အခါတော်ရောက်ချိန် နီးလို့လာပြီ...

သင်္ကြန် ရာသီ မဟုတ်ပေမယ့် ငယ်ငယ်က သင်္ကြန်လည်ခဲ့ဖူးတာတွေ အမှတ်ပြန်ရမိပါတယ်။ နောက်ဆုံးလည်ခဲ့တဲ့ သင်္ကြန်ကတော့ ၂၀၀၀ခုနှစ် ပေါ့။

 အရင် ကလေးတုန်းက ဘယ်လိုကဲကဲ သင့်တော်ပေမယ့် အရွယ်ရောက်လာတော့ ဆင်ဆင်ခြင်ခြင်ကဲရတာမို့လားမသိ သိပ်မပျော်တော့ဘူး။ ကိုယ့်အရွယ်က မဏ္ဍပ်ကနေ ရေပက်လို့ပဲ သင့်တော်တဲ့ အရွယ်ဆိုတော့ သင်္ကြန်ပြန်ဖို့လည်း မလုံးပန်းချင်တော့ပါဘူးလေ။
ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကတော့ အတော် ပျော် ၊ အတော်ကဲ ခဲ့ဖူးတာပဲလေ ဆိုပြီး ကိုယ့်ဘာသာနှစ်သိမ့် ကျော်ဖြတ်ခဲ့ရတဲ့ သင်္ကြန်ရက်တွေလည်း မနည်းတော့ဘူးပေါ့။ သင်္ကြန်မရောက်ခင် လက်ချိုးရေစောင့်တဲ့သူထဲမှာ ကိုယ်ထိပ်ဆုံးကပါတာပေါ့။ နောင်နောင်သည်တွေ ထီသည်တွေက ဖွင့်တဲ့သင်္ကြန်သီချင်းတွေ ကြားလေ ကိုယ်က အိမ်ထဲကနေ ကြိုတွေးနေရင်း ပျော်နေတတ်သူပေါ့။ အစ်ကို က စတီးရေပြွတ်လေး အသစ်ရှာဝယ်ထား၊ ကိုယ်က ကျ မိန်းကလေးပီပီ ရေသေနတ် ရေလက်ပစ်ဗုံးမျိုးစုံပေါ့း) နှစ်တိုင်း အသစ်ဘာပေါ်သလဲဆိုပြီး မင်္ဂလာဈေးနားက ဆိုင်တန်းတွေမှာ လမ်းလျှောက်ရှာ၊ ဈေးကြီးလို့မဝယ်ပေးရင် အမျိုးမျိုးဂျီတိုက် ကြလို့ နောက်ဆုံးတော့ အိမ်ကဝယ်ပေးရတာပါပဲ။ မဝယ်လည်းမဝယ်ပေးချင်စရာပါ ။ ဒီနှစ်ဝယ်တဲ့ ကစားစရာက နောက်နှစ်သင်္ကြန်ဆို ဒိတ်အောက်နေပြီ ဆိုပြီး ဆက်မသုံးတော့ပဲကိုးး။

သင်္ကြန်လည်ရင် အဖေ က မောင်း၊တခါတလေတော့ အစ်ကိုဝမ်းကွဲကမောင်း။ များသောအားဖြင့် မိန်းကလေးတစ်အုပ်ကြီးကိုထိန်းဖို့ အစ်ကို ဝမ်းကွဲက နောက်ကထိုင်တာများပါတယ်။ အစ်ကို နဲ့ အဲ့အစ်ကိုဝမ်းကွဲက ကားဖင်မှီးထောင့်တဘက်တချက်ဆီမှာထိုင်ပေါ့လေ။ အမေက လူကြီှးှဗိုလ် လုပ်ရတာပေါ့။ ကျွန်မနဲ့ အစ်ကိုကတော့ ကလေးဆိုတော့အသံတွေပြာထွက်နေအောင် အော် ကြပါတယ်။ ကလေးတွေ တပြုံကြီးနဲ့ ကားတွေ့ရင် “မူကြိုကျောင်းကလားဗျိုးးး”တို့ ၊“တစ်ရွာလုံးလူကုန်ပဲလား ”တို့ ..