အစွဲအလန်း

ကျွန်မက ငယ်ငယ်ကတည်းက အစွဲအလန်းကြီးတယ်။ လက်ထဲကိုင်ထားနေကျ ငယ်ငယ်ကဆော့နေကျ ကြောင်ရုပ်အနီရောင်လေး..အခုထိ ရှိသေးပါရဲ့ .. ...။ ငယ်ငယ်က စားနေကျ ထမင်းပန်းကန်လေးနဲ့ သောက်နေကျရေခွက် ..အဲ့နှစ်ခုမရှိရင်ထမင်းမစားဘူး။ ခရီးသွားတော့ လမ်းကဆိုင်မှာ ဝင်စားတာ စားနေကျ ပန်းကန်မပါလို့ မစားဘူး။ အဲ့ဒေါ့.. လူကြီးတွေက ခွံ့  ကျွေးတယ်.. အဲ့ဒါလည်း ဟင့်အင်းပဲ ။ ။ မှတ်မှတ်ရရ ပဲခူးနားက စံရွှေမြင့်ထမင်းဆိုင်လား အဲ့ဒီမှာပေါ့။
နည်းနည်းအသက်ကြီးလာတော့ အဲ့လို ကဂျိုးကဂျောင်တွေတော့ ကန့်လန့်မတိုက်တတ်တော့ဘူး။ မိဘအိမ်မှာ နေတုန်းကတော့ ထမင်းပန်းကန်အစွဲအလန်း လျော့နေသေးတယ်။ ဒါတောင် မောင်နှမနှစ်ယောက် ပုံစံခွက်လှလှလေး ကိုယ်စီနဲ့ အစွဲအလန်း ကြီးခဲ့လိုက်ကြသေးတာ။ အိမ်နဲ့ လည်းဝေးရော အဲ့ဒီ ရောဂါ ပြန်ပေါ်လာတယ်။ ကိုယ့် ပန်းကန် ခွက်ယောက်ကလေးတွေ သူများသုံးရင် မကြိုက်ဘူး။ သူများယူစားထားပြီး မဆေးတာတွေ့ရင် ပန်းကန်က ကိုယ်ကိုမျက်နှာငယ်လေးနဲ့ သနားစဖွယ်ကြည့်နေသလို ပုံစံမျိုးလေး မြင်နေတတ်လို့ စိတ်ကိုမကောင်းဘူး။ ကိုယ်ထမင်းစားနေကျပန်းကန်ကို ခေါက်ဆွဲစားတဲ့ပန်းကန်လုံးအောက်ခံအဖြစ် သူများယူသုံးတာတွေ့တာ ငိုချင်သွားပြီး အသစ်တစ်ချပ်သွားဝယ်လိုက်ရတယ်။ အဟောင်းလေးကို လည်းနှမြောစွဲလန်းနေသေးတယ်။ စာရေးကရိယာ ဘောပန် ပေတံမျိုးဆို ပိုဆိုးတာပေါ့။ တော်သေးတာ ကိုယ်ကြိုက် တဲ့ အဆင်ဒီဇိုင်းက သူများတွေသိပ်သဘောမတွေ့တဲ့ဟာ မို့ မဟုတ်ရင် လှလို့ယူလိုက်တယ်နော်ဆို အဖိုးတန်တာလည်းမဟုတ်ပဲ ငြင်းရခက်။ ကွန်ပါဘူးလေး ဖွင့်တိုင်း သတိရနေတတ်သေးတာ။ ပစ္စည်းပျောက်တာမျိုး ကျွန်မအတွက် အရမ်းဖြစ်ခဲတယ်။ စည်းကမ်းကြီးလွန်းလို့တော့ မဟုတ်ပါဘူးး..ကိုယ်ကြိုက်တာလေး ဆိုတော့ အမြဲအရိပ်တကြည့်ကြည့်နေလို့။

