ဆရာမ ရေ ..

ဟိုးးတစ်နေ့က မထင်မှတ်ထားပဲ အင်္ဂလိပ်စာ စာမေးပွဲ အစစ်ခံလိုက်ရတယ်။ အတူဖြေတဲ့ သူငယ်ချင်းထက် ကိုယ်တိုင်က အင်္ဂလိပ်စာ Grammer တွေ အသုံးအနှုန်းတွေ ပိုမှတ်မိနေခဲ့တယ်။ ဖြေရင်းနဲ့ ဒါတွေက ၁၀တန်း တုန်းက သင်ခဲ့ရတာ မေ့သွားပြီ ဆိုတော့ သူငယ်ချင်းက အံ့သြနေခဲ့တယ်။ သူ SAT တုန်းက ဒါမျိုးတွေ ဖြေခဲ့ဖူးသတဲ့။ ဟုတ်တယ်..အဲ့တုန်းက ဆရာမက ဒါတွေက အခက်တွေ စာမေးပွဲမှာ မေးမှာ မဟုတ်ဘူး။ သိရုံပဲ ဆိုပြီး သင်ပေးခဲ့တာ လို့..။ အဲ့ကျမှ ဆရာမ ကျေးဇူးကို ပိုအမှတ်ရသွားတယ်။
ဆရာမက အသားဖြူဖြူ နှာတံချွန်ချွန်နဲ့ ချောတယ်။ (ဆရာမရဲ့ အဖေ ဘက်က ဘို စပ်တယ်လို့ ပြောကြတာပဲ) စကားပြောရင်လည်း ပြတ်သားတယ်။ သူမကြိုက်ရင်လည်း မကြိုက်ကြောင်းပြောတယ်။ မှတ်မှတ်ရရဆရာမ တစ်ခါစိတ်ဆိုးဖူးတယ်။ အဲဒီ တုန်းက ကဗျာ Test တစ်ခုဖြေရတဲ့ အချိန် ကျွန်မရှေ့က သူငယ်ချင်း က စာဖြေတော့ သူထိုင်တဲ့ဘေးမှာချထားတဲ့ ကဗျာစာအုပ်ကလေးက အောက်ကို ကျသွားတယ်။ ကျသွားတာက လည်း တိုက်တိုက်ဆိုင်ဆိုင် စာမေးတဲ့ အထဲမှာ ပါတဲ့ ကဗျာရဲ့  စာမျက်နှာ ပွင့် လျက်ကလေး။ အရှေ့ ကသူငယ်ချင်းက သတိမထားမိဘူး။ ကျွန်မ က အဲ့ဒါတွေတွေ့လိုက်တယ် သိသိချင်းရှေ့  က သူငယ်ချင်းကို ချွတ်ချွတ် နဲ့ လုပ်တယ်..။ အစ်မတော်ချော က မကြားဘူး..အဲ့မှာပဲ ဆရာမကလည်း ရောက်လာပြီး စာအုပ်ကို ကောက် အသံမာမာ မျက်နှာပျက်ပျက်ကလေးနဲ့ ဆရာမကို ဒါမျိုးလုပ်တာမကြိုက်ဘူးလို့ ပြောတယ်။ အဲ့သူငယ်ချင်းက ဘာမှမဖြေရှင်းခဲ့ဘူး။ ကျွန်မလည်း ဝင်မပါမိခဲ့ဘူး။ ဖြစ်ပြီးကာစမှာ ပြောရကောင်းနိုး မကောင်းနိုးနဲ့ ဆရာမကိုကြောက်နေခဲ့သလို နောက်နေ့တွေကျတော့ လည်းထူးပြီး မပြောဖြစ်တော့ဘူး။ ဆရာမ အမြင်မှားတာကို ကျွန်မဆို ခံနိုင်မှာ မဟုတ်တော့ သူလည်း ဖြေရှင်းမယ်ထင်နေခဲ့တာ သူကလည်း ဒီအတိုင်းဆိုတော့ ကျွန်မလည်း တအုံနွေးနွေးနဲ့ ။ အဲ့တုန်းက- အမြဲပြုံးပြီး စာသင်တဲ့ ဆရာမကလေသံမာနဲ့ ပြောတော့ အတော်ကြောက်ပြီး အားလုံးငြိမ်သွားခဲ့တာ။

