နေရာဟောင်းကို ပြန်ချင်လေမလားး..

ဘဘဦးသုခရဲ့  စာအုပ်ထဲက တွေးချင်စရာ စာစုကလေးပါ။ ဖတ်ရင်း မှတ်ရင်း လိုတာယူ မလိုတာချန်ထားခဲ့ ကြပါ...။ အသေအကျေ ချုံ့ မှတ်လိုက်ရပါသဖြင့် စာဖတ်၍ ခပ်ထောင့်ထောင့်ဖြစ်နေပါလျှင် ခွင့်လွှတ်ကြပါကုန်။
=ဂ=ဂ=ဂ=ဂ=
တိရစ္ဆာန ကထာ တဲ့.. တိရစ္ဆာန်- ကောင်းကင်ကို ဖီလာပြု၍ သွားလာတတ်သော သတ္တဝါ ကထာ- ပြောသောစကား( ဥပမာ- မဂ္ဂကထာဆိုရင် မဂ်ဖိုလ်ရောက်အောင် ဟောသောတရား ပေါ့) တိရစ္ဆာန ကထာ လို့တွဲသုံးလိုက်တဲ့ အခါမှာတော့ ကောင်းကင်ကို ဖီလာကျောပေးလေ့ ရှိသော တိရစ္ဆာန်များကို ဥပမာပြုပြီး နိဗ္ဗာန်မဂ်ဖိုလ် နှင့် ဖီလာပြုသော အချည်းနှီးသောစကား လို့ အဓိပ္ပာယ်ဆိုလိုပါတယ်။
တိရစ္ဆာန်တွေဟာ မိုးကောင်းကင်ကို ဖီလာပြုသကဲ့သို့ နိဗ္ဗာန်မဂ်ဖိုလ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော “အလေဏတော”စကား၊ အကျိုးမရှိသောစကား၊ သိမ်ဖျင်းသောစကား၊ လေးလေးနက်နက်မရှိသောစကား။ ဥပုသ်သီတင်းသည် သူတော်စင် သူတော်ကောင်းများဟာ အထက်ပါစကားမျိုးကို ရှောင်ကြဉ်ရပါတယ်။ စကားအပြောအဆို နည်းနိုင်သမျှ နည်းအောင် နေတော်မူလေ့ရှိပါတယ်။

တကယ်တော့ အဲ့ဒီ တိရစ္ဆာန ကထာ ဆိုပြီး တိရစ္ဆာန်တွေနဲ့သာ ခိုင်းနှိုင်းသုံးစွဲလိုက်တာ အဲ့လို ကထာ မျိုးကို ကျင့်သုံးတာတိရစ္ဆာန် သတ္တဝါ တွေ မဟုတ်ပဲ လူသတ္တဝါတွေသာ ဖြစ်နေတတ်ပါတယ်။ တိရစ္ဆာန်တွေဟာ စကားနည်းကြပါတယ် (အများအားဖြင့်) ၊ ပြောရင်လည်း စိတ်ထဲရှိတဲ့အတိုင်းသာ သံထွက်လာလေ့ရှိကြပါတယ်။
နာကျင်ရင် ညည်းညူမယ်၊ ဒေါသဖြစ်ရင် ခြိမ်းခြောက်မယ်၊ ချစ်ရင်ချစ်သလို မုန်းရင်မုန်းသလို အသံပြုတတ်ကြပါတယ်။ ခေမာမိဖုရားက အိပ်မက် အရ ရွှေဟင်္သာမင်း တရားဟောတာ နာကြားချင်လို့ သံယမမင်းကြီးကို ပူဆာပါတယ်။ အဲ့မှာ သံယမမင်းကြီးက ဘေးမဲ့ရေကန်တော်ကြီးကို မြို့နဲ့မနီးမဝေးမှာ တည်ဆောက်စေပြီး ဟင်္သာအပေါင်းလာရောက်ကျက်စားတော့မှ ဟင်္သာမင်းကို ညွှတ်ကွင်းထောင်လို့ ဖမ်းဆီးစေပါတယ်။ ဖမ်းမိပြီးတော့ ဟင်္သာမင်းကို စကားပြော(တရားဟော)စေတဲ့အခါ ဟင်္သာမင်းက နှုတ်ပိတ်နေပါတယ်။ မင်းကြီးက လူတွေကို ကြောက်လို့ နှုတ်ပိတ်နေတာလား လို့ မေးတော့ လူတွေနဲ့ စကားပြောရာမှ စက်ဆုပ်တဲ့ အတွက် မပြောတာပါ လို့ ပြန်ဖြေပါတယ်။

တိရစ္ဆာန်တွေ မှာ စည်း ရှိပါတယ်။ ရေနေသတ္တဝါတွေက ကုန်းပေါ်တက်ပြီး ကျက်မစားဘူး၊ ကုန်းသတ္တဝါက ရေမှာသွားပြီး မင်းမူတာမျိုး မလုပ်ပါဘူး။ အသားကို စားတဲ့ တိရစ္ဆာန်က အသီးအရွက်မစားပါဘူး။ လူတွေက တိရစ္ဆာန်တွေ ထက် သာ ဉာဏ် ဆိုတာကြီးပါတယ်လို့ ပြောတတ်ကြပါတယ်။

