ခါးစည်းတစ်လွှာရယ်က....

ပုံပြင်ဖတ်ပြီးပါက မိတ်ဆွေများ တရားကျလိုကကျ ၊ ပြုံးချင်ကပြုံးကြပါလေ။
===
ရှေးရှေးအခါက တရားပြတဲ့ ဂုရုဆရာကြီးတစ်ပါးနဲ့ တရားကျင့်ယောဂီ ဆာဒူးတစ်ယောက်ဟာ အရပ်တကာကို လှည့်လည်လာခဲ့ကြပါတယ်။ ရွာတစ်ရွာအနားက တောတန်းလေးတစ်ခုအနား ရောက်တော့ ဂုရုကြီးက - သည်နေရာမှာ အသင်ဆာဒူးနေခဲ့ဖို့ကောင်းတယ်။ တရားကျင့်ဖို့အတွက် ရွာနဲ့လည်းမနီးမဝေး လှူမယ့်တန်းမယ့်သူလည်း အလှမ်းမဝေးဘူး၊ ရေမီးအစုံအလင်နဲ့ သားရဲတိရစ္ဆာန် အန္တရာယ်ကနေလည်း ကင်းတယ်၊ အဲ့တော့ ဒီမှာအသင်နေခဲ့၊ နောင် ၅နှစ်ကြာတဲ့အခါကျ ဆရာ ဒီကိုပြန်လာခဲ့မယ် ။ အဲ့ကျမှ ယောဂကမ္မဌာန်း တစ်ဆင့်တိုးပြီး သင်ပေးမယ်လို့ ပြောပြီးဂုရုကြီးက တောထဲကို ဝင်သွားတော့တယ်။
သူလည်းထွက်သွားပြီးရော ဆာဒူးကြီးက တရားကျင့်တယ်။ နောက်နေ့ကျ စားစရာအလှူခံဖို့ ရွာထဲသွားတယ်။ ရွာသူရွာသားတွေကလည်း စားစရာတွေအပြင် ဆာဒူးကြီး အေးအေးလူလူတရားကျင့်နိုင်အောင် သစ်ခက်တွေနဲ့ တဲကျောင်းလေးတစ်ခုကိုပါ ဆောက်လှူပေးခဲ့ကြတယ်။

ဆာဒူးကြီးက သင်္ကန်းကလနံငယ်ပိုင်းလေးကို ရေလဲလုပ်ချိုးလေးရှိတယ်။ အဲ့ ကလနံလေးကို ကျောင်းတံခါးဝက သစ်ကိုင်းလေးပေါ်မှာ နေလှန်းလေ့ရှိတယ်။ တစ်နေ့ကျတော့ အဲ့နံငယ်ပိုင်းလေးကို ကြွက်ကိုက်သွားတယ်။ ကြွက်ကိုက်တဲ့ အဝတ်ကိုသူမဝတ်ချင်တော့ဘူး။ ဗြာဟ္မဏအမျိုးအနွယ်ဉာဉ်လေးကလည်း မကုန်သေးတော့ ကြွက်ကိုက်တာ မင်္ဂလာမရှိဘူးလို့ထင်ပြီး ရွာထဲသွားအလှူခံတယ်။

 ရွာသူရွာသားတွေကလည်း ဘာပြုလို့တုန်းလို့ မေးတော့ ကြွက်ကိုက်သွားလို့ ဆိုတာနဲ့ ဟာ..လှူမှာပေါ့ ဘုရား ဆိုပြီးလှူလိုက်ကြတယ်။ ဒါနဲ့ နေရော။
နောက်လေး ငါး ခြောက် ရက် ကြာတော့ ကြွက်ကထပ်ကိုက်သွားပြန်ရော..။ ဒီလိုနဲ့ ခဏခဏကြွက်ကိုက်တော့ ခဏခဏအလှူခံရပြန်ရော။ ဒါနဲ့ ရွာထဲက အလှူရှင်တွေကပြောကြတယ် ..ဒီလိုသာ ခဏခဏကြွက်ကိုက်လို့ရှိရင် ကြောင်သာခေါ်မွေးထားလိုက် ပြီးရော ကြောင်ရှိရင် ကြွက်မလာဘူး ဆိုတော့ အင်း..ဒီလိုဆိုတော့ ကောင်းသားပဲ” ဆိုပြီး ရွာသားတွေပေးလိုက်တဲ့ ကြောင်ကလေးကို ကျောင်းကိုယူလာခဲ့တယ်။ ကြောင်လေးရှိတော့ ကြွက်မလာတော့ဘူး။

သို့သော်လည်း ကြောင်မှာ စားစရာမရှိဘူး၊ ဆာဒူးကြီးကလည်း သတ်သတ်လွတ်ပေကိုး၊ သည်မှာ ကြောင်သောက်ရအောင် နွားနို့အလှူခံရပြန်တယ်။

