ခရီးသွားဒိုင်ယာရီ..

ကျန်ရစ်ခဲ့တဲ့၂၀၀၈ ထဲက နေ့တချို့အကြောင်းပေါ့...

Air bagan နဲ့ဟဲဟိုးကို ၂၆မှာထွက်ခဲ့ကြတယ်။ ရန်ကုန်လေဆိပ်မှာ စတက်ကတည်းက နိုင်ငံခြားသားတွေပဲ များတယ်။ ထိုင်ပြီးကာမှာ လေယာဉ်ပေါ်တက်လာတဲ့ ဦးချစ်ကောင်း၊ (ကို)ဟန်ထွန်းတို့ကိုလည်းတွေ့လိုက်သေးတယ်။ အမှန်တော့ ဟန်ထွန်းမှန်းသေချာမသိ၊ယောင်ဝါးဝါးရယ်။ လေယာဉ်ပေါ်မှာ ကျွေးတာsandwich လေးနဲ့ ကိတ်မုန့်လေးပါ။ ဒါပေမယ့်စားလို့ကောင်းတယ်။

လေယာဉ်မယ်လေးတွေလည်း ချောကြတယ်။ :) လေယာဉ်က တောင်ကြီးကိုအရင်ဝင်တာ နောက် မန်းလေး ပုဂံကိုဆက်သွားတာပါ။ ၁နာရီခရီးဆိုတော့ တခဏအတွင်းမှာပဲ ဟဲဟိုးရောက်သွားတော့တယ်။ လေယာဉ်ပေါ်ကနေဆင်းတာနဲ့ တိုက်လာတဲ့လေက စိမ့်ကနဲပဲ။ ဒါတောင် ..တောင်ပေါ်မဟုတ်သေး၊ စစချင်းမြင်ရတဲ့ သူတွေကိုက အေးအေးလူလူ ၊စပ်စုချင်းမရှိ သူ့အလုပ်သူလုပ် လို့..အေးချမ်းလိုက်တာ။ ဒီလိုနှစ်ခြိုက်မှုမျိုးကို ရန်ကုန်လိုမြို့ပြမှာ မရခဲ့ဘူး...။ ဟဲဟိုးလေဆိပ်ကထွက်ထွက်ချင်း တောရနံ့ တောင်ရနံ့ကြောင့် စိတ်ထဲကို အလိုလိုလွတ်လပ်သွားစေတယ်။ လမ်းမှာတွေ့သမျှကတော့ ထော်လာဂျီ ပါပဲ။ ကိုရင်လေးတွေ ထော်လာဂျီထဲ မှာ ဦးပြည်းပြောင်ပြောင်လေးတွေ တန်းစီလို့ (ကန်တော့) ၊ မျက်နှာလေးတွေက အပြစ်ကင်းကင်းနဲ့ လှမ်းရယ်ပြ လက်လှမ်းပြကြတယ်။ အဲ့ဒါနဲ့ ကားပေါ်ကနေ ဓာတ်ပုံလှမ်းရိုက်ခဲ့ပါတယ်။