တကယ်တော့ အဲ့ ဉာဏ် ဆိုတာကြီးက သူတစ်ပါးကို ဒုက္ခပေးဖို့ အတွက်သုံးတာ များနေတာမျိုး။ အရက်ကိုးမောင်းတိုက်လွှတ်လိုက်တဲ့ နာဠာဂီရိဆင်ကြီး ကို မြတ်စွာဘုရားက မေတ္တာရှေးရှုဆုံးမနိုင်ခဲ့ပေမယ့် ညီတော်တစ်ဝမ်းကွဲရှင်ဒေဝဒတ်ကတော့ မြတ်စွာဘုရားရဲ့  မေတ္တာကို မခံယူနိုင်ဘူး။ မြတ်စွာဘုရားက ပပလဲတောကြီးထဲမှာ သီတင်းသုံးတော်မူချိန်မှာ ဝတ်ကြီးဝတ်ငယ်ပြုစုပေးတဲ့ ဆင်ကြီး (ပပလဲဆင်ကြီး) ဟာ မြတ်စွာဘုရား ကောသမ္ဗီကျောင်းတော်ကို ပြန်ကြွတော့ နောက်ကတကောက်ကောက် လိုက်ပါလာရှာတယ်။ လူတွေနားနီးလာလို့ ဆင်ကြီးကို နေရစ်ခဲ့တော့လို့ မှာကြားတဲ့အခါ ဆင်ကြီးဟာ ပုဆစ်တုပ်ဦးချ မျက်ရည်တွေတွေကျပြီး ကျန်ခဲ့ရှာတယ်။ မျက်စိအောက်ကနေ မြတ်စွာဘုရား ပျောက်ကွယ်သွားချိန်မှာတော့ ရင်ကွဲနာကျ သေရှာတယ်။ (အဲ့ဒီ ပပလဲဆင်ကြီးကတော့ နတ်ပြည်မှာ နတ်သားဖြစ်ပြီး နောက်ကမ္ဘာမှာ ပစ္စေကဗုဒ္ဓဘုရားငယ်တစ်ဆူ ဖြစ်လိမ့်လို့ ဗုဒ္ဓမြတ်စွာက ဗျာဒိတ်ပေးတော်မူပါတယ်)။ အသိဉာဏ်မများရှာတဲ့ အဟိတ်တိရစ္ဆာန်ဆင်ကြီးဟာ မြတ်စွာဘုရားရဲ့  နေရစ်ခဲ့တော့ ဆိုတဲ့ တစ်ခွန်းတည်းသော စကားကို နာခံပါတယ်။
ရွှေကုန်း-ရွှေက၊ ရတနာကိုးပါး ကကြိုးတန်ဆာ ဆင်ယင်ထားတဲ့ မင်းစီးဆင်တွေကို တောထဲမှာနေတဲ့ ဆင်တွေ၊ အရပ်ထဲ အလုပ်ထဲက ဆင်တွေက မနာလို မဖြစ်တတ်ကြပါဘူး။ စစ်သူကြီးစီးတဲ့ ဆင်မြင်းအာဇာနည်ကလည်း လှညှ်းဆွဲနေရတဲ့ ဝန်ဆောင်မြင်းအပေါ် ဟိတ်ဟန် မာန ပလွှားခြင်းမရှိတတ်ကြပါဘူး။

တိရစ္ဆာန် ဆိုတာ အပါယ်လေးပါး မှာ တစ်ပါးအပါအဝင်ပါ။ လူကတော့ ကာမသုဂတိဘုံသား ပါတဲ့။ လူ့ဘဝမှာ လူလိုနေ၊ လူလိုကျင့်၊ လူလိုကြံရင်တော့ လူဖြစ်ရကျိုးနပ်မှာပါ။ ယခုတစ်ဘဝမှာ လူလာဖြစ်ပြီး နောက်ဘဝတွေမှာ လူ့ထက်နိမ့်တဲ့ ဘုံကို ရောက်ရမှာမျိုးဆိုရင်တော့...။ လူဆိုတာ အညွန့်တစ်လူလူ နဲ့ ရှိရပါမယ်။ သူတပါးထက် လူ နေဖို့ ၊ ကြွားဝါနေနိုင်ဖို့ လူ တာကို ပြောတာမဟုတ်ပါဘူး။ သံသရာတစ်လျှောက်လုံး တိုးတက်မြင့်မားလာကြဖို့ပါ။ ဆရာကြီး ဦးပြုံးချို ရဲ့ တေးဘုမ္မာသီချင်း က ဒီလိုပါ- “နတ်ရွာနိဗ္ဗာန်လမ်းမှန်ကို မှန်းဖို့အမှုဟာ စိတ်မပါ၊ နေရာဟောင်းကို ပြန်အောက်မေ့တာ လေးဘုံအပါယ်ရွာ” တဲ့။

Comments