်သက်ရာ စာအုပ်ကိုရွေးချယ်စေပြီး ဝယ်ပေးခဲ့၏။ဦးဘပု အလုပ်အကြောင်းပြပြီး အိမ်ကထွက်လာခဲ့ပေမယ့် မိန်းကလေးနှင့်တော့ တစ်ပတ်နှစ်ကြိမ်လောက်ဆုံဖြစ်ခဲ့ကြသည်။ မိန်းကလေးလည်း ဦးဘပုကို အိမ်ထောင်ရှိမှန်း သိသော်လည်း အလိုက်သင့်ဆက်ဆံသည်။
သုံးလမျှကြာသောအခါ ဦးဘပုဇနီးရိပ်မိသွားသည်။ “ရှင်-ဒါဘယ်လိုဖြစ်တာလဲ၊ရုံးကညနေဆိုဆင်းတာ ညကြီးမိုးချုပ်မှ အိမ်ပြန်ရောက်လာတယ်၊ရှင်ခြေလှမ်းတွေ ပျက်နေတာ ကျွန်မသိတယ်နော်” ..တညတ၌ အထက်ပါစကားကို ဇနီးဖြစ်သူက ခြံထဲဝင်လာတဲ့ ဦးဘပုကားစက်မသတ်ရသေးခင် ပြောလိုက်သည်။ ဦးဘပုခမျာ မျက်နှာကြီးစပ်ဖြီးဖြီှးနှင့် “ဒီလောက်မစိုးရိမ်ပါနဲ့ကွာ၊ငါကအပေါ်ယံသက်သက်ပါ” “ဘာလဲ အပေါ်ယံသက်သက်”။
ဦးဘပုသည် သူမနှင့်နောက်အိမ်ထောင်ပြုရန် မရည်ရွယ်၊မိန်းကလေးအပေါ် နစ်မွန်အောင်အထိမရည်ရွယ်၊ မိန်းကလေးရဲ့ လိုအပ်ချက်တချို့ ကို သူဖြည့်စည်းပေးမည်၊ မိန်းကလေးနှင့်အတူထိုင် စကားပြောရတဲ့အချိန်တိုင်းမှာ ဦးဘပု အသက်တစ်ဝက်ငယ်သွားသလိုခံစားရသည်။“အချစ်ကလန်းတယ်” ဆိုပါတော့။ မိန်းကလေးက ဦးဘပုရဲ့  Girlfriend ဖြစ်၏။ ကျွန်တော်တို့ငယ်ငယ်လူပျိုလူရွယ်တုန်းက စနေနေ့ဆိုလျှင် ဗိုလ်ချုပ်ဈေးထဲလမ်းသလားတတ်၏။ မိန်းကလေးချောချောလှလှလေးတွေကို ငမ်းတတ်ကြ၏။ ဈေးထဲတွင် လူဆယ်ယောက်မှာ ယောက်ျားလေးက အများစု၊မိန်းကလေးတစ်ယောက်စ နှစ်ယောက်စသာ တွေ့ရမြင်ရသည်။ယခုအချိန်မှာတော့ မိန်းကလေးကအများစု ဖြစ်နေလေသည်။ သို့ကလိုနှင့် ဦးဘပုတစ်ယောက် အသက်ကြီးကာမှ ကံစမ်းမဲပေါက်ခြင်း ဖြစ်နေလေသည်။
“ဘာပဲဖြစ်ဖြစ်လေ၊ ရှင် ဒီအသက်အရွယ်နဲ့ ဒီလိုနေစရာထိုင်စရာလား၊ပတ်ဝန်းကျင် ရှင့်အသိုင်းအဝိုင်းက တွေ့သွားမြင်သွားရင် ဘယ်နှယ့်လုပ်မလဲ၊ရှင်မရှက်ဘူးလား” ဟုရိုးသားစွာဆိုလိုက်လျှင်ဦးဘပုမှာ ဟိုစိတ်ဒီစိတ်တွေ မရှိတော့ပါဘူး။ဒီနေရာမှာ တစ်ခုပြောဖို့ကျန်ခဲ့တာက ဦးဘပုမှာ နှလုံးရောဂါရှိသည်။ပြီးခဲ့တဲ့နှစ်ကမှ အသက်ရှူမဝ၍ ဆေးရုံတက်ခဲ့ရသေးသည်။မိန်းကလေးနှင့် ချိန်းတွေ့သည့်အခါတိုင်း ရင်ခုန်ရုံမက နှလုံးပါတုန်လာသည်။ အိမ်ပြန်လာလျှင် ဦးဘပု အမောမပြေ၊ဒါကိုသတိထားမိလာသည်။ အင်းး ရင်ခုန်သံမြန်လွန်းလျှင် အသက်တိုလိမ့်မယ်ဆိုတဲ့ အသိတရားရလာသည်။ ဒီတော့ ဘယ်လိုလုပ်မလဲ၊ရှေ့  ဆက်မတိုးဖို့ စဉ်းစားမိတာပေါ့။ ဒီကိစ္စကို တစ်ဖက်မိန်းကလေးကို ဘယ်လိုပြောရပါ့။ နှုတ်ကလည်း ဖွင့်မပြောရဲ၊မပြောရက်။
ငယ်ငယ်တုန်းက ပုံပြင်တစ်ပုဒ်ဖတ်ခဲ့ဖူးပါသည်။ ဆင်သေကောင်အနားမှာ တဝဲလည်လည် လိုက်ပါရင်း သောင်နှင့်ကမ်းနှင့်ဝေးတော့မှာ လှိုင်းပုတ်၍ ဆင်သေကောင်ရေမှာ မြုပ်တော့ ထပျံပါသော်လည်း အတောင်ညောင်းပြီး ရေထဲကျသေပွဲဝင်ရရှာတဲ့ ကျီးမိုက်တစ်ကောင်အကြောင်း ဖြစ်ပါသည်။သြော်..အသိဉာဏ်နည်းလေစွ၊ ဦးဘပုလည်း ကျီးမိုက်(သို့မဟုတ်) ကြီးမိုက်ကြီးများဖြစ်နေပြီလား..။

ထွန်းထွန်းဝင်း
စာ၂၃ Vol2-#7 လျှက်တပြက်ဂျာနယ်
*~*~*~*~*~*~*~*~*~*~*~*~*~*~*

Comments