သဘောကျလွန်းလို့ နောက်ပြန် ထပ်လှည့်ကြည့်မိမှ ပိုပြုံးမိသွားတယ်။ မောင်းတာကလည်း ကိုရင်လေးမို့ လေ။ ရက်တွေက ကပ်နေတော့ ပင်းတယတစ်ခါတည်းသွားဖြစ်သွားတယ်။
ကလောမှာ နေခဲ့တုန်းက တည်းခဲ့တဲ့ ဟိုတယ်လေးကို သဘောကျမိပါတယ်။ သွားတည်းသင့်ပါတယ်။ အိမ်လိုမျိုးပုံစံလေးဆိုတော့ သူငယ်ချင်းတွေ စုသွားကြရင်အတော် ပျော်စရာကောင်းမှာပါ။ Suggestions အတွက်ချပေးထားတဲ့စာအုပ်ထဲမှာ ဘွဲ့ရလို့သွားလည်ကြတဲ့ သူငယ်ချင်းတွေ ရေးထားခဲ့တာ ပျော်စရာလေးတွေ။ အမှတ်တရပိုဖြစ်တာပေါ့နော်..။ နှစ်ထပ်နဲ့ မိသားစုတည်းဖို့ဟာလေးကတော့ ၂လုံးပဲထားရှိပါတယ်။ အိမ်လေးတစ်လုံးက တစ်ခြမ်းဆီမှာ အပေါ်၃ခုတင်၊အောက်ထပ် ၃ခုတင်ရှိပါတယ်။ ကျန်တာကတော့ တစ်ထပ်ဘန်ဂလိုလေးတွေများပါတယ်။ကလောမှာ ဘာမှလည်စရာသေသေချာချာမရှိပေမယ့် ညနေဆိုအေးအေးဆေးဆေးလမ်းလျှောက်လိုက်၊ ဟိုနားဒီနားထွက်လိုက်နဲ့ကို ပျော်စရာပါ။ ကလောမှာ ခြံဈေးတွေကို ရာဂဏန်းပဲ ရှိတော့ နောက်ပိုင်းအတော်ဝယ်ကြတယ်။ ရန်ကုန်မှာ တိုက်ခန်း ကွန်ဒိုကို သိန်း၈၀၀~၁၁၀၀ လောက်ထိ ပေးရတာထက်စာရင် တန်ကြတာကိုးနော်။ သျှားညို ၊ ဇင်ဝိုင်း တို့မိသားစု၊ နောက် အိန်ဒြာကျော်ဇင် တို့လည်း ဝယ်ထားတယ် တဲ့လေ။ လူမင်းကောပေါ့..တချို့ က အိမ်မဆောက်သေးဘူး ၊မြေကွက်ပဲ ဝယ်ထားကြတာ ။ အခုချိန်မြေဈေးတွေ ကျနေချိန်ဆိုတော့ အများဝယ်နိုင်ကြမှာပါလေ...။ ကလောကတော့ တောင်ကြီးလောက်မချမ်းပါဘူး။ ဒီပုံက မနက်၈း၀၀လောက်မှာ ရိုက်ထာတာ.....။

အင်းလေး ကတော့ ပုံမှန်ပေါ့လေ..။ စင်ရော်တွေအစာကျွေးရင်း သူ့လှေကို ဓာတ်ပုံရိုက်၊ ကိုယ့်လှေသူဓာတ်ပုံရိုက်ပေါ့..။ ဈေးနေ့နဲ့ ကြုံကြိုက်ခဲ့တယ်။

ရွှေဟင်္သာစားသောက်ဆိုင် မှာစားနေကျဆိုတော့ အသွားမှာ ဆေးခါးကြီးဟင်းဝင်မှာခဲ့၊ ဖောင်တော်ဦး၊ အလိုတော်ပေါက် ၊ ကြောင်ခုန်ကျောင်းတွေသွားပြီး အပြန်ထမင်းဝင်စားပေါ့။ အဲ့ဒီက အာလူးအစိမ်းသုတ်ကို စားလို့ကောင်းတယ်၊ ဂျူးထောင်းကတော့ ရှမ်းငရုတ်သီးနဲ့ စပ်မှစပ်..။ ငါးထမင်းနယ်တော့ မကောင်းဘူး၊ ငါးဒွတ်ခကလည်း ဆိုးတော့မဆိုးပါဘူး၊ ဦလေးလုပ်ပေးတာပိုစားကောင်းတယ်။ မေမေကတော့ အင်းလေးမှာ ဒီဆိုင်အကောင်းဆုံးပဲတဲ့။ သူက ဧည့်လာတိုင်းလိုက်ပို့ရင်း တစ်ဆိုင်ဆီဝင်အားပေးထားသူကိုး။အပြန် လှေကို ခေါင်တိုင်မှာကပ်..လာကြိုစောင့်နေတဲ့ ကားနဲ့ ဆယ်မိနစ်လောက်မောင်းပြီး ဟူပင်ရေပူစမ်းကို ရောက်ခဲ့ပါတယ်။

