ချီမွမ်းခြင်း၊ ကဲ့ရဲ့ ခြင်း

ချီမွမ်းခြင်း၊ ကဲ့ရဲ့ ခြင်း စာ-၂၂

သူများ ကိုယ့်ကိုအထင်ကြီးတယ် ဆိုတာ သူ့စိတ်ထဲမှာ ခဏလေး ပေါ်လိုက်တဲ့ အတွေးလေးတစ်ခုပါ။ ဘာမှအရေးမကြီးပါဘူး၊ နော်။ သူများကိုယ့်ကိုကဲ့ရဲ့ တယ် ဆိုတာလည်းပဲ သူ့စိတ်ထဲမှာ ခဏလေး ပေါ်လိုက်တဲ့ အတွေးလေးတစ်ခုပါ။ အဲဒါလည်း အရေးမကြီးပါဘူး။
အဲ့ဒီတော့ ကိုယ့်ကို သူများအပြစ်တင်တဲ့အခါ ဝေဖန်တဲ့အခါ ကိုယ့်အကြောင်းကွယ်ရာမှာ မကောင်းပြောတဲ့အခါ ဘယ်လိုသဘောထားလဲ။စိတ်ဆိုးတယ်နော်၊ စိတ်ဆိုးရင် ဘယ်သူစိတ်ဆင်းရဲလဲ။ ကိုယ်ပဲစိတ်ဆင်းရဲတာ ။ အဲ့လိုနဲ့ သူက ကိုယ့်အကြောင်း မကောင်းကြောင်း ပြော၊ကိုယ်က သူ့အကြောင်း မကောင်းပြောတော့ ဘယ်လိုဖြစ်သွားလဲ။ သူနဲ့ကိုယ်နဲ့ အတူတူပဲ ဖြစ်သွားတယ်။အင်္ဂလိပ်စကားလေးတစ်ခုရှိတယ်။
You cannot get ahead by getting even.
တော်တော်မှတ်သားစရာကောင်းတယ်။ ကဗျာလည်း တော်တော်ဆန်ပါတယ်။ get ahead ဆိုတာ သူ့ထက်သာသွားတာကို ပြောတာ။ သူလုပ်သလိုသူ့ကို ပြန်လုပ်တာက getting even လို့ ပြောတာ။ အဲ့ဒီတော့ သူက ကိုယ့်အကြောင်း မကောင်းပြောလို့ ကိုယ်ကသူ့အကြောင်း မကောင်းပြန်ပြောရင်သူနဲ့ကိုယ်နဲ့ အတူတူပဲ။ ဘာမှမထူးတော့ဘူး။ သူလည်း မကောင်းဘူး၊ ကိုယ်လည်းမကောင်းတော့ဘူး။ သူ့ကို ပြန်လက်စားချေံခြင်းအားဖြင့် သူ့ထက်သာတဲ့သူ မဖြစ်နိုင်ဘူး။
ကိုယ့်စိတ်ကို ကိုယ်သတိထားပြီးတော့ ကြည့်တယ်။ သူများ ကိုယ့် အကြောင်း မကောင်းပြောတဲ့အခါ ငါ့စိတ်ဘယ်လိုဖြစ်နေလဲ။ စိတ်ထဲမှာ နည်းနည်းတော့ မကျေနပ်ဘူး။ သူကဘယ်လောက်သိလို့တုန်း။ သူက ဘယ်လောက်နားလည်လို့တုန်း။ သူက စိတ်ကောင်းစေတနာကောင်းမရှိလို့ မကောင်းတဲ့ စိတ်ထားနဲ့ ငါ့ကို မကောင်းကြောင်းပြောတာ၊ ဒါမျိုးတွေးမိတယ်နော်။ တချို့ ကျတော့လည်း ပြောတဲ့သူ ဘယ်သူမှန်းမသိဘူး။ ကိုယ်နဲ့ သိတဲ့လူက တစ်ဆင့်လာပြောတယ်။ အဲဒီပြောတဲ့သူကို ဘုန်းကြီး မတွေ့ဖူးဘူး။အဲ့ဒီတော့ဘုန်းကြီးက လာပြောတဲ့ ဒကာတွေကို ”အဲဒါတွေလာမပြောပါနဲ့၊ မသိချင်ပါဘူး” လို့ ပြန်ပြောလိုက်တယ်။ အဲ့ဒါမှအေးရောသူတို့ကို စိတ်ဆိုးနေရင်လည်းပဲ ကိုယ့်စိတ်ထဲမှာ စိတ်ပင်ပန်းတယ်။ အကုသိုလ်စိတ် ဖြစ်တယ်။ ပြီးတော့ ပိုပြီးဆုံးရှုံးတာက သူများကိုစိတ်ဆိုးနေတုန်းမှာ ကိုယ့်အသိဉာဏ်မထွက်တော့ဘူး။
သူများကို စိတ်ဆိုးနေတဲ့အခါမှာ ဉာဏ်နဲ့လုပ်ရတဲ့ အလုပ်တစ်ခုခုကို သွားလုပ်မယ်ဆိုရင် လုပ်လို့မရဘူး။(ဘုန်းကြီးမှာ)တန်ဖိုးရှိတဲ့ အလုပ်တွေလုပ်စရာ အများကြီးရှိတယ်။ ဘာမှတန်ဖိုးမရှိတဲ့ ကိစ္စတွေကို တွေးရင်းနဲ့ တန်ဖိုးရှိတဲ့အလုပ်ကို အပျက်ခံလိုက်ရရင် သိပ်နစ်နာတယ်။ သူများအကြောင်းကို အပြစ်ရှာနေတာက ကိုယ့်မှာတကယ်တန်ဖိုးရှိတဲ့အလုပ် လုပ်စရာမရှိလို့ပဲ။ တန်ဖိုးရှိတဲ့အလုပ်ပြည့် လုပ်နေတဲ့သူမှာ ဘယ်သူ့ကိုမှ တာရှည်စိတ်ဆိုးနေဖို့ အချိန်မရှိဘူး။