မာဇဒါဂျစ်နဲ့လည်တာတွေ့ရင် ခြောက်တစ်ခြောက်တစ် ဆိုအော်ကြ ၊ ဟိုဘက် ကားမှာ အစ်ကိုနဲ့ရွယ်တူ ကောင်မလေးကလေးပါရင် တလျောက်လုံး ဟိုဘက် ဒီဘက်နောက်လာကြရော။ အစ်မချောချောတွေပါရင် “အစ်ကိုပါတယ်နော် အစ်မ..ယောက်မရေ” စတာတွေ... “အစ်မ က အိမ်မှာ ဟင်းမချက်ပဲ ခိုးလည်နေတာကိုး” တို့လည်းအော်ကြတယ်။ အဲ့လိုပြောလို့ ဟိုဘက်ကားက အစ်မတွေ ခပ်ငြိမ်ငြိမ်နဲ့နေကြမယ် မထင်လိုက်ပါနဲ့။ အားကျမခံ ..“အေးပေါ့..နင်တို့အစ်ကိုလည်း ကလေးမထိန်းဘဲ ကဲ နေတာမိပြီ ”တို့ဘာတို့နဲ့ ပြန်စွာကြတာ..။ တခါတလေ သူတို့ကားက ကလေးတွေနဲ့ ကိုယ့်ကားပေါ်က ကလေးအချင်းချင်းကို ရန်တိုက်ပေးတာ ရှိသေးတယ်၊ မန္တလေးကျုံးက ပတ်မိရင်ပြန်ထွက်ဖို့မလွယ်တဲ့ အပြင် ကိုယ့်ကား ဘေး၊ နောက် တောက်လျောက်ကားတွေက အတူတူကပ်ပါလာတာကိုး။

အဲခေတ်က ပျော်ရုံစကြတာများပါတယ်။ မအေနှမကြားလို့မတော်အောင်မပြောကြပါဘူး။ အရမ်းမူးနေတဲ့ ၁ယောက်ပါလို့ပေါက်ကရလာပြောပြီဆိုရင်တောင် သူနဲ့အတူလည်တဲ့ တစ်ကားထဲ သူတွေက သူမူးနေလို့ဆောရီးပါခင်ဗျာဆိုပြီး ဆွဲခေါ်သွားတာပါ။ (မယုံ ပုံပြင်လို့မှတ်ပါ) တခါဆို ကျွန်မတို့ကားနောက်က ပါလာတဲ့ ဂျစ်ကား က ဇာတ်အဖွဲ့ ကများလားမသိ၊ အချီတွေ အချတွေ နဲ့ ဇာတ်သီချင်းတွေ ဆိုကြတာများအရမ်းရီရတယ်။ ဘုရားစာတွေတောင် ရွတ်လိုက်သေးတယ်။ ခေတ်သီချင်းတွေလည်း တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုပြပြီး လိုက်လာကြသေးတာ။ ပြီးရင်သူတို့အချင်းချင်းပေါက်ကရလည်းနောက်ကြသေးတာကို။ ကျွန်မတို့ အစ်မ တစ်ယောက်ကို ဦးတည်ပြီး ဒိုင်ခံစတာပါ။ အစ်မ က ဟိုဘက်လှည့်ထိုင်ရင် နှမတော်က ရွှေစိတ်တော် ညိုတာလား ဘာညာနဲ့နောက်၊ သူတို့ကားပေါ်မှာ အုန်းပွဲ ငှက်ပျောပွဲကပါသေးတော့ သမီးတောင်းဆိုပြီးလည်းဆိုကြ အတော်ရီရတာ ..အဲ့နှစ်ကမှတ်မှတ်ရရပါပဲ။ နောက်နှစ်တွေတောင် သူတို့ အဖွဲ့နဲ့ တွေ့ရင်ကောင်းမယ်လို့ တမ်းတမိကြသေးတယ်။