ဟိုးရှေးရှေးက လူရည်ချွန်တွေထားတဲ့ အဆောက်အအုံ ဟောင်းလေးကို တော့ ရေပူစမ်းနားမှာ တွေ့ခဲ့သား။ တရံရောအခါက ခေါင်တိုင်လူရည်ချွန်စခန်းပေါ့။ နောက်တော့ ကားနဲ့ မိနစ်နှစ်ဆယ်လောက်မောင်း ညောင်ရွှေရောက်ပါ့။ အင်းတိန်ဘုရား သွားဖို့ဟာ လမ်းလျှောက်ရမယ်ဆိုလား ပြောတာနဲ့ မသွားဖြစ်ခဲ့ကြတော့ဘူး၊ အချိန်ကလည်း အတော်လုသွားခဲ့ရတာ..။
၂၀၀၀ခုနှစ်ပတ်ဝန်းကျင်လောက်က အဖိုးနဲ့ရောက်ခဲ့ဖူးတဲ့ ညောင်ရွှေဟော် (နောက်ဆုံး စဝ်ရွှေသိုက်နေခဲ့တဲ့ဟော်) ကိုလည်းရောက်ခဲ့တယ်။ ၂၀၀၆လောက်ကစတင်လို့ ဗုဒ္ဓပြတိုက် အမည်နဲ့ ဘုရားအဆူဆူပင့်ဆောင်ထားပါတယ်။ ပထမတစ်ခေါက်ရောက်ဖူးတုန်းကတော့ စော်ဘွားအင်္ကျီတွေ မဟာဒေဝီအသုံးအဆောင်တွေ၊ တွေ့ခဲ့သေးတယ်။ အခုတော့ ယဉ်ကျေးမှုပြတိုက်မှာ ထားဖို့ဆိုလား၊နေပြည်တော်ကို သယ်သွားကြပြီဆိုလားပါပဲ။ အိမ်အခွံကြီး ပဲ ရှိတော့တာပေါ့လေ..။ ရှေးဘုရားတွေရယ်၊ အင်းလေးက ဖောင်တော်ဦးဘုရား ကြွရင်သီတင်းသုံးဖို့ပလ္လင်တော့ စံပ္ပာယ်ထားတာကို တွေ့ခဲ့တယ်။ လိုက်ရှင်းပြတဲ့ ညီမလေးက ပလ္လင်ကိုဦးခိုက်ဆုတောင်းရပါတယ် ဆိုလို့ ဦးခိုက်ခဲ့သေးတယ်။ နောက်အိမ်က ပူဇော်ထားတဲ့ နှီးဘုရားကိုယ်တော်ကိုပဲ ဖူးဖို့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။


