Pet မွေးခြင်း Tips & Tricks

အပျင်းပြေဆော့ဖို့ အတွက်ကို အချိန်ကုန်ခံနိုင်သူတွေ အတွက်ပါ။ ဒီ facebook က pet society စွဲတယ်နော်...။
၁။ သူငယ်ချင်းတွေ အိမ်ကို လည်ပါ။ လည်တိုင်း ညစ်ပတ်နေတဲ့သူငယ်ချင်းကို ရေချိုးပေးပါ၊ Brush နဲ့တိုက်ပြီးပျော်အောင်လုပ်ပေးပါ။ ဆပ်ပြာတိုက်ပေးတာ အပြာBar အပြည့်ဆို Paw Points ၁၇ပွိုင့်ရပါလိမ့်မယ်။ Brush နဲ့တိုက်တာ တခါတလေ အမှတ်မရတတ်ဘူး။ ရွှေတစ်ပြား နှစ်ပြားလည်းရတတ်တယ်။ လာပြီ..ချိ(တ်)နည်း...။ ၅ကျပ်တန် စတော်ဘယ်ရီ၊ ကြက်သွန်နီ စတာတွေ များများ သွားဝယ်ထားလိုက်ပါ။ အနီဘားမပြည့်ဖြစ်နေတဲ့ အကောင်လေးတွေကို မုန့်ကျွေးခဲ့ဖို့ပါ။ ကျွေးနည်းကတော့ -တစ်ခုချင်းစီကျွေး တစ်ခါကျွေးရင် ၁၇ပွိုင့် -၂၀ပွိုင့်တက်ပြီး ရွှေ ၂ပြားရပါလိမ့်မယ်။ ၁၇ ပွိုင့်အတွက် ရွှေသုံးပြား အဆုံးခံတယ်ပဲ ထားပါတော့နော်။ (ချက်ချင်းသူ ဗိုက်ပြည့်သွားအောင် ၂၀တန် အသားတုံးဝယ်ကျွေးပလိုက်ရင်တော့ တစ်ခါပဲ ရွှေ၂ပြားနဲ့ ၁၇ မှတ်ပဲ ရပါလိမ့်မယ်။ ဒါကြောင့် တန်ဖိုးကြီးတွေ ဝယ်မကျွေးမိပါစေနဲ့.. :D ) အနီဘား အပြည့်ဖြစ်အောင် ကျွေးဖို့ ဆိုရင် အစာ ၅ ခါလောက်ကျွေးရပါလိမ့်မယ်။ အဲ့ဒီနည်းနဲ့ သူငယ်ချင်းတွေ မွေးပြီး ပစ်ထားတဲ့အကောင်လေးတွေ ဆီ တစ်ယောက်စီ လည် ရာကPaw Points ၁၀၀ လောက်ရသွားပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ကော်ဖီဆိုင် သွားလည်ပြီး ပွိုင့်ရှာလို့ရပါတယ်။ နောက် သူငယ်ချင်းကို လက်ဆောင်ပေးတဲ့ ပစ္စည်းက ဈေးကြီးလေ၊ အမှတ်ပိုရလေပါပဲ။ သူငယ်ချင်းကို နောက်ပြီးမှ ကိုယ့်ဆီ ပြန်ပို့ခိုင်းရင် ပို့ခိုင်းပေါ့နော်။ နှစ်ဦးနှစ်ဘက် အကျိုးရှိ ။ :p

၂။ ပိုက်ဆံရှာနည်းက ကိုယ့်မှာ pet society ကစားတဲ့ သူငယ်ချင်းများလေ ကောင်းလေပါပဲ။ နောက်.. အပြေးပြိုင်တာပေါ့..။ အပြေးပြိုင်ခါနီးရင် ကိုယ့် pet ကလေးကို အစာ အဝအလင် ကျွေးထားပါ။ နောက် ပြိုင်မယ်ဆို Toggle quality view mode(အပေါ်ထောင့်က မျက်လုံးပုံလေး) ကို ဖြုတ်ထားလိုက်ပါ။ ပြေးတာ ပိုမြန်သွားပါလိမ့်မယ်။ ကိုယ့်အကောင်ကလေး အပါအဝင် မြင်ကွင်းကတော့ မလှမပ ရွဲ့ တဲ့တဲ့လေးဖြစ်သွားလိမ့်မယ်နော်။ (ကြိုးခုန်တာ ၊ ဘာညာ ကစားရင်တော့ အဲ့ Toggle view ကို ပြန်ထည့်ဖို့ မမေ့ပါနဲ့ ။ သူတို့ကျ နှေးမှ ပိုအဆင်ပြေမှာ)