မှတ်မှတ်ရရ အဖြစ်ဆုံး အဖြစ်အပျက်ကတော့ -ကျောင်းနောက်ဆုံးနှစ်မှာ ၃နှစ်လုံးကိုင်တဲ့ ခဲတံလေး ပျောက်သွားတယ်။ ဘေးက သူငယ်ချင်းက ယူခြစ်ပြီး ဟိုဘက်ဘေးမှာ ထားလိုက်တာလားမသိ၊ အဲ့ကနေ ထူးဆန်းစွာပျောက်သွားတာ။ စိတ်မကောင်းခြင်းကြီးစွာနဲ့ အဲ့ခဲတံဘောပန်လေး Pental လေးကို ဆိုင် မှာပြန်သွားရှာတာ မတွေ့တော့ဘူး။ 0.3ခဲဆံ တွေနဲ့ သုံးတာပဲတွေ့တော့တယ်။ သုံးလေးရက်လောက်နေတော့ အခန်းထဲက ကောင်လေးတစ်ယောက် ကိုင်ထားတယ်။ ဆရာစာရှင်းပြ တာကို ကျွန်မခဲတံလေးကိုင်ပြီး နားထောင်လို့။ ကျွန်မလည်း ငါ့ခဲတံလေးထင်တယ် ဆိုပြီး ငေးလို့။ အဲ့ခဲတံလေးက ရိုးရိုးလေးမို့ ဘယ်သူမှမကိုင်ကြပါဘူး။ အဲ့မှာ နောက်သူငယ်ချင်းတစ်ယောက်ကို ပြောမိတာ အဲဒါငါ့ခဲတံလေးနဲ့ ဆင်လိုက်တာဆိုတော့ ..“ဟယ် အဲဒါနင့်ဟာလားး..ဟိုးတစ်နေ့က အဲ့တစ်ယောက် လိုက်မေးနေတယ်” တဲ့ ။ဆရာမက ကောက်ကိုင်ရင်း စာရှင်းပြသွား သူ့နားထားခဲ့လို့ လိုက်မေးသတဲ့။ သူမေးတဲ့အချိန်မှာ ကျွန်မ မရှိတာတော့သေချာတယ်လေ။ နောက်ရက်တွေလည်း အဲ့ခဲတံလေးနဲ့သူစာလိုက်မှတ်ရင် ငေးလို့။သူ့လက်ထဲမှာ ခဲတံကလေးကို ကိုင်လှုပ် ကိုင်လှုပ်လုပ်နေရင် လိုက်ကြည့်နေလို့ သူငယ်ချင်းကတောင် နင်မတောင်းရဲရင် ငါသွားတောင်းပေးမယ်တဲ့ ။ သူက ပိုင်ရှင်မရှိဘူးဆိုပြီး သုံးနေတော့ ကိုယ်ကပြန်တောင်းလိုက်ရင် ရှက်သွားလိမ့်မယ်။ ပြီးတော့ ခဲတံတစ်ချောင်း ကိုများ ဆိုပြီးဟားလိမ့်မယ် နေပါ့စေတော့လို့။ ကိုယ်က သူလိုက်မေးတုန်းကလည်း မသိ။ တစ်ရက်နှစ်ရက်သူသုံးနေတာကိုတောင် တူလိုက်တာဆို ငေးပြီးမှ ဆိုတော့ ..ရက်ဆွေးအမှုဟောင်းပြန်ဖော်သလို ဖြစ်နေတော့မယ်လေ။ ကျောင်းပိတ်ခါနီးကျမှ အဲ့ခဲတံမျိုးတစ်နေရာမှာတွေ့လို့ စိတ်နာနာနဲ့ နှစ်ချောင်းဝယ်ခဲ့တယ်။ (အမှန်ဆို သူ့ကိုသုံးစရာ မှ သိပ်မလိုတော့တာ)
ကျွန်မအချစ်ဆုံးခဲတံကလေး
ကိုယ်ဖြစ်နေတာက ကုက္ကုစ စိတ်လည်းမဟုတ်ဘူး ၊ကိုယ့်ပစ္စည်း ဆုံးရှုံး ပျက်စီးမှာစိုးတဲ့ စိတ်မဟုတ်ဘူး။
အဲ့ဒီပစ္စည်းကို ချစ်တဲ့ခံစားချက်က အစားထိုးလို့မရဘူး။ အဲ့ဒါကိုနှမြောနေတတ်တာ..။ သူများက ဖျောက်ဖျက်မိလို့ ချွတ်စွပ်ပြန်ဝယ်ပေးရင်တောင် မလိုချင်တော့ဘူး။ ကိုယ် ချစ်လို့ ဝယ်ထားခဲ့တဲ့ အဲ့တုန်းက ပျော်ရွှင်မှုလေးနဲ့ မတူတော့ဘူး။ အဲ့စိတ်က လူကို ဒုက္ခအတော်ပေးတတ်ပါ...။ ပစ္စည်းတစ်ခုကို ကြိုက်မိ စွဲလန်းမိရင် နှောင်ကြိုးတွေများတယ်။ ကိုယ့်စိတ်နဲ့အတော်မဖြစ်တာ။ အခုနောက်ပိုင်း သက်မဲ့တွေကို မစွဲလန်းတော့ ဘူး။ (သက်ရှိဆိုရင်ကော......) ။ သူမှသူဆိုတဲ့ Particular ကျတဲ့ စိတ်ဓာတ်ကို မနည်းဖျောက်နေရတယ်။ ပင်ပန်းလိုက်တာနော်။ အစွဲအလန်းမကြီးတဲ့ ကရကဋ်ပဲ ဖြစ်ချင်တော့တယ်။

Comments