ဘုရားကိုးဆူ ပူဇော်ခြင်းနှင့် . .

အောက်ပါ ဘဘဆရာကြီးဦးသုခ ရဲ့  ဓမ္မရသ အလှမျိုးစုံ စာမျိုးစုံ စာအုပ်က ထုတ်နုတ်ပါတယ်။
ဘုရားကိုးဆူပူဇော်ခြင်း အစ-
ဘုရားကိုးဆူပူဇော်ရာမှာ ဘုရားကိုးဆူဆရာကို ညဦးကတည်းက အိမ်ကိုပင့်ဖိတ် ကြပါတယ်။ ဘုရားကိုးဆူဆရာက သူနှင့် အသင့် ပင့်လာတဲ့ ကျောင်းဆောင်နဲ့ တကွ ဘုရား ၊ ရဟန္တာ (သက်ဆိုင်ရာယာဉ်တွေစီးနေတဲ့) ဂြိုဟ်မင်း၉ပါးရုပ်၊ နတ်ကြီးငါးပါးရုပ် စတာတွေ နေရာချထား ပင့်ဖိတ်ရပါတယ်။ (နတ်ကြီးငါးပါး -စန္ဒီ ၊ သူရဿတီ ၊ ပရမီသွာ၊ မဟာပိန္နဲ ၊ ဂေါရမတ္တ ) နေရာအသီးသီးမှာ စက္ကူထီးဖြူ တံခွန် ကုက္ကား မြတ်လေးပွား တို့ကိုစိုက်ကာ ဖယောင်းတိုင် အမွှေးတိုင်များထွန်းက နံသာရေများဖြင့်ပတ်ဖျန်းပူဇော်လိုက်ရပါတယ်။ သစ်သီးသုံးမျိုး ယိုသုံးမျိုး ပန်းသုံမျိုးတို့ကိုလည်း ဆက်ကပ်ပူဇော်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိတ်ကြီးဆယ့်တစ်သုတ်နှင့်တကွ အခြားပရိတ်တော်များကို ကြေးစည်ခတ်၍ ခတ်၍ ရွတ်ဖတ်ပူဇော်ရပါတယ်။ နံနက်ဦးမှာတော့ အရုဏ်ဆွမ်းကပ်ပြီး ဂြိုဟ်စာကျွေး ရေစက်ချအမျှဝေပြီး ပင့်ဖိတ်ထားတဲ့ ဂြိုဟ် နတ်တို့ကို ပြန်ပို့ ၊စသည်တို့ ပြုလုပ်လေ့ရှိပါတယ်။
ဘုရားကိုးဆူပူဇော်တဲ့ ရည်ရွယ်ချက်တွေကတော့ -
လောကီမင်္ဂလာဘုန်းကျက်သရေတိုးဖို့၊ မကောင်းတဲ့ ဂြိုဟ်စီးဂြိုဟ်နင်းမှ လွတ်မြောက်ကျန်းမာဖို့၊ လာဘ်သပ္ပကာ အကြံအစည်အောင်မြင်ဖို့ စသည်တို့ဖြစ်ပါတယ်။
မူလပထမ ဘုရားရှင်လက်ထက်တော်ကတည်းက အာယုဝဍ္ဎနသတို့သားလေး ဘီလူးအစားမခံရအောင်၊ အသက်ရှည်အောင်၊ ဗုဒ္ဓနှင့်တကွသော ရဟန္တာအရှင်မြတ်ရှစ်ပါးက အရံအတားအဖြစ် ကာကွယ်စောင့်ရှောက် ပေးတော်မူကြတာက အစပြုတယ်လို့ ဆိုပါတယ်။