 နောက် ရယ်ရတာတစ်ခုက အိမ်မှာ ကူလုပ်ပေးတဲ့ကောင်မလေး ကို လည်ဖို့ခေါ်လာတာပါ။ သူက ကြောက်သလိုလိုနဲ့ စူပုပ်ပုပ်ဆိုတော့ စ ချင်စရာဖြစ်နေရော။ ဟိုတွေက စ စ သွားရင် သူကပြန်ပြန်စွာတာပေါ့လေ..အဲဒါနဲ့ ပိုစကြ။ နောက် ကျ တစ်ယောက်က ခေါင်းလျှော်ရည်တွေ အထွေးလိုက်ကြီး သူ့ခေါင်းပေါ်လာပွတ်သွားပါတော့တယ်။ အဲ့မှာမျက်စိထဲဝင်ကုန်ပြီး အဲ့ကလေးမ အာပြဲအောင်ငိုပါတော့တယ်။ ကျွန်မတို့မှာ ရယ်လည်းရယ် သူ့လည်းချော့ သူများပက်ဖို့တင်လာတဲ့ စည်ပိုင်းပြတ်ကလေးထဲကရေ သူ့လောင်းပေးတာနဲ့ကုန်ပါရောလားးး။ ကားကလည်း ကျုံးပတ်ရင်း တရွေ့ ရွေ့ သွားနေရတာကိုး။ တခြားကားတွေကလည်းကိုယ်တွေအဖြစ်ကိုဝိုင်းရယ်။ သူ့ခမျာ စပ်လို့အော် ကျွန်မတို့တွေက ရေတဝုန်းဝုန်းသူ့ကိုဝိုင်းလောင်းပေးကြနဲ့။ ကိုယ့်အဖွဲ့နဲ့ ကိုယ် ပွဲစည်နေတာ..။
တစ်ခါကတော့ အသည်းအသန်.....ကျွန်မတို့ ကား ကျုံး ပတ်ဖို့ တစ်သီကြီးထဲတန်းစီ နေတဲ့ အချိန် ..ကောင်းကင်တစ်နေရာမှာ မီးခိုးတွေ အလုံးလိုက် အလိမ့်လိုက်နဲ့..ဟာ..သွားပြီ ..မီးလောင်ပြီ မန်းလေးမီးးး။ နေကပူ..လူကထူ ..မီးကလည်း..ဘယ်နေရာလောင်နေမှန်းမသိ..မီးခိုးတွေထွက်နေတဲ့ဘက်က ကိုယ့်အစ်မတွေနေတဲ့ အရပ်ဘက်ကလိုလို၊ စိတ်တွေကပူကြ.. ကားကလည်း ယာဉ်တန်းထဲမှာ ပိတ်မိနေနဲ့..။ တချို့စုံစမ်းပြီးပြန်လာတဲ့သူပြောတဲ့ ရပ်ကွက်က အစ်မတွေနေတဲ့ ရပ်ကွက်..။အဲ့ဒါနဲ့ ကျုံးဘေးကနေ လမ်းလျှောက်ထွက် ပြီးး အနီးအနားက အိမ်တစ်အိမ်ကို တံခါးခေါက် ဖုန်းလေးဆက်ပါရစေ ဆိုဆက် စုံစမ်းးတော့ လားလားးလောင်နေတာ အစ်မတို့ အိမ်နားက တစ်လမ်းကျော် တဲ့..ဘာလုပ်ရမှန်းမသိ၊ ကျုံးထဲကနေ ယာဉ်ထိန်းရဲ အကူအညီ နဲ့ ထွက်ပြီး အိမ်ပြေးရတယ်...။ အိမ်အပြန်လမ်းမှာ အားလုံးက တိတ်ဆိတ် မျက်နှာငယ်လေးတွေနဲ့အိမ်မှာကလည်း ဘကြီး၊ ကြီးဒေါ် နဲ့ အဒေါ်ကြီးတစ်ယောက် ခွေးတစ်ကောင် ကျန်တာ..။ ဘယ်သူမှလည်း စကားတောင်မပြောနိုင်..