ငြိမ်းချမ်းတဲ့သူ ..

စိတ်ငြိမ်းချမ်းတဲ့သူဟာ သဘောထားကြီးတယ်။
You see your experiences in your daily life differently, you think differently.
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်ကနဲ့ မတူတော့ဘူး။ တန်ဖိုးထားတာတွေ မတူတော့ဘူး။ အရင်တုန်းက ပစ္စည်းဥစ္စာ၊ အပျော်အပါး၊ ကြော်ကြားမှု၊ ဂုဏ်ပကာသနကို သိမ်ကတဲ့လူဟာ စိတ်တကယ်ငြိမ်းချမ်းသွားတဲ့ အခါမှာ အဲ့ဒါတွေဟာသိပ်ကလေးဆန်တယ်ဆိုတာ သိလာတယ်။ အဲဒါတွေဟာ အပေါ်ယံပဲ ဆိုတာကိုလည်း သိတယ်။ ဂုဏ်ပကာသနဆိုတာ ဘေးကလူတွေရဲ့  အထင်ကြီးမှုသက်သက်ကို ရဖို့လုပ်တာပဲ။ ကိုယ့်ကိုသူများ အထင်ကြီးတယ်ဆိုတာ သူ့စိတ်ထဲမှာ ဖြစ်လိုက်တဲ့အတွေးလေးတစ်ခုပါ။ ဘာမှလေးနက်မှုမရှိဘူး။
စိတ်ငြိမ်းချမ်းသွားရင် ဘာဖြစ်လဲဆိုတော့
You have less personal bias .
ကိုယ့်ဘက်ကို ဆွဲပြီးတော့ ယူတာနည်းသွားတယ်။ အယူအဆမတူတာ ရှိလာပြီဆိုရင် မျှမျှတတ ကြည့်တတ်လာတယ်။ ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့အောင် ကြည့်ဖို့သဘောထားကြီးကြီးထားတတ်လာတယ်။ ကိုယ်လိုသလို တစ်ဖက်သတ် အဓိပ္ပာယ်မကောက်ဘူး။ တကိုယ်ကောင်းမဆန်ဘူး။ တစ်ဖက်သတ် အနိုင်မယူဘူး။ ကိုယ့်မိသားစုထဲမှာပဲ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့် ငါပြောတာကတခြား၊ သူအဓိပ္ပာယ်ကောက်တာက တခြား ဖြစ်နေပါပြီဆိုတာမျိုးတွေကို လူဘယ်လောက်များများ ခံစားဖူးသလဲ။ ကိုယ့်အလုပ် ဌာနမှာပဲဖြစ်ဖြစ် ငါလုပ်တာငါပြောတာက တခြား၊ ငါ့အထက်လူကြီး အဓိပ္ပာယ်ကောက်တာက တခြား ဖြစ်နေတယ်လို့ တွေးမိတာ ဘယ်လောက်များသလဲ။ တစ်ယောက်ကို တစ်ယောက် အထင်လွဲတယ်၊ အထင်မှားတယ် ဆိုတာမျိုးဟာ တော်တော် အဖြစ်များပါတယ်။ ဒီစကားကို သေသေချာချာ စဉ်းစားပါ။ လူဆိုတာ ကိုယ့်ဘက်ကပဲကိုယ် မြင်တတ်ပါတယ်။ သူ့ဘက်ကနေ ရာနှုန်းပြည့် သူမြင်သလိုတော့ မမြင်နိုင်ဘူး။ အဲဒါ မဖြစ်နိုင်ဘူး။ သူများစိတ်ကို အတိအကျသိနိုင်တဲ့ ဉာဏ်မှ မရသေးတာကိုး၊ သူများစိတ်ကိုသိတဲ့ ဉာဏ်ကို မရသေးရင် ကိုယ့်ဘက်ကပဲ ကိုယ်မြင်တာပဲ။ အဖေကလည်း အဖေ့ဘက်ကပဲ မြင်တယ်။ အမေကလည်း အမေဘက်ကပဲမြင်တယ်။ သားသမီးတွေကလည်းပဲ သူတို့နေရာကပဲသူတို့မြင်တာပဲ။ အထက်အရာရှိကလည်း သူ့နေရာကပဲ မြင်တာပဲ။ အဲ့ဒီတော့ လူတိုင်းမှာ ကိုယ့်ဘက်ကပဲ ကိုယ်စွဲပြီးတော့ မြင်တဲ့အမြင်ဟာအနည်းနဲ့အများရှိတယ်။ သို့သော် တရားအားထုတ်လာတဲ့အခါမှ အဲဒါနည်းသွားပြီ။တစ်ဖက်သတ်လိုသလို ဆွဲယူတဲ့အမြင်မျိုး အများကြီးနဲသွားတယ်။ အဲဒါကြောင့် သဘောထားမျှတာလာတယ်။ မျှတတဲ့အမြင် ဖြစ်လာတယ်။ သဘောထားကြီးလာတယ်။ စိတ်ငြိမ်းချမ်းတဲ့သူဟာ သဘောထားကြီးလာတယ်။
အခွင့်အရေး နှင့် တာဝန် (စာ- ၄၈)

Comments