နောက် တန်းကို ခုန်ကျော်ပြီးလို့ ရေပေါ်အရောက်လေးမှာ ထပ်ခုန်ပါ။ ကိုယ့်အရုပ်အပေါ်မှာ cursorလေးချပေးထားရင် အရုပ်ပြေးတာ ပိုမြန်ပါတယ် (ထင်ရတာပဲ) ။ ရွှေပြားပိုက်ဆံလိုချင်ရင် သူများအကောင်လေးတွေ ရှေ့ က ငှက်ပျောခွံလေးတွေ လိုက်ဖယ်ပေးပါ။ သူတို့ခုန်မယ် ကြံတော့မှ ဖယ်ပေါ့။ အဖယ်ကောင်းလို့ သူတို့ချောမလဲတော့ရင် ကိုယ့်အကောင်လေး ရှုံးနေဦးမယ်..။ အဟိ။ ဒီလိုနည်းနဲ့ ကစား ၁၀ ပွဲမှာ ၁၀ပွဲ လုံး နိုင်တတ်ပါတယ်။ တခါတလေ အညစ်ခံရရင်တောင် ၈ပွဲလောက်ကတော့ နိုင်ပါသေးတယ်။ အဲ့လိုဆို ရွှေပြား ၂၄၀ တော့ တန်းနေတာပဲ။ ပိုက်ဆံကို အင်္ကျီတစ်ခါလဲပြီးတိုင်း၊ သူငယ်ချင်းအိမ်တစ်အိမ်က တစ်ခါထွက်လာပြီးတိုင်း သစ်ပင်တွေ လှုပ်ရာကနေလည်း ရနိုင်ပါသေးတယ်။ များများစားစားမဟုတ်ပေမယ့် ပစ္စည်းဝယ်ဖို့ တစ်ပြားနှစ်ပြားလိုနေတာမျိုး အတွက် ဆို ဒီနည်းက အသုံးတည့်ပါတယ်။

(တချို့ ကတော့ cheat engine သုံးပြီး ငွေပွားတာတို့၊လက်ဆောင်ပွားတာတို့ လုပ်တတ်ကြတယ်။ အဲ့နည်းက အဆင်မသင့်ရင် အကောင့်အပိတ်ခံရကိန်းပေါ့လေ...။ )

၃။ နောက် cheat နည်း ခပ်ဆန်ဆန်တစ်ခုကတော့ Mystery Box ဖောက်တာပေါ့။ အတော်များများလည်း သိပြီးကြမှာပါ။ ၅၀၀ တန် Mystery Box တစ်ခုဝယ်လိုက်၊ ဖွင့်လိုက်လို့ ထွက်လာတာက ရိုးရိုးအင်္ကျီ လေးဆိုရင် အမှန်ခြစ်ကို မနှိပ်မိပါစေနဲ့ ၊ page တစ်ခုလုံးကို refresh လုပ်ပစ်ပါ။ အဲ့မှာ ဂိမ်းကနေ ထွက်သွားပြီး ပြန်ဝင်လာပါလိမ့်မယ်။ Mystery Box ကလေးကလည်း မဖွင့်ရသေးတဲ့ အတိုင်း ကိုယ့် သေတ္တာထဲ ပြန်ရောက်နေလိမ့်မယ်။ အဲ့ Mystery Box ကို သူငယ်ချင်းတစ်ယောက်ဆီ လက်ဆောင်ပေးလိုက်ပါ ။ သူ့ဆီရောက်လို့ သူဖွင့်ကြည့်ရင် တံခါး တို့ဘာတို့ ဖြစ်နေတတ်ပါတယ်။ အဲ့လိုနဲ့ ကိုယ်လိုတဲ့ Piano, Lion Dance Dress တို့ မရမချင်း သူငယ်ချင်းနဲ့ ညှိလုပ်လို့ရပါတယ်။ တချို့ ကလည်း အကောင့် နှစ်ခုဖွင့်ထားပြီး အဲ့လိုလုပ်ကြတယ်။ သူငယ်ချင်းအိမ်မှာ အဖိုးတန်ပစ္စည်းတွေနဲ့ အရမ်းထည်ထည်ဝါဝါဖြစ်နေရင် ရိုးရိုးရှာလို့ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာထက် အဲ့လိုနည်းနဲ့ မှော်သေတ္တာဖောက် ရထားတာ ပိုဖြစ်နိုင်ချေရှိပါတယ်။ (ဒီနည်းကတော့ လူတွေလုပ်ပါများရင် သူတို့ သိသွားနိုင်ပြီး ပြင်ရင်ပြင်ပါလိမ့်မယ်၊ )


