၁၂ ကောင်ထဲလား..။

တရံရောအခါက ကျောက်စိမ်းရှင်ဘုရင်နတ်မင်းကြီးဟာ ကမ္ဘာမြေကို အလည်အပတ်ရောက်ရှိလာသတဲ့။ တစ်ခါမှမရောက်ဖူးခဲ့လေတော့ ကမ္ဘာမြေမှာ အသက်ရှင်နေထိုင်တဲ့ အကောင်တွေရဲ့  ပုံပန်းသဏ္ဍာန်ကို သိချင်စိတ်ဖြစ်မိတယ်။အဲ့ဒီတော့ နောက်တစ်နေ့မှာ သူ့ရဲ့  အပါးတော်မြဲ (PA :D ) ကို ဒီလိုမေးလိုက်တယ်။
“ကမ္ဘာမြေကို ငါ အုပ်စိုးလာတဲ့ အချိန်လည်း မနည်းတော့ဘူး၊ ဒါပေမယ့် ထူးဆန်းတဲ့ တိရိစ္ဆာန်ဆိုတာတွေကို မမြင်ဖူးသေးဘူး။သူတို့က ဘယ်လိုပုံမျိုးရှိကြသလဲ...ဘာထူးဆန်းလဲ၊ လူတွေကိုကော သူတို့က အကျိုးပြုလား၊ ဉာဏ်ရည်ရော ထက်မြက်မှုရှိကြရဲ့လား”ပေါ့။ သူ့ရဲ့ အပါးတော်မြဲကလည်း ကမ္ဘာမြေမှာ တိရိစ္ဆာန်အမျိုးပေါင်းစုံရှိကြောင်း၊ တစ်ချို့  က လူတွေလိုပဲ လမ်းလျှောက်ကြတယ်၊တစ်ချို့ က တွားသွားကြတယ်၊ သူတို့တွေအားလုံးကို ကြည့်ချင်တယ် ဆိုရင်တော့ လပေါင်းများစွာ အချိန်ယူရပါလိမ့်မယ် လို့တင်လျှောက်တယ်။အဲ့ဒါနဲ့ နတ်မင်းကြီးလည်း စိတ်ဝင်စားစရာအကောင်းဆုံး ဆယ့်နှစ်ကောင်သာ ငါ့ဆီ ခေါ်လာပြပါတော့ လို့ ဆိုလိုက်တယ်။
အပါးတော်မြဲကလည်း သူသိသမျှ အကောင်ပလောင်တွေဆီ လာခဲ့စေဖို့ ဆင့်ခေါ်စာတွေနဲ့ ဖိတ်တော့တယ်။ အရင်ဆုံး ကြွက်ကိုစာပို့ပြီး နတ်မင်းကြီးဆီလာခဲ့ခိုင်းတယ်။ သူ့သူငယ်ချင်းဖြစ်တဲ့ ကြောင် ဆီကိုလည်း ဖိတ်စာပို့ဖို့ တစ်ဆက်တည်း မှာလိုက်တယ်။နောက်ဆက်ပြီးတော့ နွား၊ကျား၊ယုန်၊နဂါး၊မြင်း၊မျောက်၊ဆိတ်၊ကြက်၊ခွေး၊မြွေ တို့ကို နောက်တစ်နေ့မနက် ၆နာရီ အတိမှာ နတ်မင်းကြီးဆီ လာခဲ့ဖို့ဖိတ်တယ်။
အဲ့လိုဆင့်ခေါ်ခံရတယ်ဆိုတာ ဂုဏ်ယူတဲ့ ကြွက်ကလည်း အားရဝမ်းသာ သူငယ်ချင်းဖြစ်တဲ့ ကြောင်ကို သွားပြောတယ်။ကြောင် ကလည်း ဝမ်းမြောက်ပျော်ရွှင်သွားတယ်...ဒါပေမယ့် သူက အိပ်ပုပ်ကြီးတတ်သူ ဖြစ်တော့ နောက်နေ့မနက် မနိုးမှာကိုစိုးရိမ်မိတယ်။ ဒါနဲ့ ကြွက်ကို သူ့ကို အချိန်မီ နှိုးပေးဖို့ မှာတယ်ပေါ့။ညတိုင်ရောက်တော့ ကြွက်က စဉ်းစားမိတာ...ငါက စုတ်တီးစုတ်ဖတ်ရယ်၊ အမွှေးဖွားဖွား အမြီးလှလှလေးနဲ့ ကြောင်နဲ့ယှဉ်ရင် ငါတော့ အရမ်းရုပ်ဆိုးနေတော့မှာ နတ်မင်းကြီးရဲ့  ချီးမြောက်မှုကို သူပဲ အပိုင်သိမ်းတော့မှာပဲ လို့တွေးမိရော။ အဲ့ဒါနဲ့ နောက်နေ့မနက်ကျ အိပ်ပျော်နေတဲ့ ကြောင် ကို သူမနိုးခဲ့တော့ဘူး။မနက် ၆နာရီ အတိမှာတော့ ဖိတ်ခေါ်ထားတဲ့ တိရိစ္ဆာန်တွေအားလုံး နတ်မင်းကြီးရှေ့  ရောက်ပြီ။ ဒါပေမယ့် ကြောင် မရောက်လာတော့၁၁ကောင်ပဲ ဖြစ်နေတော့တာပေါ့။