မြတ်စွာဘုရားလက်ထက်တော် မှာ ဒီဃလိင်္ဃိ က ရွာသားပုဏ္ဏားတစ်ယောက်ဟာ သားဦးလေးရလို့ ဝမ်းမြောက်ဝမ်းသာ သူ့ဆရာပုဏ္ဏား သွားကန်တော့ပါတယ် တဲ့။ အဲ့သည်မှာ ဆရာပုဏ္ဏားက ဖခင်နဲ့ မိခင်ကိုအသက်ရှည်ပါစေ လို့ဆုပေးပါတယ် ။ ဒါပေမယ့် သူတို့သားကလေးကိုတော့ အသက်ရှည်ကြောင်း ဆုမပေးလို့တောင်းပန်တဲ့အခါ ဆရာပုဏ္ဏားက ဒီကလေးဟာနောက်(၇)ရက်ကြာရင် သေရမှာဖြစ်လို့ ဆုမပေးပါဘူး ဆိုလေတယ်။ ဆရာပုဏ္ဏားကလည်း သူမကယ်နိုင်ပေမယ့် မြတ်စွာဘုရားသာကယ်နိုင်ပါလိမ့်မယ် လို့ တိုက်တွန်းတဲ့အခါ ပုဏ္ဏားလင်မယားလည်း သားလေးကို ပွေ့ပြီး ဗုဒ္ဓမြတ်စွာထံ ပြေးသွားပြီး ကန်တော့ကြပါတယ်။ ဗုဒ္ဓ ကလည်းအသက်ရှည်စေကြောင်း ဆုပေးတော်မမူဘဲ ကလေးလေးဟာ ဘီလူးစားပြီးသေလိမ့်မယ် လို့ အမိန့်ရှိတော်မူတယ်။ ပုဏ္ဏားလင်မယားက တောင်းပန်ငိုယိုကြတော့ မြတ်စွာဘုရားရှင်က “သင်တို့သားလေး အသက်ရှည်စေလိုရင် သင်တို့ကိုယ်တိုင် သရဏဂုံဆောက်တည်ပြီး သင်တို့အိမ်တံခါးဝမှာ ငါဘုရားနှင့်တကွ သံဃာရှစ်ပါး သီတင်းသုံးနိုင်အောင်နေရာထိုင်ခင် မဏ္ဍပ်ပြင်ထားပါ၊ ခုနှစ်ရက်ပတ်လုံး ညစဉ်ကြွလာပြီး ပရိတ်တော်များ ရွတ်ပေးတဲ့ အခါ သင်တို့သားကလေးပါ ရိုသေစွာ နာယူကြရင် ဘီလူးဘေးက လွတ်ကင်းလိမ့်မယ်” လို့မိန့်တော်မူပါတယ်။ အဲ့ဒီလိုနဲ့ ညစဉ်ပရိတ်တရားနာ နံနက်တိုင်း ရဟန္တာရှစ်ပါး ဘုရားကို ဆွမ်းလုပ်ကျွေး တယ်။ အဲ့ဒီတော့(၇)ရက်အတွင်း ထိုသားငယ်ကိုယူစေ လို့ ဝေဿဝဏ်နတ်မင်းထံမှ အခွင့်ရထားပြီးတဲ့ ဘီလူးဟာ ညစဉ်လာပြီးအခွင့်ချောင်းပေမယ့် ဘုရား နှင့် ရဟန္တာများ ဘုန်းတော် ဂုဏ်တော် ပရိတ်တန်ခိုးတော်တို့ကြောင့် မဝင်ဝံ့ မယူနိုင်ဘဲ ပြန်သွားရတယ်။ ဒီအခါမှာ မြတ်စွာဘုရားက သင်၏သားကလေး အသက်တစ်ရာ့နှစ်ဆယ် ရှည်စေသတည်း လို့ ဆုပေးတော်မူတဲ့အတွက်အာယုဝဍ္ဎနသတို့သား လို့အမည်မှည့်ရတယ် ။ (ဓမ္မပဒမှာ ဘုရားဟော)
ဘာလို့ ရဟန္တာများကို မည်သည့်နေရာ အရပ်တွင် သီတင်းသုံးတော်မူပါ လို့ ပင့်လျှောက်နေရာပေးရသလဲ”
ရှေးပညာရှိကြီးများက သံဃာတော်ရှစ်ပါးကို အရပ်၈မျက်နှာအလိုက် ဗုဒ္ဓကနေတော်မူစေတယ် လို့ ဗုဒ္ဓဝင် အယူအဆနဲ့ အဆိုအမိန့်ရှိခဲ့ကြတယ်။
၁။ ရှင်သရိပုတ္တရာ က ဗုဒ္ဓဟူးသားဖြစ်၍ တောင်အရပ်၊
