မငြင်းဆိုနိုင် မိန်းမနိုင်ငံသို့လိုက်၍....

ဇာတ်တော်ကြီး ဆယ်ဘွဲ့ ထဲက ဆရာတော်(မင်းဘူး)ဦးသြဘာသ ရေးတဲ့ ဝေဿန္တရာဇာတ်တော်ကြီး ထဲက စာပိုဒ်တစ်ပိုဒ်ပါ။ ဆရာတော်ရေးသားခဲ့တဲ့ ဇာတ်တော်တစ်ဘွဲ့ လုံးက တော့ အညွန့်အဖူးစာစုတွေချည်းပါပဲ။ ဒီ စာစုကတော့ အမိတ္တာပုံ ရဲ့  လင်ယောက်ျားကို ပြောဆိုပုံ၊ စူဇကာပုဏ္ဏားကို ပုံဖော်ထားပုံကို မျက်စိထဲ ကွင်းကွင်းကွက်ကွက်ပေါ်လာစေလို့ နှစ်ခြိုက်မိပါတယ်။ ဇာတ်တော်အရ -ပုဏ္ဏားအိုကို ဝေဿန္တရာ မင်းကြီးဆီကနေ ကျွန်ယောက်ျား ကျွန်မိန်းမ တောင်းခံချေလို့ ဝင်္ကပါတောင်ကို စေလွှတ်တာပါ။(ဒီလို တောင်းခံစကားကို - ဘုရားလောင်းပါရမီဖြည့်စေခြင်းငှာ နတ်တို့ကလှည့်ပတ်သဖြင့် အမိတ္တာပုံကဆိုမိတယ် လို့ ပါရှိပါတယ်) ။ မိန်းမမာယာ ခေါ်မလား ခြိမ်းခြောက်ပုံက လည်း ပြုံးချင်စရာပါပဲ..။
==***==***==***==***==***==***==
အမိတ္တာပုံ ၏ စကားကို ကြားလျှင် ဇူဇကာပုဏ္ဏားသည် “အမယ် ၊ ငါကား အိုမင်းသည်ဖြစ်၍ အားမရှိပြီ ။ ယခုသင်ပြောသောတောင်သည် ဝေးလှ၏ ။ ခရီးဝေးစွာ မသွားနိုင်ပြီ။ သင်သည် မစိုးရိမ်လင့်။ ငါပင်သင့်ကို လုပ်ကျွေးပါအံ့။ မငိုကြွးနှင့် ၊ နှလုံးမသာ မရှိလင့်” ဟု ဆိုပြန်၏။
ထိုစကားကို ကြားလျှင် အမိတ္တာပုံ သည် “အရှင်ပုဏ္ဏား ၊ သင်သည် စစ်မြေအရပ်သို့မျှ မထွက်မသွားသေးဘဲလျက် ရှုံးခဲ့ပြီဟု ဆိုသော စစ်သူကြီးကဲ့သို့ မသွားမီကပင် “မသွားနိုင်” ဟု သင်ဆိုဘိ၏ ။စင်စစ် ကျွန်ယောက်ျား ၊ကျွန်မိန်းမကို ရအောင်မရှာလျှင် ငါသင့်အိမ်၌ မနေပြီ။ ထိုသို့ ငါနှင့်ကင်းသောသင့်အား ကြီးစွာသောဆင်းရဲရောက်လတ္တံ့။ ဤရွာ၌ နက္ခတ်သဘင် ကြိမ်သောအခါ၌ လည်းကောင်း၊ ဥတု၆ပါး၏ အစ၌ သဘင်ကာလ ကြိမ်သောအခါ၌ လည်းကောင်း ငါသည်ယောက်ျားတစ်ပါးနှင့် နေ၍ ပွဲသဘင်၌ တင့်တယ်စွာ ပျော်ရွှင်မြူးထူးသော ငါ့ကို သင်မြင်ရသောအခါ ကြီးစွာသောဆင်းရဲခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးမြည်တမ်းခြင်းဖြင့် နှိပ်စက်ပြန်လျှင် အသက်အရွယ်အိုမင်း၍ ကျောက်ကုန်းညွှတ်ခြင်းရှိရတွင် ထပ်၍ ညွတ်ခွေ မြေနှင့်မျက်နှာ ထိလုမခန်း ရှိလိမ့်သတည်း။ သင်၏ ဆံပင်သည်လည်း ဖောင်းပွင့်ကဲ့သို့ ခေါင်းလုံးကျွတ်မျှ ဆွတ်ဆွတ်ထပ်၍ ဖြူလိမ့်သတည်း” ဟုဆို၏။
ထို အမိတ္တာပုံ၏ စကားကိုကြားလျှင် အရွယ်လွန်မြောက် ကျောက်ကုန်းညွတ်ခွေ အရေတွန့်လိပ် မုတ်ဆိတ်ဆံကြောင်ကျား သွားပဲ့ ပါးပိန် သေချိန်ရောက်လုနီး အသက်ကြီး ဇူဇကာပုဏ္ဏားအိုသည် မယားပျိုကို ရ၍ ရာဂနှိပ်စက် နှောင့်ယှက်လေသောအလျောက် ချစ်ကြောက်အလိုလိုက် မိုက်စွာသောမောဟ ဖုံးလွှမ်းခြင်းဖြင့် မငြင်းဆိုနိုင် မိန်းမနိုင်ငံသို့လိုက်၍....
==***==***==***==***==***==***==
စာ ၉၄၂ (ဝေဿန္တရာဇာတ်တော်ကြီး)

Comments