၎။ ကျွန်မလုပ်တတ်တဲ့ လူလည်ကျနည်းတစ်ခုကတော့ Box ဖွင့်တယ်၊ အထဲက ပစ္စည်းကို ကြိုက်ကြိုက်မကြိုက်ကြိုက် refresh လုပ်ပြီး ထွက်လိုက်ပါတယ်။ ပြီးတော့ database မှာ သွားပြီး ရတဲ့ ပစ္စည်းဘယ်လောက်တန်သလဲ စစ်ပါတယ်။ ၃၀၀၀ တန်ဆိုရင်တော့ ယူလိုက်ပါတယ်။ ပြီးရင် ပြန်ရောင်းပလိုက်တယ်။ (သူဆွဲဆောင်ထားတဲ့ အဖိုးနည်းအိုးကွဲ လှတပတလေးတွေ ရဲ့  ဖြားယောင်းမှုနောက်ကိုတော့ ပါမသွားစေဖို့ လိုပါတယ်။)
တခါတလေလည်း ဆိုင်ကတစ်ခုခုဝယ်ချင်ရင်တောင် တန်းသွားမဝယ်ပဲ cheap (red) mystry box ကလေး ၅၀နဲ့ ဝယ် ၊ သူပေးတာလေးတွေ ရောင်းလိုက်..၆၆ ကျပ် ရပါလိမ့်မယ်။ သူပေးတဲ့ ပစ္စည်းတိုင်းကို ပြန်ရောင်းတိုင်း ၆၆ကျပ်မရပါဘူး။ အရင် ဘယ်လောက်တန်သလဲ သွားစစ်ရပါဦးမယ်....။
ဒီ ဒေတာဘေ့စ် ကို သိထားတာ မကောင်းဘူး၊ ကျွန်မဆို ပစ္စည်းလေးတွေ သွားသွားငေးပြီး လိုချင်နေမိတယ်။ လိုချင်တော့ ပိုက်ဆံရှာရပြန်ရော..။ သူကလည်း ချစ်စရာကောင်းအောင် လုပ်ပြထားတာကိုး။

၎။ Mystery Box ဆိုမှ မတ်လနောက်ပိုင်း အသစ်ပြင်ပြီးကာမှ Mystery toys ဆိုတာလေးတွေ ပေါ်လာပါတယ်။ သူက အဲ့ egg ကလေးကို ဖောက်ပြီးရင် သူငယ်ချင်းကို လက်ဆောင်ပေးလို့မရပါဘူး။ (egg ကိုဖွင့်မကြည့်ခင်တော့ လက်ဆောင်ပေးလို့ရပါတယ်)ဝယ်တော့ ၃၅၀ နဲ့ ဝယ်ရပြီးတော့ ပြန်ရောင်းမယ်ဆိုရင်တော့ ၁၁၆ ပဲ ပြန်ရပါလိမ့်မယ်။ အဲ့ egg လေးတွေထဲမှာ အရုပ်ကလေးတွေနဲ့ နောက်ခံပန်ချီကားscene လေးတွေ ပါပါတယ်။ scene တစ်ခု animate ဖြစ်သွားဖို့ သူနဲ့ သက်ဆိုင်ရာ အရုပ်ကလေး ၄ ရုပ် match ဖြစ်ဖို့ လိုပါတယ်။
နောက်ဆုံး အရုပ်ကလေးတွေရော၊ နောက်ခံပန်းချီရော စုံသွားပြီ ဆိုရင်တော့ ကင်းကောင်ကြီးက မြို့ထဲမှာ သောင်းကျန်းနေတာမျိုး animated လေးတွေ ဖြစ်သွားပါလိမ့်မယ်။

ကျွန်မတော့ လှုပ်တုတ်လှုပ်တုတ်လေးတွေ လိုချင်တော့ ရတဲ့ပိုက်ဆံ နဲ့ အရုပ်ပဲ ဝယ်နေမိတော့တာပဲ။ ထပ်တဲ့ အရုပ်တွေလည်းများနေလို့ တစ်ချို့ ကို ပြန်ရောင်းပစ်နေရတယ်။ ရဖို့အခက်ဆုံး အရုပ်တွေကတော့ pirate လှေ နဲ့ UFO တို့ ဖြစ်ပါတယ်...။