၂။ ရှင်မဟာမောဂ္ဂလာန် က သောကြာသားဖြစ်၍ မြောက်အရပ်၊
၃။ ရှင်ဥပါလိ က စနေသားဖြစ်၍ အနောက်တောင်အရပ်၊
၎။ ရှင်ရာဟုလာ တနင်္ဂနွေသား အရှေ့ မြောက်အရပ်၊
၅။ ရှင်အာနန္ဒာ ကြာသပတေးသား အနောက်မျက်နှာ၊
၆။ ရှင်ကောဏ္ဍည တနင်္လာသား အရှေ့ အရပ်၊
ရ။ ရှင်ရေဝတ အင်္ဂါသား အရှေ့ တောင် အရပ်၊
၈။ ရှင်ဂဝမ္ပတိ ရာဟုသား အနောက်မြောက်အရပ်၊
အချို့အိမ်တွေကတော့ ဘုရားကိုးဆူပူဇော်ရာမှာ အိမ်နေရာအလိုက်ဘုရားကျောင်းဆောင်ကိုပြင်ဆင်ထားရတာမို့ အရပ်ရှစ်မျက်နှာကို အဓိကမထားနိုင်ဘဲ ဘုရားကိုယ်တော်မြတ်၏ လက်ဝဲ လက်ယာ အရှေ့  အနောက် စသည်ဖြင့်သာ နေရာတောခင်းနိုင်ကြတော့တယ် လို့ဆိုပါတယ်။
သာဝကသံဃာတော် များစွာရှိတဲ့အနက်က ဘာလို့ ရဟန်းရှစ်ပါးကိုသာ ဘုရားပင့်တဲ့ အထဲမှာပါရတာလဲ ၊ အရှင်အာနန္ဒာဟာဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးတဲ့နောက်မှ ရဟန်းကိစ္စပြီး (ရဟန္တာဖြစ်) တယ်လို့ ဖတ်ဖူး၍ ရဟန္တာရှစ်ပါးတွင် အဘယ်သို့ တစ်ပါးအပါအဝင်ဖြစ်နေရပါသလဲ ”
ဇာတ်ဝတ္တုအရ ဓမ္မပဒ မှာ ပါရှိတဲ့ ကာဠီဘီလူးမဇာတ်နဲ့ ယှက်နွယ်ပြီး ဘဝပေါင်းများစွာသူကညှင်းဆဲ ကိုယ်ကညှင်းဆဲ သတ်ဖြတ်စားသောက်ပြီးတဲ့နောက် ဘုရားရှင်လက်ထက်ရောက်မှ ရန်ငြိုးရန်ကြွေးကျေကြသလို အာယုဝဍ္ဎနသတို့သားနဲ့ ဘီလူးဟာလည်း အတုံ့အလှည့် ညှင်းဆဲခဲ့ကြဖူးသတဲ့။ မြတ်စွာဘုရားပါရမီဖြည့်နေစဉ် အင်ကြင်းတောတစ်ခုမှာ ရုက္ခစိုးအဖြစ်နဲ့ ရှိနေတုန်းမှာ အာယုဝဍ္ဎနသတို့သား ဖြစ်လာမယ့်ကျားဟာ ဘီလူးဖြစ်လာမယ့် သမင် ကို သတ်ဖြတ်စားသောက်ဖို့ လိုက်ဖမ်းတော့ အင်ကြင်းတောထဲကို သမင်လေးက ဝင်ပြေးလာတယ်။ ဒီအခါမှာ ဘုရားလောင်းအင်ကြင်းပင်စောင့်နတ်ကြီးက “ငါ၏ပတ်ဝန်းကျင်မှာ သတ်ဖြတ်ညှင်းပန်းခြင်းအမှုကို မပြုကြနှင့်၊ သင်တို့နှစ်ဦးလည်းဘဝပေါင်းများစွာ အတုံ့အလှည့်ပေါင်းများစွာ ရှိခဲ့ကြပြီ” လို့ တရားဟောပါတယ်။