ဓာတ်ပုံ မရိုက်ရ လို့ကပ်ထားတာတောင် ဓာတ်ပုံ ရိုက်ဖို့အခွင့်ချောင်းနေခဲ့သေးတာ..၊နောက်တော့ ဟော်ထဲဝင်လို့ အခန်းတစ်ခုထဲ ဝင်သွားမိရာက စိတ်ဓာတ်ခြောက်ခြားလို့ လူအုပ်နဲ့ အတင်းလိုက်ကပ်လျှောက်ကြည့်တာနဲ့ ကင်မရာတောင်မထုတ်ဖြစ်၊ ပိုဆိုးတာ မြေတိုက် ( စော်ဘွားကြီး ရုံးလုပ်ထားတဲ့ အထပ်ပေါ့နော်)ထဲ ဆင်းကြည့်မိတာပဲ..။ ကိုယ်ထပ်ချပ်မကွာကပ်ထားတဲ့ အဒေါ်ကလည်း သတ္တိခဲ အောက်ခန်းကို အပေါ်ကနေ လှမ်းကြည့်ပြီးကတည်းက ကျန်နေခဲ့တာ။ အဲဒါနဲ့ သူငယ်ချင်းလက်ကို ချိတ် လှေကားကို တထစ်ချင်းဆင်းး..မျက်စိထဲ တန်းဝင်လာတာက မြေအောက်ထပ်အလယ်ခေါင်က အချုပ်တိုင်တွေလိုမျိုး သံတိုင်ကာထားတဲ့ အခန်းငယ်လေး။ အခွန်ခန်း၊ နောက် ဆင်နားရွက်ကလေးလိုမျိုးနဲ့ စော်ဘွားကြီးရဲ့  ရုံးခန်း၊ ..။အဲ့သံတိုင်ကာထားတဲ့ အခန်းကို လိုက်ရှင်းပြတဲ့ ညီမလေးက ငွေတိုက်ခန်း လို့ပြောပါတယ်။ တချို့  က အချုပ်ခန်းလို့ ပြောတာမဟုတ်ပါဘူးတဲ့။ လူကကြက်သီးတွေလည်း ထ၊ စိမ့်စိမ့်မှောင်မှောင်နဲ့၊ ဟိုးအရင်ကတော့ ရှိတဲ့ တံခါးတွေ ဖွင့်မှာပေါ့နော်။ တံခါးပြတင်းတွေကလည်း သံတိုင်လေးတွေနဲ့ပါ။ မြေကြီးကလည်း အေးစက်စက်..နောက်တော့ အပေါ်ကို အမြန်ပြန်တက်လာကြတယ်။ တက်လာပြီးမှ ဂိုက်မလေးကို ဒီဟော်ကြီးက လွန်ခဲ့တဲ့ နှစ်၃၀၀ကျော်ကတည်းက ဆောက်ခဲ့တာဆိုတော့ သရဲမခြောက်ဖူးလားလို့ မေးမိတော့တယ်။ ကောင်မလေးက ရယ် တယ်..နောက်..ခြောက်တာပေါ့ တဲ့ ကျွန်မတို့ကျ ကိုယ့်လူလိုဖြစ်နေပြီတဲ့ ။ သူငယ်ချင်းနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်။ သူငယ်ချင်းကတောင် အကြောက်ပြေနောက်နေသေးတယ်။ ညီမလေးကတော့ လူပါနော်လို့။ ဟို ပြတိုက်ထဲက လူ ဟာသလိုလေ..။(ကျွန်တော်နေခဲ့တဲ့ နှစ်၂၀၀အတွင်းမှာတော့ သရဲခြောက်တဲ့ အဖြစ်မျိုးမရှိပါဘူး ဆိုတဲ့ဟာ) ကားပေါ်ရောက်တော့ ဦးလေးက အဲ့အချုပ်ခန်းထဲမှာ သံကွင်းဆိုလား ထိပ်တုံးဆိုလားရှိသတဲ့ ၊ တွေ့ခဲ့လားတဲ့။ အမလေး..သေချာအထဲကို စိုက်ကြည့်ဖို့နေနေသာသာ လမ်းလျှောက်တာတောင် ကျောမလုံဘူး လို့။ တော်ရုံ အရမ်းကြောက်တတ်တဲ့သူမဟုတ်ပါဘူး ကျွန်မတို့က၊ ဒါပေမယ့် ဘာလို့မှန်းမသိဘူး ခြောက်ခြောက်ခြားခြားနဲ့..။ မဟာဒေဝီတွေနေခဲ့တဲ့အခန်းတွေ ၊လှေကားဝှက်တွေဘာတွေနဲ့ပါ။ အိမ်သာတွေကလည်း ဘိုထိုင်တွေဘာတွေနဲ့ပါတဲ့။ မင်းတုန်းမင်း လက်ထက်တော်ကတည်းက ဘုံလေးဆင့် နဲ့နေဖို့ ချီးမြှင့်ခံထားရတဲ့ စော်ဘွားကြီး စစံခဲ့တာပေါ့။ နောက်ဆုံးစံခဲ့တဲ့ စဝ်ရွှေသိုက်လက်ထက်မှ မဟုတ်ပဲ..ဟိုးဘိုးဘေးခေတ် စဆောက်ကတည်းကလို့ပြောပါတယ်။ လိုက်ပြပေးတဲ့ ညီမလေးက စော်ဘွားတွေရဲ့ ကိုယ်ရံတော်ဘာညာ က အဆက် တဲ့၊ သူတို့ မနှစ်ကတုန်းကလည်း ဒီဟော်ကြီးထဲ အစောင့် အိပ်ပေးဖူးတယ်တဲ့။ လုံခြုံရေးဆိုပြီး စောင့်ပေးရတာ အမျိုးသမီး၃ယောက်တည်းဆိုပဲ..။ လှေကြီးတွေ ထားတားတဲ့ အခန်းကတော့ ထမင်းစားဆောင်၊ အမှန်အောက်ထပ် ကို ဆင်းတဲ့ လှေကားနေရာကို ပိတ်ပလိုက်လို့ပါတဲ့။ တစ်နေရာမှ ဗီဒိုလိုမျိုးထောင်ထားပြီး သော့ချ(ခတ်)ထားတယ်..အဲ့ဒါအောက်ကို ဆင်းတဲ့ လှေကားပါတဲ့။ လှေကားဝှက်ပေါ့နော်..။ ညောင်ရွှေက နှီးဘုရားတော့ မဖူးခဲ့ရပါ၊ တနင်္လာနေ့ဖြစ်နေလို့..။ မြင်းမထိဂူတုန်းကတောင် ပြောနေကြသေးတယ်..ဂူထဲမှာ ဓာတ်ပုံရိုက်ပြီးရင် မြွေလိုမျိုးတွေ ပေါ်တတ်တယ်ဆိုတာမျိုး၊ ဒါတောင် ရိုက်လိုက်ခဲ့သေးတာ တဖျတ်ဖျတ်နဲ့။