၅။ နောက်တစ်ခုက နည်းနည်းတော့ ညစ်ပတ်မယ်နော...ဟိ..။ ကိုယ့်အကောင်လေး အီးအီးပါဖို့ပါ။ အီးပုံ လေးက သာမာန်အီးပုံညိုလေးဆို ရွှေတစ်ကျပ်ရပါတယ်။ လှုပ်တုတ်တုတ် အီးပုံလေးပေါ် နှိပ်မိတာနဲ့ အီးပုံပျောက်ပြီး ရွှေတစ်ပြားရပါလိမ့်မယ်။ အီး ဆိုပေမယ့် ဒီpet ရဲ့  အီအီးရဖို့ ခက်ပါတယ်..။ ကိုယ့် pet က အစားတွေနင်းစားပြီး ဘွတ်ဘွတ်မပန်းတာမျိုး ဖြစ်မှာစိုးရင် အီးတည်ပေးကြပါ။ ဘယ်လိုနည်းလဲ ဆိုတော့ သူ့ကို အစာအပြည့်ကျွေးထား ၊ ပျော်အောင်ထား( အစိမ်းဘား အပြည့်) နဲ့ .. ဆပ်ပြာမတိုက်ပဲ (အပြာဘား ၄၀% အောက်) ထားလိုက်ပါ။ နည်းနည်းကြာရင် သူ့ကို ယင် အုံလာပါလိမ့်မယ် ..ထားလိုက်ပါ..ယင်တစ်လောင်းလောင်းလေး ဖြစ်ပါစေ။ တခါတလေလည်း သူ့ကို လက်နဲ့ (Cursorနဲ့) ပွတ်တိုက်ချော့မြူပေးပါ။ သူစိတ်ပါရင် အီးပါ ပါလိမ့်မယ်။ ညစ်တီးပတ်တီး ထားတိုင်းလည်း poo poo မလုပ်ပါဘူး။ ရွှေအီး ၊သက်တန့်အီး ရဖို့ အတော်ခက်ပါတယ်။ အဲ့ ရွှေအီး ၊သက်တန့်အီးရရင် ဘာဖြစ်မလဲတော့ မသိပါဘူး ၊ တော်ရုံလည်းမရဖူးကြဘူး တချို့ ကလည်း ရွှေအီးပုံ ၂ပုံရရင်ပိုက်ဆံ တစ်ထောင်တိုးတယ်ဆိုလား ၊ ပွိုင့် တစ်ထောင်တိုးတယ်ဆိုလား။ အပြင်မှာ ကိုယ့် pet က အီးပါရင်တော့ စိတ်ညည်းငြူကြမှာဖြစ်ပေမယ့် ဒီ pet society မှာတော့ အီးက ဂုဏ်ယူစရာပါပဲ တဲ့။ တချို့  အိမ်တွေမှာ အီးပုံလေးတွေ တန်းဆီပြီး ဗီရိုနဲ့ အလှပြထားကြတယ်။ ကျွန်မလည်း ရွှေအီးရဖို့ ကြိုးစားနေပါတယ်...။ ဘာရယ်မဟုတ် အီးပုံလေး တုန်စိတုန်စိနဲ့ ချစ်စရာကောင်းလို့ ..။ များများရရင် အိမ်အလှပြင်တဲ့ အထဲထည့်မလို့ပါ။ ( ဂိမ်း ထဲမှာကိုးနော်..) ။ ပုံထဲက အီးပုံလေးတွေကတော့ ရိုးရိုး brown poo poo လေးတွေပါ။ လူကိုချစ်ရင် ..အဲ့ ကိုယ့်pet ကိုချစ်ရင် အီးကိုပါချစ်ရမှာပေါ့နော်။