ဒီအခါ ဘုရားအလောင်းစံနေတဲ့ အင်ကြင်းပင်ကြီးရဲ့  ပတ်ဝန်းကျင်မှာ အခြံအရံအဖြစ်စံနေတဲ့ အင်ကြင်းရှစ်ပင်က သံဃာအလောင်းအလျာ နတ်သားရှစ်ပါး က သက်သေ့ဖြစ်ကြသတဲ့။ ဒါကြောင့် မြတ်စွာဘုရားဟာ အထုံပါရမီအဆက်ပါတဲ့ ဘီလူးကို ပြန်လည်သတိရစေခြင်းငှာ အင်ကြင်းပင်များ အနေအထားအတိုင်း ရဟန္တာများကို သီတင်းသုံးတော်မူစေပါတယ်။ ဘုရားကိုးဆူကပ်ရာမှာ ပင့်ဖိတ်လေ့ရှိတဲ့ ဂြိုဟ်ကြီးကိုးလုံး နတ်ကြီးငါးပါး တို့ကတော့ ဟိန္ဒူဗြဟ္မဏဆရာတို့ရဲ့  အယူအဆ ဖြစ်ကြောင်း၊ မြတ်စွာဘုရားလက်ထက်တော်တုန်းက ပူဇော်တာမှာ ဒါတွေမပါတဲ့အကြောင်း၊ ရှေးဆရာကြီးများကိ လောကီလေကုတ္တရာပြည့်စုံခြင်း အကျိုးငှာ ပဉ္စဂုင်္တ္တရပါဠိတော်လာ ဗလိ ငါးပါးနှင့် အညီစီရင်တော်မူခဲ့ကြခြင်းဖြစ်တယ် လို့ ပြောရပါလိမ့်မယ် လို့ဆိုပါတယ်။

၁။ ဉာတိဗလိ = ဆွေမျိုးများကို ထောက်ပံ့တာ
၂။ အတိထိဗလိ = ဧည့်သည်များကို ကျွေးမွေးတာ
၃။ ပုဗ္ဗပေတဗလိ = ကွယ်လွန်သောဆွေမျိုးကို အမျှဝေတာ
၎။ ရာဇဗလိ = မင်းတို့ကို အခွန်အတုတ်ပေးဆက်တာ
၅။ ဒေဝတာဗလိ = နတ်များကို အပရိဟာနိယတရားနဲ့ အညီ ပူဇော်ပသမြဲအတိုင်း ပူဇော်တာ တို့ဖြစ်ပါတယ်။

ဒီဆောင်းပါးတစ်ခုလုံးကတော့ ဘဘဦးသုခ ငယ်စဉ် ကျိုက်လတ်မြို့ မှာ နေစဉ်အခါ ဘုရားကိုးဆူဆရာဖြစ်တဲ့ ဆရာကဲ ဆိုသူကို ဆည်းကပ်စဉ်တုန်းက အဖြစ်တစ်ချို့ အပါအဝင် ဇာတ်သွားအနေနဲ့ ရေးထားတာပါ။ ဘဘဦးသုခရေးသားပြုစုထားတဲ့ ဆောင်းပါးတိုင်းဟာ အသိပညာတိုးစေတဲ့အပြင် စာအရေးအသားကအစ အထူး သေချာရေးသားထားတာ ဖတ်ရှုရပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် သတိချပ်စေချင်တာ တစ်ချို့ ကိုလည်း ဆွေးနွေးဖော်ပြထားပါတယ်။ ဆောင်းပါးရှည်ထဲက ထုတ်နုတ်ထားတာဖြစ်လို့ စာမချောတာအတွက် ခွင့်လွှတ်ပါရှင်။ ဘုရားဂုဏ်တော်ကိုးပါး အာဝေဏိက ဂုဏ်တော် တစ်ဆယ့်ရှစ်ပါး တို့အပြင် အံဖွယ်တော် တစ်ဆယ့်ရှစ်ပါး ရှိတဲ့ အကြောင်းလည်း မှတ်သားရပါသေးတယ်။ နောက်တစ်မျက်နှာမှာ ဆက်မှတ်ရပါဦးမယ်။

ဘုရားကိုးဆူပူဇော်ခြင်း ဆောင်းပါး (စာ- ၉၀)

Comments