။ အစ်မတစ်ယောက်ကတော့ တွေးတွေးဆဆနဲ့ လမ်းထိပ်မှာ အဖေ့ကို ခွေးပိုက်ပြီးတွေ့ရပြီ ဆိုရင်တော့ သွားပြီဟေ့လို့သာ မှတ်လိုက်တော့ အဖေအတွက်က ရွှေအရေးမကြီးဘူး ခွေးသာအဓိက တဲ့။ အဲ့ ဘကြီးက ခွေးကို အရမ်းချစ်တာလေ။ အိမ်အစား မီးလောင်ငုတ်တိုတွေပဲ ဘွားကနဲ့ တွေ့လေမလား လန့်လို့ မျက်စိမှိတ် ဘုရားစာရွတ်တဲ့သူကရွတ်နဲ့..။ အိမ်ကိုလှမ်းမြင်ရတော့မှ တော်သေးတယ် ဆိုပြီး ဟင်းချနိုင်ကြတာ..။ မီးက ငြိမ်းသွားပြီ ဆိုတာနဲ့ ပြန်ထွက်လာကြမှ တစ်ယောက်တစ်ပေါက် ဆူညံရယ်မောနိုင်ကြတော့တယ်။ အစ်မတစ်ယောက်ကတော့ ပြီးမှ သူကလန့်နေတာ...ကြီးဒေါ်နဲ့ အဒေါ်ကြီးကို အထုပ်ပိုက်ပြီး ဘယ်အိမ်ရောက်နေမလဲ လိုက်ရှာရတော့မလိုဖြစ်တော့မလို့ တဲ့..။
နေ့ခင်းပိုင်းဆို ထမင်းစား အိမ်ပြန်နား ညနေ ၃နာရီလောက်ပြန်ထွက်ကြ ၊ ည ၆နာရီလောက် ညစာပြန်စား တကျော့ပြန်ထွက်ဖို့ မောင်းတင်ပြန်ရပြီ..။ ညဦးပိုင်း ၉နာရီလောက် ရောက်ပြီဆိုရင် အလှတွေပြင် တချီတမောင်း ပြန်ထွက်ကြပါရော။ မဏ္ဍပ် တကာ လှည့်ကြည့်မယ်လေ.. အဲ့လို ညပိုင်းမှ အလှပြင်ထွက်တဲ့ သင်္ကြန်လည်ကားတွေကိုလည်း အလွတ်မပေးတဲ့သူတွေက ရှိသေးတယ်။ ခပ်မှောင်မှောင် လမ်းကြားတွေမှာ အိမ်ထဲက လူတစ်ချို့  က အမှောင်မှာ အုတ်ခုံနောက်မှ ပုန်းနေပြီး ရေပုံးနဲ့ စောင့်နေတတ်တာ ။ အလှပြကားတွေမှာ မီးသွယ်ထားရတတ်လို့ ရေမပတ်ကြပေမယ့် သူနဲ့ အတူပါတဲ့ နောက်တစ်ကားလောက်ကို တော့ ရေပတ်ဖို့ စောင့်ကြသေးတာ။ အလှပြကားတောင် အလွတ်မပေးတာ..သာမာန် အမိုးပွင့်ကားနဲ့ လူတွေဆို ဘယ်ရှောင်လိမ့်မလဲ..။ အလစ်ချောင်းပတ်ရတာ..Bling Bling  ၀တ်ထားတာတွေကို ပတ်ရတာ ပိုပျော်စရာ ဟုတ်။

အဲ့ဒါမျိုးတွေ ကိုယ်တွေလည်း လုပ်ဖူးပြီး သိနေတော့..အစ်မတွေက ကလေးဖြစ်တဲ့ ကားဘောင်ပေါ်ထိုင်တတ်တဲ့ အစ်ကို ကို မှာတယ် ရေပုံးနဲ့စောင့်နေတဲ့သူ တွေ့ရင် ပြောပေါ့..အစ်ကိုကလည်း ကားဘောင်ပေါ်ထိုင်ပြီး ရှေ့ မှာ ပုံး လို့ သတိပေးတတ်တယ်။ အဲ့လိုဆိုရင် အားလုံးက ခါးကို ကိုင်းချ ကားနောက်ခန်းမှာ ဝပ်နေအောင် ထိုင်ပုံး ကြတယ်.။ ကားလာတာတွေ့တော့မှ အမှောင်ကထွက်လာတဲ့သူကလည်းပက်မလို့ကြည့်တော့ ယောက်ျားလေး တစ်ယောက်တည်း ဆိုတော့ မပက်တော့ဘူးး။ ပတ်လည်း နည်းနည်းပဲ..တစ်ယောက်စာမှန်း ဖြန်းတာ။ အဲ့လိုနဲ့ ကျော်သွားတော့ မှ ဝေးးးဆို ထအော်ကြတာ..။ ပုံးကြီး ကိုင်လို့ ငေါင်တောင်တောင် ကျန်ခဲ့တဲ့သူက “ဟာကွာ..လူပါတယ်ဟ ”လို့ မချိတင်ကဲ အော်သံတွေနဲ့ ကျန်ခဲ့ရော..။
