ကြက်သွန်နီ အတွေးတွေ..

အရှုံးဆိုတာကို တိတိပပမကြုံဖူးသေးတဲ့သူ၊ လုပ်ချင်ရာ စိတ်စေရာလုပ်ခဲ့ပြီးလို့ ဒုက္ခရောက်ရတယ်ဆိုတာ မရှိခဲ့ဖူးသေးတဲ့သူတွေနဲ့ ဆက်ဆံရတဲ့ အခါ တခါတလေ အသက်ရှူကျပ်လှတယ်။ တစ်ခုခုလွဲနေတယ် ထင်ရင် ကိုယ့်ကိုယ်ကို ဆန်းစစ် အရင်မပြင်ပဲ ပတ်ဝန်းကျင် က တခြားဟာတွေကို လိုက်ပြင်မနေပါနဲ့ .. ။ တစ်နေ့နေ့ကျ အခက်တွေ့လိမ့်မယ်။ အဲ့အခက်တွေ့ချိန်ဟာ ကိုယ်အရိုးတွန်နေတဲ့အချိန်ဆို ဘယ်လိုလုပ်မလဲ ။ ဘယ်လိုမှမလုပ်ပဲ ဘဝကူးလိုက်မှာပေါ့ ..တစ်သက်လုံးဒီလိုအသားကျလာခဲ့တာပဲ...ဒီလိုလားး ။
လောကကြီးက မျှမျှတတဆက်ဆံတတ်တယ် လို့ ထင်ထားတာပဲ။ မရင့်ကျက်တဲ့သူကို ရင့်ကျက်ဖြစ်အောင် ကို လုပ်ပေးတတ်တယ် ၊ ကြောက်တတ်တယ်ဆိုတဲ့ အရာတွေနဲ့ ယဉ်ပါးအောင် လုပ်ပေးမယ်၊ မလုပ်ချင်ဘူး ဆိုပြီး ရှောင်ကွေ့ခဲ့တဲ့ အရာတွေကို ချောင်ပိတ်လုပ်ခိုင်းတတ်စေတယ်။ လူဘဝရယ်လို့ ရလာခဲ့ရပြီဆိုမှ လောကဓံ ရှစ်ပါး ကိုလူတိုင်းကြုံရမယ် မဟုတ်လားး။

အမှားတစ်ခုခု ရှုံးနိမ့်မှု တစ်ခုခု ကို ကြုံတိုင်းသင်ခန်းစာယူ ပြင်တတ်တဲ့လူက သာသလား၊ မသိလိုက်မသိဘာသာ ပြီးခဲ့ပြီပဲ လို့ မေ့ပလိုက်တဲ့သူက မှန်သလားး။ တစ်ခုခုကို လုပ်ဖို့ မကြောက်မရွံဖြစ်ချင်ရာဖြစ် လုပ်ချလိုက်တာနဲ့ အရှည်သဖြင့်စဉ်းစားတွက်ချက်တာကဘယ်ဟာပိုကောင်းလဲ။ အလယ်လမ်းစဉ်မျှရမယ် လို့က ပြောလို့လွယ်တယ်လေ။ တကယ့်တကယ့်ကိုယ်တွေ့ကြုံရပြီဆို လူတွေ ပြာသွားတတ်ကြတာပဲ။ တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ခက်နေတဲ့သူကို ခပ်ရဲရဲသွက်သွက်လုပ်တတ်တဲ့သူက ငကြောက်ပဲ လို့ လှောင်ပြုံးပြုံးလိမ့်မယ်။

 အဲ့လိုပဲ တစ်ဘက်ကလည်း ခေါင်းမရှိတဲ့သူ လို့ တိတ်တိတ်ရှုံ့ချနေလိမ့်မယ် ။ မထူးဆန်းပါဘူး၊ ကျောင်းမှာ၊အလုပ်မှာ လူတွေနဲ့ဆက်ဆံနေရသရွေ့တော့ ဒါတွေကြုံနေမှာပဲ။
အတွေ့အကြုံအရ စိတ်“နာ” သွားတတ်တဲ့ လူတွေလည်း အတော်များတယ်။ ကိုယ်အလိမ်ခံခဲ့ရဖူးလို့ လူတိုင်းအပေါ်ကို လာလိမ်နေတာလားလို့ အရင် တွေးမိလိုက်တာမျိုးပေါ့။ စိတ်က အဆိပ်ကိုက်မိသွားခဲ့တာမျိုးပေါ့။

ကိုယ့်အပေါ်ကောင်းတဲ့သူက ရှားခဲ့တော့ တစ်ယောက်ယောက်က ကိုယ့်အပေါ်ကောင်းနေတယ်ဆိုရင် မျက်ခုံးလှုပ်တတ်ကြတယ်။ ဒီလူဘာကြောင့် ငါ့ကို ကောင်းနေပါလိမ့် လို့ပေါ့။ အဲ့လိုလူမျိုးကို တွေ့မိရင် သနားမိတယ်။ သူတို့စိတ်ကြီး ကျဉ်းကျပ် ၊အကျဉ်းကျနေတယ် လို့ ထင်မိတယ်။ ဘာလို့ သေးမွှားတဲ့ အရာတွေအပေါ်မှာတောင် အဖြူရောင် ခပ်ပါးပါးလေး မနေတတ်၊စိတ်မထားတတ်ကြရတာလဲ...။

 အဲ့လိုတွေးရင်းနဲ့ ငါကိုယ်တိုင်ကကော ..?? ကြက်စွပ်ပြုတ် စာအုပ်ထဲကလို...တံခါးဖွင့်ထားတဲ့အခန်းမှာ -ပိတ်ထားတဲ့ ပြူတင်းပေါက် ကို ပဲ ဆက်ခါဆက်ခါဝင်တိုးနေတဲ့ ယင်ကောင်လေပဲလား လို့ ပြန်မေးမိတယ်။
ကဲပါလေ..သင်္ကြန်ကာလကြီးမှာ အတွေးတွေမပွား(စေ)ချင်ပါဘူး။ အကျိုးရှိတာလေးတွေ တင်နိုင်အောင်လည်းး ကြိုးစားရဦးမယ်။
အားလုံးအတွက် မင်္ဂလာနှစ်သစ် ၁၃၇၁ခုနှစ် ဖြစ်ပါစေ..

Comments