The Judgement of others no longer victimize me.
အဲ့စကားလေးကို (ဘုန်းကြီး) အတော်သဘောကျတယ်။ Judgement ဆိုတာဝေဖန်တာ၊ ကောင်းတာဝေဖန်တာလည်းရှိရင်ရှိမယ်။ မကောင်းတာ ဝေဖန်တာလည်း ရှိမယ်။ ဒါပေမယ့် များသောအားဖြင့် Judgement ဆိုတဲ့ အဓိပ္ပာယ်က အပြစ်ကို ရှာပြီးတော့ ဝေဖန်တာလို့ အဓိပ္ပာယ်ပေါက်တယ်။ victimize ဆိုတဲ့ အဓိပ္ပာယ်က နှိပ်စက်တာကို ခံရတဲ့သဘောကို ပြောတာ။ သူတစ်ပါးရဲ့  ဝေဖန်ချက်တွေက ငါ့ကို မနှိပ်စက်နိုင်တော့ဘူး ။ ငါဟာ သူတစ်ပါးရဲ့  ဝေဖန်ချက်တွေ နှိပ်စက်တာကို ခံနေရတဲ့လူ မဟုတ်တော့ဘူး။ no longer ဆိုတာ အခုမဟုတ်တော့ဘူး။ အခုမဟုတ်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်က အရင်တုန်းကတော့ ဟုတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သူတို့ ဝေဖန်တိုင်း ကိုယ်ကစိတ်ဆင်းရဲမယ်ဆိုရင် သူတို့နှိပ်စက်တာကို ကိုယ်ကခံနေရသလို ဖြစ်နေပြီ။ ဖြေရှင်းဖို့ ပြောဖို့ လိုအပ်တဲ့သူ ကျရင်တော့လည်း ရှင်းပြလိုက်တာပေါ့။ ပြောသမျှသူတွေ အားလုံးကိုသာ လိုက်ပြန်ပြောရမယ် ဆို ငါ့မှာအချိန်မရှိဘူး။ အဲဒီတော့ဥပက္ခာနဲ့ ပဲ နေလိုက်တာများပါတယ်။
ချီးမွမ်းလည်း ဝမ်းမသာတော့ဘူး။ ချီးမွမ်းတာကို သဘောကျရင် နောက်ထပ်ချီးမွမးတာကို ခံရအောင် လုပ်ရဦးမှာပဲနော်။ သူများသဘောကျအောင် လုပ်တဲ့သဘောဖြစ်သွားပြီ။ ငါဘယ်လိုလုပ်ရင် သူများချီမွမ်းမလဲ ဆိုတာ စဉ်းစားနေရပြီ။ အဲ့လိုဆို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် မဟုတ်တော့ဘူး။ အဲ့ဒါမလွတ်လပ်တော့ဘူး။ဒါကြောင့် သူများချီးမွမ်းတာ ခံရဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ အလုပ်တစ်ခုခုကို လုပ်တဲ့သူဟာ သူ့စိတ်နဲ့သူ လုပ်နေတာမဟုတ်ဘူး။ သူများစိတ်နဲ့ သူလုပ်နေတာဖြစ်နေပြီ။ သူများချီးမွမ်းတာကို ခံရတဲ့အခါ ဝမ်းသာတဲ့စိတ်ကလေး ဖြစ်တဲ့အခါ အဲ့ဒီစိတ်ကို ကြည့်တော့ ဒီစိတ်က မလွတ်လပ်တဲ့စိတ်ပဲ ။ လွတ်လပ်တဲ့စိတ် မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းလေး မြင်ရတယ်။

Comments