မြင်းမထိရွာလေးပါတဲ့။ RCတိုက်တွေချည်းပဲရှင့်..။

မြင်းမထိဂူထဲက ဘုရားတွေ လက်တော်အောက်မှာ ဆင်ခံလေးတွေနဲ့ ၊အဲ့လိုမျိုး မဖူးဘူးလို့ ဓာတ်ပုံရိုက်လာတာပါ။နောက်တော့တောင်ကြီးရောက် ညစာစားကြနဲ့ အိပ်လိုက်ကြတာ မနက်၆နာရီ မေမေလာနှိုးမှနိုးတယ်။ ဒါတောင်မထချင်ဘူး။ (မထချင်တာတော့မနက်တိုင်းလိုပါပဲ။) အိမ်ရှေ့ မှာ လမ်းလျှောက်ပြန်လာတဲ့သူတွေ ကတော့ ပြန်တောင်လာနေပြီ၊ တချို့ တလေလက်ထဲမှာ ချယ်ရီပန်းခိုင်တွေနဲ့...။ တောင်ကြီး တက္ကသိုလ်ဘက်က ခူးလာတာဖြစ်မယ်လို့ တွက်မိလိုက်တယ်။ တက္ကသိုလ်ဘုန်းနိုင်စာအုပ်တွေကို အမှတ်ရမိတယ်။ သူရေးခဲ့တဲ့ မီးခြားလမ်း (ချစ်သူလမ်းကြား) လေးလည်း သီချင်းထဲမှာပဲ စာအုပ်ထဲမှာပဲ ကျန်ခဲ့တော့တယ်။ မီးရထားလမ်းလေးဖြစ်နေတာ ကြာခဲ့ပြီရောပေါ့...။

