ဇွတ်ငြင်းတာကို အမြဲရှောင်ပါ

ဤဆုံးမစကားသည် ကျွန်ုပ်အတွက် အလွန်အဖိုးထိုက်တန်သော စကားဖြစ်လေသည်။ အကြောင်းမူကား ကျွန်ုပ်သည် လျှော့မပေးတမ်း ဇွတ်ငြင်းတတ်သူ တစ်ဦးဖြစ်လေသည်။ ကျွန်ုပ်ငယ်ရွယ်စဉ်က ကျွန်ုပ်၏ ညီအစ်ကို တော်သူနှင့် ဇွတ်ငြင်းခဲ့ဖူး၏။ ကောလိပ်ကျောင်းသို့ ရောက်သောအခါ လောဂျစ်သင်ခန်းစာကို ယူ၍ စကားအခြေအတင်ပြိုင်ပွဲများတွင် ဝင်နွှဲခဲ့ဖူး၏ ။
နောင်အတော်ကြာသောအခါ နယူးယောက်မြို့  တွင် စကားအခြေအတင်ပြောနိုင်ရန် သင်ခန်းစာများပေးသော အတန်းများကို ဖွင့်လှစ်ခဲ့ဖူး၏ ။ တစ်ခါတုန်းက စကားအခြေအတင်အကြောင်းနှင့် ဆိုင်သော စာအုပ်တစ်အုပ်ကိုပင် ရေးဦးမည်ကြံသေး၏ ။ ဤအကြောင်းကို ပြန်ပြောပြခြင်းကို ကျွန်ုပ်သည်ရှက်ပါ၏ ။ ထို အချိန်အခါမှ စ၍ ကျွန်ုပ်သည် ကိုယ်တိုင်လည်း ဝင်ငြင်း၏ ။ သူများတွေ ငြင်းခုန်ကြသည်ကိုလည်း ကောင်းစွာအကဲခတ်ခဲ့၏။ နောက်ဆုံးတွင် တစ်ဖက်သားကိုနိုင်အောင် ငြင်းနိုင်ရန် နည်းကောင်းတစ်ခုကို တွေ့ရ၏။ ထိုနည်းကောင်းမှာ အခြားမဟုတ် တစ်ဖက်သားနှင့် မငြင်းဘဲ နေခြင်းပင်ဖြစ်လေ၏။
သင်သည် မြွေပွေးနှင့် မြေငလျင်များကို ရှောင်ရှားသကဲ့သို့ တဖက်သားနှင့် ငြင်းခုံရခြင်းကိုလည်း ရှောင်ရှားပါ။ ဆယ်ခါ ငြင်းခုံလျှင် ကိုးခါလောက်မှာ ငြင်းခုံသောသူများသည် “ငါသာလျှင်မှန်သည်”ဟု မိမိကိုယ်ကို တစ်ထစ်ချ ယုံကြည်ကြပြီးလျှင် လျှော့မပေးသည်ကိုသာ တွေ့ခဲ့ဖူး၏ ။
ငြင်းခုံခြင်းအားဖြင့် သင်သည် ဘယ်အခါမှ အမြတ်မရှိ။ အဘယ်ကြောင့်ဆိုသော် ငြင်းခုံရာ၌ သင်ရှုံးလျှင် အရှုံးအဖတ်တင်၏။ သင် အနိုင်ရသည့်အခါတွင်လည်း သင်ပင်လျှင် ရှုံးသည်ဟု မှတ်ပါ။ အဘယ်ကြောင့် ရှုံးသနည်း ဆိုသည်ကို ရှင်းပြပါအံ့။ ကောင်းပြီ..သင်နှင့် ငြင်းနေသောသူအား သူမှားကြောင်းကို သက်သေသာဓက အခိုင်အလုံပြနိုင်သောကြောင့် သင်နိုင်သည် ဆိုပါတော့။ ဒီလိုအနိုင်ရသည့်အတွက် သင်ကတော့ ပျော်နိုင်ပါရဲ့ ။ သူ့မှာ ဘယ်နှယ်ဖြစ်သွားမလဲ ။ သင့်ထက်ညံ့တဲ့လူ ဖြစ်တယ်လို့ လုပ်လိုက်တာနဲ့ မတူဘူးလား။ အဲဒီတော့ သူရှက်သွားမှာပေါ့။ ဒီလိုရှက်သွားလျှင် သူက သင့်ကို စိတ်မဆိုးပေဘူးလား။ နောက်ပြီးတော့လဲ
“နာသူလိုဘဲ လိုအောင်ပြုလျှင်
သူ့အယူ၌ စွဲမြဲမည်ပင်” ဟူသောစကားလည်း အရှိသားပဲ ။ ပန်းမျုကျုရယ် အသက်အာမခံကုမ္ပဏီ (Penn Mutual Life Insurance Company) တစ်ခုမူကား “မငြင်းနှင့်” ဟူ၍ မိမိ၏ အသက်အာမခံကိုယ်စားလှယ် များ အတွက် ဥပဒေ ထုတ်ထားဖူးလေသည်။
ငြင်းခုံခြင်းနှင့် ကုန်များကို စွံအောင်မရောင်းနိုင်။ ငြင်းခုံခြင်းဖြင့် တစ်ဖက်သား၏ စိတ်ကို ပြောင်းနိုင်မည်မဟုတ်ချေ။
..
ထို့ကြောင့် သင်ကိုယ်တိုင်ချိန်ဆ၍ ကြည့်ပေတော့။ စကားအနိုင်ရတာကို ယူမည်လား၊ သို့တည်းမဟုတ် လူတစ်ယောက်ကြည်ညိုခြင်းကို ခံယူမည်လား။ ဤမေးခွန်းနှစ်ခုကို ကောင်းစွာ ချိန်ဆ၍ ဖြေပါ။ အဘယ်ကြောင့်ဆိုသော် နှစ်ခုလုံးကို တစ်ပြိုင်တည်းရနိုင်ရန် ခဲယဉ်းသောကြောင့်ပေတည်း။
ထို့ကြောင့် ဥပဒေသအမှတ် ၁ သည် အောက်ပါအတိုင်းဖြစ်ပါ၏ ။
တစ်ဖက်သားကို မိမိဘက်သို့ပါအောင် လုပ်ရန်အတွက် အကောင်းဆုံးသောနည်းတစ်ခုသည် “ငြင်းခုံနေခြင်းကို ရှောင်ရှားပါ”
စာ- ၁၉၂ ဦးနု မိတ္တဗလဋီကာ
[Dale Carnegie - How to win Friends and Influence People]

Comments