ရွှေတိဂုံဘုရားပေါ်မှ ၉-ဌာန

ရွှေတိဂုံဘုရားပေါ်မှ ထူးခြားသော ၉-ဌာနမှာ -

၁) တဝဂူ ဆုတောင်းပြည့်ဘုရား
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့  ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတဝဂူဘုရားသို့အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရှိပြီး အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟု ဆိုလျှင်မှားမည်မဟုတ်ပေ။ တဝဂူပတ္တမြားမျက်ရှင်ဘုရားဟုလည်း ခေါ်တွင်လေသည်။ ဆုတောင်းပြည့် တဝဂူဘုရားသည် အလွန်တန်ခိုးကြီးသည့် အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တဝဂူဆုတောင်းပြည့်ဘုရားကို တက်ပြီးဆုတောင်းဆုယူ ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလူယူကြသည်။ ထီးနန်းအုပ်ချုပ် မင်းလုပ်ကြသည်။ သို့အတွက်အချင်းချင်း မသတ်ဖြတ်စေရန် နှင့် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက်မင်းညီမင်းသားများ တဝဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ရွှေနန်းရှင် ဘုရင်များက အမိန့်စာချွန်တော် ထုတ်ပြန်ခဲ့ရလေသည်ဟူ မှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့်တဝဂူဘုရားကို လူတိုင်းအလွယ်တကူ မဖူးမြော်နိုင်စေရန် နှင့် ဆုမတောင်းနိုင်ကြစေရန် အထက်ပစ္စယံ လူသူအရောက်အပေါက်နည်းသည့် နေရာတွင် လျှို့ ဝှက်တည်ထား ကိုးကွယ်ကြသည် ဟု ပြောစမှတ်ပြုကြပါသည်။

၂) ဝိဇ္ဇာဇော်ဂျီဘုရား
ရွှေတိဂုံရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်များပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထားသည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့် ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။



၃) ဆုတောင်းပြည့်ဘုရား
ရွှေတိဂုံရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင် တည်ရှိသည်။ အချို့ က ဘားလေးဘားဘုရား ဟုခေါ်ကြသည်။ ရှင်စောပု ဟုလည်း တွင်သည်။ ဘုရားအနီးတွင် စကားစိမ်း စကားဝါစသော စကားပင်လေးပင်ရှိသည်။

၎) ရှင်မထီးဘုရား
ရွှေတိဂုံဘုရားရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးဘုရား မြောက်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀ ခန့်က ရှင်မထီးဆရာတော် တည်သွားသည် ဟုပြောသည်။

၅)ရှင်အဇ္ဇဂေါဏဘုရား
ရွှေတိဂုံဘုရားရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်တွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဇဂေါဏ ကား ဆိတ်မျက်လုံးတစ်ဖက် နွားမျက်လုံးတစ်ဖက်ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရတ်တန်ခိုးဖြင့် ပုဂံခေတ် က ရွှေမိုး ငွေမိုးရွာအောင် စောင်မခဲ့သော ကိုယ်တော်ဟုလည်း ရှေးဟောင်း သမိုင်းစာပေတို့၌ ဆို၏။ ရှင်အဇ္ဇဂေါဏဆရာတော် တည် ခဲ့၍ ၎င်းတည်မှန်း လူများသိစေရန် မျက်လုံးတော် တစ်ဖက်ကျဉ်း တစ်ဖက်ကျယ် ထုလုပ်သွားကြောင်းအဆိုရှိသည်။ ထို အာရုံခံတန်ဆောင်းတွင် ရာဟုထောင့် (ဝါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွားတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင် ပြုလုပ်ထားလေသည်။

၆) ဆံတော်တွင်းရုပ်ပွားတော်
ရွှေတိဂုံဘုရား ရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်း၌ တည်ရှိသည်။ ဆံတော်တွင်း တန်ဆောင်းမှာ ဒဂုန်ခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက်မျာက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။
တန်ဆောင်းတွင်း ရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း ၅၀ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လှိုဏ်ခေါင်း ရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာဝတီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်၍ ရေတက်ရေကျရှိတိုင်း ဆံတော်တွင်း၌လည်း အတက်အကျရှိသည်ဟု ဆိုကြသည်။ ဆံတော်တွင်း အုတ်ပြဿဒ်ကို ငုံ၍ ၁၈၇၉ ခုနှစ်က တန်ဆောင်းဆောက်လုပ်လေသည်။

၇) ဘိုးဘိုးအောင်ဘုရား
ရွှေတိဂုံစေတီတော် အရှေ့ မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းရှိ ဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင် တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်း အနောက်ဘက်တွင် ကျောချင်းကပ်လျက်ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတော်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့ တွင် ခြင်္သေ့ နှင့် ကျားရုပ်ရှိသည်။

၈) လက်ပက်လက်ဘုရား
ရွှေတိဂုံစေတီတော် အရှေ့ မုခ် အာရုံခံတန်ဆောင်းအတွင်း၌ ရှိသည်။ ကကုသန် ရုပ်ပွားတော် ဖြစ်သည်။ လိုဏ် အတွင်းရှိ ကကုသန်ဘုရားရှင်ရုပ်ပွာတော်၏ လက်ယာဘက်လက်တော်မှာ အခြားဘုရားများထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထား၍ ထုထားသဖြင့် လက်ပက်လက်ဘုရားဟု ခေါ်ဝေါ်လေ့ရှိလေသည်။

၉) ပြဒါးရှင်ဘုရား
ရွှေတိဂုံဘုရား ရင်ပြင်တောအရှေ့ မုခ် နှင့် အဂါင်္ထောင့်အကြားရှိ စေတီတစ်ဆူ၏ တောင်ဘက်မုခ် အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေ၍ ပြဒါးရှင်လုံး ဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံး ရှိသည် မရှိသည်ကား အသေအချာမသိရသော်လည်း အဆိုပါ ကြေးဆင်းတုတော်မှာ ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ဆင်းတုတော်များ အနက် အလွန်သပ္ပာယ်လှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ဝန်ခံရပေသည်။

ရွှေတိဂုံအောင်မြေ မှ အံ့ဖွယ်ကိုးပါး (မင်းသော်တာ) စာအုပ်မှ ကူးယူဖော်ပြပါသည်..။

အောင်မြေ ၉ ဌာန၊ အဓိဋ္ဌာန် ၉ ဌာန၊ လူအများသတိမပြုမိသေးသော ၉ ဌာနနဲ့ အခြားသိကောင်းဖွယ်ရာများကိုလည်း ရေးသားထားပါသေးတယ်။ အပေါ်ကဓာတ်ပုံကတော့ ကျွန်မရိုက်ယူခဲ့မိတဲ့ ပုံတချို့ ပဲဖြစ်ပါတယ်။ မြန်ပြည်တစ်ခေါက် ပြန်ဖြစ်ရင်ဖြင့် သေသေချာချာအချိန်ယူ ဌာနတွေကို လိုက်ရှာဖူးရပါဦးမယ်။

Comments