ကြားထဲမှာ ရွှေဘုန်းပွင့်ဘုရားတက်ကြပါတယ်။ စေတီက ရွှေချဖို့ပြင်ဆင်နေကြတုန်း၊ အောက်ကဓာတ်ပုံက ကျွန်မမေမေငယ်ငယ်တုန်းက စေတီစတည်ဖို့ကို အုတ်အဆင့်ဆင့်သယ်၊ လုပ်အားလှူနေတဲ့ပုံပါ။ အမှတ်တရရိုက်လာတာပါ..။ စူဠာမုနိဘုရားတက်လိုက်ကြသေးတယ်။ နောက်နေ့ကျ ဟိုပုံးဘက်ထွက် တောင်ကြီးတက္ကသိုလ်၊မီးပုံးပျံကွင်းပတ်ဝင် ပြီးတော့ ကက္ကူဘုရားဆက်သွားကြတယ်။ ဒါကတော့ မီးပုံပျံကွင်းအသစ် (တတိယနေရာ)ပေါ့..။ ၂၀၀ရ ကစလို့ အဲ့မှာပဲ ကျင်းပတော့တာ ..။

ကျွန်မတို့ငယ်ငယ်က တိုးတိုးဝှေ့ဝှေ့သွားကြည့်ခဲ့ဖူးတဲ့ မီးပုံးပျံပွဲကျင်းပရာ အားကစားကွင်းလေး ပေါ့။