ဘာလို့ တစ်ကောင်ပျောက်နေတာလဲ မေးတော့မှ အပါးတော်မြဲလည်း ကပြာကယာနဲ့ အစေခံတစ်ယောက်ကို တိရိစ္ဆာန်တစ်ကောင် ရှာခဲ့ဖို့ တိုးတိုးတိတ်တိတ်ခိုင်းလိုက်တယ်။ အစေခံလည်း ရွာထဲဝင်သွားတော့ လမ်းမှာ ဝက်တစ်ကောင်ကို ဈေးမှာသွားရောင်းဖို့ ပိုက်လာတဲ့ လူတစ်ယောက်နဲ့ ဆုံတယ်။ အဲ့ဒါနဲ့ပဲ အစေခံက ဝက် ကိုနတ်မင်းဆီ ခေါ်လာခဲ့တော့တယ်။ ဒီအချိန်မှာ ကိုရွှေကြွက်က သူကအကောင်လည်းအသေးဆုံး၊ ရုပ်ကလည်း ဆိုးရှာတော့ နတ်မင်းကြီးသူ့ကိုဂရုမပြုမိမှာစိုးရိမ်တယ်။ ဒါနဲ့သူက နွားရဲ့  ကျော ပေါ်တက်ထိုင်ပြီး ပလွေမှုတ်ပြလိုက်တယ်။ နတ်မင်းကြီးလည်းထူးဆန်းတယ်လို့ သဘောကျသွားပြီး သူ့ကို နံပါတ်စဉ် ၁ သတ်မှတ်ပေးလိုက်တယ်။
ကြွက်ကို သူ့ကျောပေါ်တက်ထိုင်ခွင့်ပြုတဲ့ နွား ကိုကျ သဘောကောင်းလှချည့် လို့သတ်မှတ်ပြီး ဒုတိယအဆင့် သတ်မှတ်လိုက်တယ်။ကျားကတော့ သတ္တိအပြည့် မာန်အပြည့်ရှိပုံရလို့ တတိယနေရာ၊ ယုန်ကိုကျ လှပတဲ့ အမွှေးဖြူဖြူလေးတွေကြောင့် စတုတ္ထနဂါးကို ကျ ရှည်မျောမျော ခန္တာနဲ့ခြေထောက်ပါပြီး အစွမ်းရှိတဲ့နဲ့ အကောင်မို့ ပဉ္စမ၊ မြွေကတော့ ပြောင်ချောချောနဲ့ ကောက်လို့ကွေးလို့အချိုးကျလှတဲ့ သူ့ပုံစံကြောင့် နံပါတ် ၆၊ မြင်းက ဝင့်ဝင့်ကြွားကြွားရှိလှတဲ့ ခန္တာကိုယ်ကြောင့် နံပါတ် ရ ၊သိုးကတော့ သူ့ရဲ့  ဦးချိုတွေကြောင့် အဆင့်၈လို့ သတ်မှတ်ပေးတယ်။
ဒီလိုနဲ့ မျောက်ကိုလည်း သွက်လက်လို့ ၉နေရာမြောက်မှာ၊ ကြက်ကတော့ ယပ်တောင်လို အမွှေးအတောင်ကြောင့်၊ကာကွယ်ပေးတတ်တဲ့ ခွေးက ၁၁နေရာမှာ ပေးလိုက်တယ်။ နောက်ဆုံးရောက်လာတဲ့ ဝက် ကတော့ ဘာအထူးအထွေမှမရှိပေမယ့် မပျက်မကွက်အရောက်လာတဲ့ အတွက် နောက်ဆုံးနေရာကို ပဲ ပေးလိုက်တော့တယ်..။အဲ့လိုနဲ့ တရုတ်နှစ်တွေထဲက အကောင်၁၂ ကောင်ဖြစ်ပေါ်လာတော့တယ်။ အခမ်းအနားပြီးသွားတော့မှ ရောက်လာတဲ့ ကြောင်ကတော့ သူ့ကို မနှိုးတဲ့ ကြွက်ကို ဒေါသထွက်တဲ့ အတွက် လိုက်ကိုက်တာ ဒီနေ့အထိ မတည့်တော့တာပါပဲ တဲ့။
တစ်ခါဖတ်ဖူးခဲ့တာ သူတို့ကို အပြေးပြိုင်ပြီး နောက်ဆုံးမြစ်ကိုဖြတ်ကူးရတာလို့လည်း ဖတ်ဖူးတယ်။ အရင်ရောက်တဲ့သူကို နံပါတ်အလိုက်ပေါ့..။ အပြေးပြိုင်တာတော့လည်း ဖြစ်နိုင်ပါတယ်။ ဝက် ကအနှေးဆုံးဖြစ်မှာ..ရေကူးတာတော့ ဘယ်လိုကူးကြသလဲတော့မသိဘူး။ ရေအကူးကောင်းတဲ့ ခွေးက သိုးတို့ ကြက်တို့နောက်၁၁နေရာ ထိတော့ မရောက်လောက်ဘူးထင်တာပဲ။ အဲလို ဒဏ္ဍာရီတွေထဲက နည်းနည်းယုတ္ထိရှိတယ် ထင်တာလေးကို ဘာသာပြန်လိုက်တာပါပဲ။ အပျင်းပြေပေါ့။

Comments