၆။ ကဲ ..အလုပ်ရှုပ်ခံ အချိန်ကုန်ခံလို့ ... ပိုက်ဆံ ၊ ပွိုင့် တစ်ခုမှ မရလည်း ဘာဖြစ်လဲ ဆိုလည်း အဆင်ပြေပါတယ်။ ကိုယ့်အိမ်လေးကို ရှိတဲ့ပစ္စည်းလေးတွေနဲ့ ချစ်စရာကောင်းအောင် ဆောက်လို့ရပါတယ်။ ဒါကတော့ ကျွန်မမွေးထားတဲ့ အကောင်လေး ရဲ့  အိမ်အဝင်ဝလေးပေါ့။ (မြက်ခင်းစိမ်းကလေး ဝယ်မလို့ ပိုက်ဆံစုနေတုန်း) ။ ဝရံတာခပ်သေးသေးလေးအတွက် ဆားဗူးလေးတွေ သုံးမယ့် အစား အအေးခွက် တို့ ၊ ဗူးခွံတို့ သုံးရင်လည်း ရပါတယ်။နောက်- ပြတင်းပေါက်ခပ်လှလှ ၈၀၀ တန်အစား ၁၀၀တန် သုံးခုလောက်ဝယ် ဆင် ပေးရင် အိမ်ခန်းကို ပိုကျယ်သလို ဖြစ်စေပါတယ်။ အိမ်ကလေးကို ပိုခမ်းနားစေချင်ရင် တံခါးသုံးလေးခုကို ဆက်ပြီး တစ်ပေါက်တည်းလို နဲ့ အခန်းဆီတပ်ပေးလိုက်ပေါ့။ ကိုယ့်ကြိုက်သလို စိတ်ကူးပေါက်သလို သစ်ပင်လေးတွေ ထည့်တာ၊ ဒန်းဆင်တာ ဘာညာ ထည့်လို့ရပါတယ်။


အတူဆော့တဲ့ သူငယ်ချင်းတွေက မာဖီးယားတွေ ၊ စစ်တိုက်တာတွေ၊ လယ်စိုက်တာတွေ ရောက်ကုန်ကြပြီ။ ကျွန်မကတော့ Pet မွေးရတာ သဘောကျတတ်လို့လားမသိဘူး။ ဒီထဲကနေမထွက်ဖြစ်ဘူး။ ကိုယ့်အီးမေးလ်ကို တစ်နေ့တစ်ခေါက်စစ်ချင်မှစစ်မယ်၊ facebook ထဲကိုတော့ တစ်နေ့တစ်ခါ ဝင်ဖြစ်ပါတယ်။ အိမ်ကို ပေါက်ကရအလှဆင်ရတာ နှစ်သက်တာနဲ့ Level အဆုံးရောက်သွားရင်တောင် ဆက်ကစားနေဖြစ်မှာပါပဲ။ ဒီကြားထဲ သူ့ကို မျက်စိချဲ့လိုက် နှာခေါင်းပြင်လိုက် လုပ်တတ်သေးတယ်။ (ကျွန်မ Pet ခမျာ ကိုရီးယားမှာ လူသွားဖြစ်ရင်တောင်မှ ဒီလောက် အပြင်ခံရမှာ မဟုတ်ဘူး) ။ အခုတောင် အိမ်ထဲမှာ ဝရံတာလေး လုပ်နေတာ။ အခန်းအသစ်ရရင် ရုံးခန်းလည်း လုပ်ပေးဦးမယ်။ အပြင်မှာ လုပ်မရတာတွေ အထဲမှာ အတိုးချဆော့လို့ကောင်းနေတာ။ ရယ်ရတာတစ်ခုက ဒီလို cheat နည်းတွေကို facebook မှာ ပေါ်တင် group ဖွဲ့ပြီး ပြောဆိုနေကြတာပါပဲ။ ဒီလိုနည်းနဲ့ ဂိမ်း လုပ်တဲ့သူတွေသိ၊ ပြန်ပြင်နဲ့ တချို့  cheat နည်းတွေ လုပ်မရတော့ဘူး ပြောတယ်။ ဂိမ်းဆိုတာနဲ့ cheat လိုက်ချင်တဲ့သူတွေ ကများတာကိုး၊ ကျွန်မကတော့ cheat လိုက်ရင် အမြန်ပြီးသွားမှာ ကြောက်လို့ ရိုးရိုးပဲ ကစားဖြစ်နေတယ်။ (လူလည်ကျတာတစ်ချို့ကလွဲလို့ပေါ့ ၊ ဘာကွာသလဲတော့ မေးနဲ့ ..သိဘူးရယ် :))

စာကြွင်း။ ။ internet explorer ထက် mozila firefox ကိုသုံးပြီး ကစားတာ ပိုမြန်ပါတယ်။ ကျွန်မသိသလောက်လေးတွေ ပြောပြတာပါ။ လူမိုက်အားပေး၊ သူခိုးလမ်းပြ အဆင့်တော့ မရောက် အတတ်ဆန်းရုံ ရောဂါပိုးဖြန့်ရုံလောက်ပါပဲ။

Comments