နောက်ပိုင်း စူဠာမုနိဘုရားအောက်နားမှာလည်း မီးပုံးပျံပွဲကို ကျင်းပလိုက်ပါသေးတယ်။ အခုလို ကျယ်ကျယ်ဝန်းဝန်း သတ်သတ်မှတ်မှတ်ဆိုတော့ ကောင်းပါတယ်။ နှစ်သစ်ကို တောင်ကြီးမှာတစ်ခါမှ မနေဖူးပါဘူး၊ ၃၁ရက်ညမှာ သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လမ်းလျှောက်ကြမယ်ဆိုပြီး ချမ်းချမ်းနဲ့ စကားပြောနေကြတာ။ အပြင်လမ်းမပေါ်က တုန်ချန် တုန်ချန် သံတွေ ကြားတော့ နှစ်ယောက်သား အံ့တွေသြလို့..။ ဆူညံနေကြတာပဲ။ ဒီပုံစံအတိုင်းဆို ငါတို့နှစ်ယောက် အိမ်တွင်းအောင်းကြတာပေါ့ လို့ ဆုံးဖြတ်ရင်း သတင်းစုံဖန်တီးလိုက်ကြတာ..ဟေးးးဆိုတဲ့ အော်သံတွေ ကြားရပြန်တယ်။ ဆက်တိုက် လင်ကွင်းခြမ်းသံ တွေ၊ဆိုင်ကယ်သံတွေနဲ့ ဆိုတော့ နှစ်ကူးတာတောင် မသိလိုက်ဘူး၊ နာရီကြည့်လို့ ၁နာရီကျမှ ဟယ် ..ခုနကအသံတွေက နှစ်ကူးသွားလို့ အော်တာတွေပဲ လို့သိတော့ တယ်။ အပြင်ထွက်ကြည့်တော့ ကောင်းကင်မှာ ခုနှစ်စဉ်ကြယ်နဲ့ အတူ မီးပုံးလေးတွေ မှိတ်တုတ်တုတ် ၊ တရုတ်မီးရှူးဖောက်သံတွေလည်း ကြားရဆဲ။ တောင်ကြီးကို တန်ဆောင်တိုင်မှာပဲ အားလုံးပျော်တတ်ကြတယ်ထင်တာ ဒီလိုဆိုတော့လည်းး..။ ဆရာကျောင်း က ဒင်နာမှာ ဒီတစ်ခေါက် T&M ကမော်ဒယ်လ် တွေ ခေါ်တယ်။ သူတို့ ရှိုးလျှောက် သီချင်းဆိုပေါ့လေ။ နောက်နေ့နှစ်သစ်အပြင်ထွက်တော့ ဒေသခံဦးလေးကြီးက -မနက်မိုးလင်းတော့ လမ်းမတလျောက်မှာ ပုလင်းကွဲတွေချည်းပဲ ဆိုပြီး ညည်းနေသံကြားရတယ်။ ဘယ်နဲ့ဗျာ အင်္ဂလိပ်နှစ်ကူးလည်း မနေရနဲ့ ဆက်တောက်တီးနေသေးတယ်။ နှစ်သစ်မှာ စပ်စပ်ဆော့ဆော့ ငယ်သူမို့မသိပါ သွားကြည့်မိခဲ့တယ်။ ကြည့်မိမှား၊ ကိုယ့်အချိန်တွေက မြန်မာပြည်မှာဆိုပို အကျိုးရှိလေတော့ ပြီးအောင်ဆက်မကြည့်ပဲ ကော်ဖီဆိုင်ကူးကြတော့တယ်။ ဆိုင်နာမည်က sweet heart တဲ့။ ဂစ်တာလေးတွေနဲ့ ဒရမ်ဆက်နဲ့ တီးဝိုင်းလေးရှိတယ်။ ဆိုင်လေးက နွေးနွေးထွေးထွေးနဲ့ ထိုင်လို့ကောင်းတယ်။ တောင်ကြီးသူ တောင်ကြီးသားတွေ တီးကြ ဆိုကြတာလည်း အတော်နားထောင်ကောင်းပါတယ်။ မကောင်းတာတော့ ကာဖီ ပေါ့၊ latte မှာ တော့ လာချပေးတာ ဝိုင်သောက်တဲ့ ခွက်လိုမျိုးနဲ့ လူတောင်မျက်စိလည်သွားတယ်။ သောက်တော့လည်း အိမ်မှာနှပ်ဖျော်တဲ့ ကော်ဖီကြမ်းလောက်တောင် မကောင်း၊ ဈေးကတော့ ရှားတယ်ဆရာ...တစ်ခွက် ၁၂၀၀ကျပ်.။ တန်အောင် သီချင်းဆိုတာ နားထောင် ၊ဘေး က ပရောဂျက်တာက ပြပေးနေတဲ့ ချာလီချက်ပလင် ကြည့်လိုက်နဲ့.. အခုနက လူမင်းဆီကလည်း စိတ်ပျက်လာတာလေးတွေ အဲ့ကျမှ ပြေသွားတော့တယ်။ အဟိ..။ ဆိုင်ထဲက ခြေတစ်လှမ်းထွက်လိုက်တာနဲ့ စိမ့်ကနဲအေးတာပါပဲ..တောင်ကြီးဆောင်းကတော့။ နောက်ညမှာ ထမင်းဆိုင်မှာ ညစာစားတော့ ကြက်သားပျားရည်ကြော်၊ ပုဇွန်ချိုချဉ်၊အော့ဇွန်းသုတ်(ဆလတ်ရိုးသုတ်)၊ကြက်သားလုံးနဲ့ ရွှေပဲရွက်ဟင်းချို၊နောက် အရွက်၂မျိုးကိုပိုက်ဆံ ၁၆၀၀၀ ဝန်းကျင်ပဲပေးလိုက်ရလို့ ဒေါ်လာ၂၀ တောင်မကျပါလားလို့ လို့တွက်မိသေးတယ်။ တောင်ကြီးမြို့ လေးက အေးချမ်းလိုက်တာ ၊ အရင်တစ်ခေါက်ရောက်ခဲ့တဲ့ ၂၀၀၆ကနဲ့ မတူ bakery ဆိုင်လေးတွေများလာတယ်၊ နောက်အင်တာနက်ဆိုင်လေးတွေ အတော်များလာတယ်။ အင်တာနက်ကလည်း ရန်ကုန်ထက်တောင် မြန်သလိုလိုပဲ ..။ ရန်ကုန်ကိုတောင် မပြန်ချင်တော့ဘူး၊ သူငယ်ချင်းတောင် လည်လို့အားမရတာနဲ့ သူ့ဝတ္ထုတောင် မရေးဖြစ်လိုက်ရှာဘူး။ အဟတ်..။ အိမ်မှာနားတဲ့ တစ်ရက်ကလည်း ကာရာအိုကေဆိုလိုက်ကြ ၊ မုန့်ဝယ်လာစားကြနဲ့..အချိန်ကို မလောက်ပါဘူးလေ။ ဒါတောင် တောင်ကြီးမှာ တစ်ပတ်နေခဲ့တာ ။ အသက်ကြီးလာမှန်း သိသာလာတာဖြစ်မယ်ထင်ပါရဲ့  ...အေးချမ်းတဲ့ မြို့ လေး၊ ရိုးသားတဲ့ သူတွေနဲ့ မြို့ လေးကို အကြီးအကျယ်သဘောကျနေမိတော့တယ်။ အစားအသောက်တွေ လတ်ဆတ်ဈေးချိုတာလည်း အဓိကသဘောကျမိတာပေါ့။ အေးအေးဆေးဆေး ပြန်သွားနေချင်သေးတယ်ရှင်.....။ အပြန်လေယာဉ်ပေါ်ကနေ ရိုက်လာတာ...အောင်ပန်းမြို့ လေးထင်ပါရဲ့ ...။ပြန်လည်ဆုံဦးမယ် တောင်ကြီးရယ်....။