မဏ္ဍပ် တကာ လှည့်ကြည့်ဖို့၊ အလှပြကားတွေ ကြည့်ဖို့ လုံးပန်းရတာ ပိုပျော်ဖို့ကောင်းတယ်။ ဗဟိုမဏ္ဍပ် ဆိုရင် ခပ်တည်တည်နဲ့ မြို့တော်ခန်းမနောက်ပေါက်ကနေ ကားဝင် မဏ္ဍပ်ဝင်းထဲမှာ ဘေးမှရပ် ကားပေါ်ကနေကြည့်ကြတယ်။ ဝင်ခွင့်မရအောင် တံခါးပိတ်ထားတတ်ကြပေမယ့် ဒီလိုပဲ ရုံးစောင့် တွေကို ဟိုလိုလို ဒီလိုလို ဖိန့်ဖိန့်ပြောပြီး ဝင်ကြတာ..သူများတွေက ကိုယ်လို လိုက်ဝင်မယ်လုပ်ရင် မရတော့ဘူး။ကိုယ်တွေမှာ တစ်ခွိခွိ နဲ့ ကျေနပ်မဆုံးးး။ ဆက်သွယ်ရေးမဏ္ဍပ် ၊ ဆေးကျောင်းမဏ္ဍပ် ၊ နောက် ဆည်မြောင်းမဏ္ဍပ် အဲ့လိုပဲ အကြာကြီးကြည့်လို့ရမယ့် နေရာ ကို ရအောင်ပတ်ရွေးကြတယ်။

အဲ့ဒီခေတ်တွေကမန္တလေးသင်္ကြန် နှစ်တိုင်းလိုလို လာတာ ရန်အောင် ပေါ့။(သွားလေသူ) “နောင်” လည်းစ ပေါ်ပြူလာဖြစ်နေတဲ့ နှစ်တွေ ။ နောက် ဇော်ဝမ်း ၊ နေအောင် ၊မေသန်းနု ၊ ရဲအောင် စတာတွေ ပေါ့လေ။ မင်းသားတစ်ယောက် က အိမ်နဲ့ ရင်းနှီးတယ်ဆိုပါစို့ ..တစ်ခါ သူ့တည်းတဲ့ အိမ်ကို ညကြီးသွားကြတာ..အဖေက မောင်း ကိုယ်တွေကနောက်မှာပေါ့..။ တစ်လမ်းလုံး ဟေးဟားးနဲ့ ..။ ..ပြီးတော့ သွားတွေ့မှာက နာမည်ကျော်ဆိုတော့ အစ်မတွေကလည်းရှိုးစမိုး မွှေးကြိုင်ကလိုင်ပြီးသွားကြတာ..။ ဗဟိုမဏ္ဍပ် ဆက်လိုက်ကြမှာမို့ လူရိုသေ ရှင်ရိုသေပေါ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သပ်သပ်ရပ်ရပ်ပါ ဝတ်စားလာကြသေးတယ်။ အဲ..လမ်းမှာ တွေ့ရတဲ့ အမှောင်ပုံးတွေကိုတော့ အပေါ်ကနည်းအတိုင်း ရှောင်လာကြတာပေါ့လေ။ အဲ့လိုနည်းနဲ့ ကျော်ဖြတ်လာတာ မင်းသား တည်းတဲ့ အောင်တော်မူ ထဲက အိမ်ရောက်ခါနီးတော့ အစ်ကို က ပုံး လို့ အချက်ပေးတယ်။ ကိုယ်တွေကလည်းကြိုပြီး ခေါင်းတွေကိုင်းချ၊ အသက်တောင် သေချာမရှုရဲ ကြဘူး။။ ဟိုဘက်က ပုံးကိုင်ပြီးထွက်လာရော..