နေ့တိုင်းနေ့တိုင်းအလှူခံရပြန်များတော့ ရွာသားတွေက ပြောကြပြန်တယ်..ဆာဒူးကြီး နွားမတစ်ကောင်ကို မွေးထားပါ ပေါ့။ အဲ့ဒီ နွားမကထွက်တဲ့နို့ကို ကြောင်ကလေးလည်းတိုက်နိုင်တယ် ဆာဒူးကြီးလည်း သောက်နိုင်တယ် မဟုတ်လား၊အဲ့သည်တော့ ဆာဒူးကြီးက ရွာသားတွေလှူတဲ့ နွားမကိုဆွဲပြီး ကျောင်းပြန်လာခဲ့ရော..။ ဒီမှာ နွားစားဖို့ ကောက်ရိုးကလိုလာပြန်ပြီ။ ဒါနဲ့ ကောက်ရိုးအလှူခံလိုက်တာ ၇ရက်လောက်ကြာပြန်တော့ ရွာသားတွေက - ဆာဒူးကြီး ပင်ပန်းတာပေါ့..ကျောင်းနားက မြေလေးမှာ လယ်လေး စပါးလေးကိုယ့်ဘာသာစိုက်ထားလိုက်ပါလား လို့ အကြံပေးကြပြန်တယ်။ ဆာဒူးကြီးအတွက် ဆွမ်းဆန်လည်းရမှာ ဖြစ်တယ် ..တပည့်တော်တို့ မျိုးစပါးတို့ထွန်ယက်ဖို့ လိုအပ်တာတွေ လှူပါ့မယ်လို့ ပြောကြတယ်။
အဲ့ဒါနဲ့ပဲ ...
ဆာဒူးကြီးမှာ တရားထိုင်ရတယ် ကို မရှိတော့ဘူး ၊ လယ်လုပ်နေတာနဲ့အချိန်ကုန်ပါရော..။ စပါးတွေ ဖွံ့ဖြိုးလာပြန်တော့ စပါးရိတ်ဖို့မနိုင် ဆာဒူးကြီးမှာ လူငှားရပြန်တယ်။ စပါးတွေရောင်းရတဲ့ ပိုက်ဆံတွေလည်း စုမိနေပြန်တယ်။ အဲ့ဒီလိုနဲ့ ဝေယျာဝစ္စတွေလုပ်ဖို့ ဆာဒူးကြီးအတွက် အကူလူလိုတာနဲ့ ရွာသားတွေကလည်း မိန်းမယူဖို့ ဆာဒူးကြီးကို တိုက်တွန်းကြပြန်ပါသတဲ့....။ နောက်တော့...
ငါးနှစ်ကြာလို့ သူ့ဆရာ ဂုရုကြီး ဟိမဝန္တာက ပြန်လာတဲ့အခါ ဆာဒူးကြီးမှာ လယ်တွေ ကျီတွေနဲ့ မိန်းမနဲ့ ကလေးတွေနဲ့ တိုးလို့တွဲလောင်း ဖြစ်နေတာကိုတအံ့တသြမြင်လိုက်ရတယ်။ သည်တော့ ဂုရုကြီးကမေးတယ် “ တပည့် ဆာဒူးကြီး မင်းဘယ်လိုဖြစ်တာလဲ၊ ငါမင်းကို ပြောတုန်းက တရားကျင့်ဖို့ ပြောခဲ့တယ်။ အခုမိန်းမတွေရော ကလေးတွေရော ဘယ်လိုဖြစ်တာလဲ” လို့ မေးတဲ့အခါမှာ ဆာဒူးကြီးဟာ နောင်တအကြီးအကျယ်ရပြီး “ခါးစည်းတစ်လွှာ က စခဲ့တာပါဘုရား” လို့ငိုကြီးချက်မနဲ့ ရှိခိုးလိုက်ပါသတဲ့။

ရာမာခရစ်ရှနာဆိုတဲ့ ဘုန်းတော်ကြီးက ပြောပြတဲ့ ဟိန္ဒူပုံပြင်လေးတစ်ခုပါ တဲ့။ “သာသာနာပြုခြင်း အတတ်ပညာ” (ဦးသုခ) မှ ကောက်နုတ်ပါသည်။ (စာမျက်နှာ ၃၃၇)

ဆာဒူးကြီးလို အဖြစ်မျိုးမှ ကင်းဝေးကြပါစေ

(လောလောဆယ် (မနှိုင်းကောင်း နှိုင်းကောင်း) ကျွန်မအဖို့ ဆာဒူးကြီးနဲ့ ခါးစည်းတစ်လွှာ လို အဖြစ်မျိုး စိုက်နေတယ်။ facebook က အကောင်လေးနဲ့ ကိုယ်နဲ့ ဖြစ်နေတယ်..။ ခက်ပါ့။ သူ့ဖို့ မျက်မှန်လေး ဝယ်ပေးလိုက်တယ်၊ အဲ့မျက်မှန်နဲ့လိုက်ဖို့ အဝတ်သစ်ဆင်ရတယ်၊ အဲ့အတွက် ပိုက်ဆံရှာရတယ်။ ပိုက်ဆံရှာဖို့ အချိန်သွားဖြုန်းနေပြန်တယ်။ အဲ့ဒါနဲ့ အားလပ်ချိန်မှာ အကျိုးရှိတာတွေ မလုပ်ဖြစ်တော့ဘူး။ အသိခေါက်ခက် အဝင်နက်တယ် ဆိုတာ ဒါမျိုးကို ပြောတာများလားလို့တောင် တွေးနေမိတယ်။)

Comments