စကားမစပ်..နိုင်ငံခြားသားဧည့်သည်အတော်များများက အင်းလေးတို့ဘာတို့သာသွားကြတာ တောင်ကြီးကို တက်လေ့မရှိကြဘူးရှင့်။ မီးပုံးပျံပွဲကို တချို့ မသိကြသေးဘူး။ သူတို့လာတဲ့အချိန်ကလည်း မီးပုံးပွဲနဲ့ကိုက်ဖို့ ခက်တာကိုးနော်။

===++++===++++===++++===

နောက်ဆက်တွဲအဖြစ် ဖတ်ရတဲ့ သတင်းလေး ထပ်ဖြည့်လိုက်ပါတယ်။

သျှမ်းသံတော်ဆင့်

မူလသျှမ်းဘာသာအဓိပ္ပါယ် ယောင်ဟွေ့ (ချိုင့်ဝှမ်းရှိုစပါးကျီ) မှ ညောင်ရွှေဟု ဗမာမှုပြုအသံဖလှယ်လိုက် သော၎င်းမြို့သည် သျှမ်းစော်ဘွားများအုပ်ချုပ်သည့် ပြည်နယ်မြို့တော်များအနက် ရှေးအကျဆုံးမြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ် A.D 1369 ကတည်းက တည်ထောင်ခဲ့သော သျှမ်းစော်ဘွားပြည်နယ်တခု၏ ခေတ် အဆက်ဆက် မိရိုးဖလာအဖိုးတန်ရှေးဟောင်း ပစ္စည်း ထားရှိရာ အဆိုပါ ယောင်ဟွေ့ ဟော်နန်းကို မဆလခေတ်ကတည်းက သမိုင်းပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။ ယောင်ဟွေ့နယ်ကိုအုပ်စိုးခဲ့သော နောက်ဆုံးမင်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထဦးဆုံး သမ္မတဖြစ်သူ သတိုးမဟာ သရေစည်သူ စ၀်ရွှေသိုက်ဖြစ်၏။ ၎င်း၏ကြင်ယာတော်ကား သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ ကိုဦးဆောင်တည် ထောင်ခဲ့သူ မဟာဒေ၀ီစ၀်နန်းဟိန်းခမ်း ဖြစ်သည်။

Comments