ဆရာမက တပည့်တွေ အပေါ်စေတနာ သိပ်ထားတယ်။ တပည့်ကို သူစာမေးမယ်..မေးနေတဲ့အခိုက်မှာ မျှော်လင့်နေတဲ့ မျက်နှာ၊ မဖြေနိုင်လို့ရှိရင် နည်းနည်းလေး ပြောင်းသွားတဲ့မျက်နှာ..။ ဆရာမကျေးဇူးကြောင့် အင်္ဂလိပ်စာ ကို မကြောက်တော့တာ၊ စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာလို့ စစိတ်ဝင်စားခဲ့တာ။

ဆရာမ ရဲ့  သင်ဖို့ သတ်မှတ်ထားတဲ့ စာတွေက ခက်တယ်။ ဆရာမဆီက စာမေးပွဲမှာ အမှတ်၆၀ ရတဲ့သူဟာ တကယ့်စာမေးပွဲကြီးမှာ ဂုဏ်ထူးထွက်တယ် ဆိုပြီးအပြောများကြတယ်။ ကျွန်မလည်းအလွန်ဆုံး ၅၇လောက်ပဲရပြီး စာမေးပွဲမှာ ဂုဏ်ထူးမထွက်ခဲ့ပါဘူး။ ဆရာမရဲ့  သင်ညွှန်းတွေက တကယ်ကို ခက်တာပါပဲ ဂရမ်မာ စာကြောင်းတွေ ဖွဲ့နွဲ့တာတွေများ အဲ့လိုရှိနေမှန်း တစ်ခါမှတောင် မသိခဲ့ဖူးဘူး။ (ကျွန်မအနေနဲ့ပေါ့)

ဆရာမက သူ့ကျောင်းသားတွေကို တစ်ပတ်လောက် နဲ့ ဘယ်သူဘယ်လိုဆိုတာ အကဲခတ်နိုင်တယ်။ (ဆရာမတိုင်းပါပဲလေ ..အမှန်တော့).။ စာသိပ်စိတ်မဝင်စားတဲ့သူမျိုးကို ဆရာမက စာပိုမေးတတ်တယ်၊ ဉာဏ်လေးရှိရဲ့  သားနဲ့ ပျင်းနေတာမျိုးဆိုလည်း ဆရာမအကြိုက်ပဲ ပါးစပ်ဖျားက မချတော့ဘူး။ စာတစ်ကြောင်းကို မေးရင် အဲ့လိုသူတွေမျိုးကို စ မေးတယ်။ နောက်တဖြည်းဖြည်းနဲ့ စာတော်တယ်လို့ ဆရာမသတ်မှတ်ထားတဲ့ သူတွေဆီ တက်လာတယ်။ အင်္ဂလိပ်စာ အတော်ဆုံးသူ ကို နောက်ဆုံးမှ မေးတယ်ပေါ့။ ကြားထဲမှာ တစ်ယောက်ယောက်က ဖြေနိုင်သွားရင် ဆက်မမေးတော့ဘူး။ သဘောက စာတော်တဲ့သူတွေက စာမေးတာသိပ်မခံရဘူး ပေါ့။
ဆရာမနာမည်က ဒေါ်စိုးစိုး တဲ့..။ ဆရာမလည်း လွန်ခဲ့တဲ့ နှစ်တွေက ဆုံးသွားရှာပါပြီ။ ဆရာမ က ဝတဲ့အပြင် နှလုံးသွေးကြောကျဉ်းတာမျိုးရှိတာ ကျွန်မတို့စာသင်နှစ်တွေကတည်းက။ တခါတလေ စာသင်ရင်း မောနေတတ်ရှာတယ်။ ၁၀တန်း စာမေးပွဲ ဖြေပြီးတော့ ဆရာမကိုသွားကန်တော့ခဲ့တယ်။ အဲ့ဒါနောက်ဆုံးပဲပေါ့။ အခုလို ဆရာမကျေးဇူးကို နားလည်ပြီး တခုတ်တရ သတိရမိချိန်မှာ ဆရာမကို ကန်တော့ခွင့်မရှိတော့ဘူး ။ ဆရာမသာရှိနေဦးမယ် ဆိုရင်တော့ သွားကန်တော့ရင်း အင်္ဂလိပ်စာတွေ မေးနေဦးမယ် ထင်ပါရဲ့  .. ။ အဲ့လိုသာဆိုရင်တော့ သင်ထားတာတွေလည်း မေ့၊ စာတွေညံ့သွားတဲ့ တပည့်ကို ဆရာမကတော့ အားမလို အားမရဖြစ်နေဦးမှာပဲ။ ဆရာမ ကောင်းရာမွန်ရာရောက်ပါစေ။

Comments