အစ်ကို က ဗြုန်းစားကြီး “လူပါပါတယ်ဗျို့  ..ပုန်းနေကြတာ ” ဆိုပြီး အော်ပါလေရော..အဲ့မှာ နောက်နားမှာ ထိုင်နေတဲ့ လူတွေပါ ထွက်လာ ပတ်ကြတာများးး ကိုယ်တွေလည်း အကုန်ရွှဲ ..။ အစ်မတွေ ဆို အစ်ကို့ ကို ဒေါတွေခီးပြီး ပွစိပွစိနဲ့ ..။ မင်းသားဆီလည်းရောက်ရော အကုန်က ရေစို နေတဲ့ရုပ်တွေနဲ့ ညကြီးမင်းကြီးမှာ.။
အဲ့လိုနဲ့ နောက်နေ့ကျ သူ မန်းလေးတောင်ခြေက သုဓမ္မာဇရပ်တွေနားမှာ ရှူတင်ရှိတယ် ပေါ့။ ပျင်းရင် လာခဲ့ကြပေါ့ ပြောလိုက်တယ်။ ကိုယ်တွေကလည်း သွားမယ်ပေါ့။ အဲ့မှာ အဖေနဲ့ အစ်ကိုတွေက အမြင်ကတ်လာပြီ. ..ညပိုင်းသွားတယ်ဆိုတာ လူမှုရေးအရရော ဗဟိုမဏ္ဍပ် ကိုလိုက်မလို့ဆိုတော့ valid reason ပေါ့။ မင်းသားနောက်လိုက်တယ်ဆိုပြီး လိုက်မပို့ချင်ဘူး ဖြစ်ပါရော..။
နောက်ဆုံး ၂မဲ ၅မဲလောက်နဲ့ ရှုံးနိမ့်ပြီးး လိုက်ပို့ပေးမယ်ပြောမှ သူတို့လည်း နားငြီးသက်သာ ကျီးလိုဝိုင်းအာရာက လွတ်တော့တာ..။
နောက်နေ့လည်းကျရော လည်ကျ ပတ်ကျ နေ့လည်လောက်ကျ ဦးလေးရေ..တောင်ခြေကို မောင်းပါဗျို့  ဆို နောက်ကနေ အော်ကြတာ။ မောင်းတာတော့ ကျုံးဘက်ကို ဦးတည်နေတာပဲ...သွားရင်း သွားရင်း ညာဘက်မချိုးပဲ တည့်တည့်ကြီး ဆက်မောင်းပါလေရော..နောက်ကနေ ကားခေါင်မိုးကိုဝိုင်းထုအော်ကြတာပေါ့..။ အဲ့တော့ ရှေ့ မှာထိုင်နေတဲ့ အစ်ကို(ဝမ်းကွဲက) လှမ်းပြောတယ်..စွတ်ထုမနေနဲ့...ဈေးချိုသူမဏ္ဍပ် အရင်သွားမလို့တဲ့..။
နောက်တော့ ဈေးချိုရှေ့  နာရီစင်ကြီးနားဖြတ် ...မောင်းသွားလိုက်တာ ..နောက်ကနေ ဘယ်လောက်အော်အော် ဘယ်လောက်ထုထု..နောက်ဆုံး ဂေါဝိန်ဆိပ်ရောက်မှ ကားရပ်တော့တယ်..။ ကားမောင်းတဲ့ အဖေ က ပြုံးစိစိနဲ့...။ ပြန်မောင်းပို့ပေးမယ်ဆိုပြီး ပြန်လိုက်ပို့တော့ဟိုအဖွဲ့ တွေက နားချိန်ရောက်သွားပြီ..။ အဖေနဲ့ အစ်ကိုတွေကတော့ မျက်နှာတွေက ပြုံးစပ်စပ်..။ အမြဲတမ်း ဆုံမိတိုင်း ပြောလိုက်ကြ ရယ်လိုက်ကြနဲ့ တကယ့်ကို အမှတ်တရတွေပေါ့.။ နောက်ဘယ်နေရာ သွားသွား ဂေါဝိန် ထိဆင်းမသွားနဲ့နော်လို့ပြောကြတာ..။
အဖေနဲ့ အစ်ကိုတွေကလည်း သူတို့ညီမတွေကို နည်းနည်းတော့ ပညာရအောင်ပေးသေးတာ..။ တစ်ခါကလည်း မီးသတ်ပိုက်နှစ်လုံးရှေ့ မှာ ကားကိုရပ်ထားပေးသေးတာ...။ ခါးတွေ အညောင်းပြေချိန်လောက်မှ မောင်းထွက် ၊ ပြန်ချော့တဲ့ အနေနဲ့ မုန့်ဆိုင် မောင်းပေး နဲ့ ..။
တစ်ခါက ဒေါ်သီ သနပ်ခါး မဏ္ဍပ် မှာ နေအောင် က နဂါးနီ သီချင်းဆိုနေတဲ့ အချိန် ကိုယ်တွေကားတွေက မဏ္ဍပ် ရှေ့ မှာ တန်းစီနေကြတာ..ရှေ့ကကားက ပိတ်ရပ် နောက်ကားတွေကလည်း သူတို့မမြင်ရတော့ တတီတီ ဟွန်းတွေတီးကြ.. ကိုယ်တွေက မြင်ရတဲ့ နေရာက ဆိုတော့ မှိန်းကြည့်နေတာပေါ့။ မဏ္ဍပ် က ဘယ်လိုမှ အော်ထုတ်ရှင်းမရဘူး။ သီချင်းဆိုတဲ့ အဆိုတော် မင်းသားတွေကို ပြောခိုင်းလည်း မထွက်နဲ့...။ ကျွန်မတို့ကလည်း အချောင်ရှေ့ ကားပဲ ပိတ်နေလို့ယောင်ယောင် ပွဲမော့နေကြတာ။ ဗြောင်း ဗြောင်းဆိုတဲ့ အသံကြားမှ အတော်လန့်သွားကြတယ်။

 ဘုန်းဘုန်းတစ်ပါး ဝါးရင်းတုတ် ကိုင်ပြီး မော်တော်ပီကယ်လ် လုပ်နေတာလေ။ မထွက်ရင် ကားဘောနပ်ကို ဝါးရင်းတုတ်နဲ့ ခပ်ဆဆ ရိုက်ထွက်ခိုင်းတာ။ ကားမောင်းတဲ့ သူတွေလည်း ရပ်မော့နေရာကနေ လက်အုပ်ကလေးချီ တပည့်တော်တို့ ဒီတစ်ပုဒ်တည်းပါ ဘုရား နဲ့ အထွန့်တက်ကြ။

ဘုန်းကြီးကလည်း မခေဘူး..ဒီတစ်ပုဒ် ဒီတစ်ပုဒ်နဲ့ မရဘူး .ဒါမျိုးများနေပြီ..အခုထွက်နဲ့ ဟောက်တော့မှ ကုတ်ချောင်း ကုတ်ချောင်း တင်ပါ့ ဘုရား ဆိုပြီး လစ်ရတော့တယ်။ မန်းလေးမှာ ဘုန်းဘုန်းတွေ အာဏာကြီးခဲ့ပုံကတော့။ (ဦး) ကုသ ရေးတဲ့ ဝဇီကိုင် ဝတ္ထုထဲကလို ဝီစီ မှုတ်ပေးနေရတဲ့ ဘုန်းဘုန်းတွေလိုလည်း ရှိရှာသေးတယ်။ လူဒကာတွေက ဘယ်လောက်ဂျီတွန်သလဲ မှ မသိပဲလေ..။ မန်းလေးသူ မန်းလေးသားများကလည်း ပလိပ်သောကော ဘာသောကော သိပ်ကြောက်ကြတာမဟုတ်ဘူးရယ်။ ဘုန်းဘုန်းဆိုရင်တော့ ရိုသေသမှုနဲ့ ကြောက်ကြတယ်။
သြော်...ကိုယ့်ရိုးရာ သင်္ကြန်ပွဲတောင် စမြုံပြန်လွမ်းဆွတ်နေရတဲ့ ဘဝနော်..။

Comments