Rest In Peace

ဆရာမင်းသိင်္ခ ဆုံးပါးသွားပါပြီတဲ့။ ဒီနေ့ မနက် ၆ နာရီခန့် ကပါတဲ့။
သွားပြန်ပါပြီ။နောက် စာရေးဆရာကောင်း တစ်ယောက် ၊ သူ့ လိုင်း ၁ခုကို အောင်မြင်အောင်လုပ်နိုင်တဲ့သူတစ်ယောက်။ သူ ရဲ့  လုပ်ဆောင်ချက်တွေက ထေရဝါဒ ဗုဒ္ဓဘာသာ နဲ့ သွေဖယ်တယ်လို့ ပြောချင်ရင်ပြောလို့ ရမယ်။ ဒါပေမယ့် ယုံကြည်ချက် ကို အကောင်အထည်ဖော်နိုင်တဲ့ အစွမ်းကို လေးစားတယ်။ ဝေဒနာခံစားနေရတာနဲ့ စာရင် စောစော အနားယူသွားတော့လည်း တစ်မျိုးဝဋ်ကျွတ်သွားတာပါဘဲ..။

ဒီကနေ သတင်းရယူပါတယ်..

=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ==ဂ=ဂ=ဂ=ဂ=
စာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခစာရေးဆရာ ဗေဒင်ဆရာ မင်းသိင်္ခ အသက် (၇၀) နှစ်သည် ယနေ့နံနက် (၆) နာရီက ရန်ကုန်မြို့ သုခ ကမ္ဘာ အထူးကုဆေးခန်း၌ နှလုံးသွေးကြောရပ် ရော ဂါဖြင့် ကွယ်လွန်သွားသည်ဟု ၎င်း၏ တပည့်သား ချင်းများက ပြောသည်။နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ခံစားနေရသူ မင်းသိင်္ခသည် ဇူလိုင် (၄) ရက်က ဆေးရုံတက် ရောက်ကုသခဲ့ရပြီး ဆီးကြောပိတ်ကာ ခြေထောက် ဖြတ်ရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကျန်းမာရေး ပြန်ကောင်းလာကာ (၁၅) ရက်နေ့ကမှ ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။
မင်းသိင်္ခ၏ တပည့်ရင်းတဦးဖြစ်သူ မင်းသိမ်းခိုင်က “ဆေးရုံကနေ ပြန်ဆင်းလာပြီးတော့ ခြံကို ပြန်ရောက်လာတယ်။ မနေ့က မနက်ကမှ ထူးထူးဆန်းဆန်း စကားတွေပြောတယ်။ ငါ ထွက်တော့ မယ်တဲ့။ ငါ့အခန်းထဲကို ပို့တဲ့။ အခန်းထဲ ရောက်တာနဲ့ ငါပြီးပြီတဲ့။ အဲလို့ပြောပြီး အခန်းထဲ ၀င်သွား တယ်။ ဒီနောက် ရုတ်တရက် အခြေအနေဆိုးလာလို့ မနေ့ကမနက်က ဆေးခန်းကို ပို့လိုက်တာ။ (၁) ရက်ပဲကြာတယ် နှလုံးရပ်ပြီး ဆုံးသွားတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မင်းသိင်္ခသည် မှော်ဘီမြို့နယ် မရမ်းတလင်းကျေးရွာရှိ အယူတော်မင်္ဂလာခြံဝင်းအတွင်း၌ နေထိုင် ကာ ဗေဒင်၊ လက္ခဏာ၊ ဂမ္ဘီရ ပညာရပ်များကို တပည့်တပန်းများစွာဖြင့် ဟောကြားပေးနေသူဖြစ်ပြီး ထင်ပေါ်ကြော်ကြားသူတို့အတွက် နာမည်အပေးကောင်းသူတဦးဖြစ်သည်။အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပေးအပ်သည့် ရိုးရာဗေဒင်ပညာ ပါရဂူဘွဲ့နှင့် မြန်မာမင်း (၁၂၂) ပါး၏ကံကြမ္မာ ကျမ်းစာအုပ်ဖြင့် နက္ခတ်ဗေဒပါရဂူဘွဲ့ (၂) ခုရရှိထားပြီး ဆုသွားရောက် လက်ခံ မရယူခင် ကွယ်လွန်သွားခြင်းဖြစ်သည်။ဆရာမင်းသိင်္ခသည် ရှစ်လေးလုံးအရေးအခင်းတွင် လူထုနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး စစ်အစိုးရ ကို ဝေဖန်တိုက်ခိုက်သည့် ဟောပြောမှုကြောင့် အာဏာသိမ်း န၀တ စစ်အစိုးရ၏ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ခံခဲ့ရသော်လည်း နှစ်ပြည့်မနေရခင် ပြန်လွတ်လာခဲ့သည်။မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆရာမင်းသိင်္ခ၏ ပြောကြားချက်ကို ၎င်း၏ တပည့် ဖြစ်သူ ဆရာ ဇင်ယော်နီက “မြန်မာနိုင်ငံ ကောင်းခါနီးပြီ။ အဲဒါကို သူမီချင်သေးတယ်၊ ကြည့်ချင် သေးတယ်ဆိုတဲ့စကားမျိုး သူပြောပါတယ်။ လွန်ခဲ့တဲ့ (၁) လ၀န်းကျင်လောက်က ပြောသွားတာ” ဟုပြောသည်။
မင်းသိင်္ခသည် မနုစာရီ ၀တ္ထုဖြင့် စာပေလောကသို့ ၀င်ရောက်ခဲ့ပြီး မကွယ်လွန်ချိန်အထိ ဗေဒင်ကျမ်း စာအုပ်များအပါအ၀င် လုံးချင်းစာအုပ်ပေါင်း (၁၀၀) ကျော် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် 'မနုစာရီ' လုံးချင်းဝတ္ထုကြီးကို စတင်ထုတ်ဝေခဲ့သည်။ ကောင်းမွန်စွာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော် ဒုတိယအကြိမ် ရိုက်နှိပ်သောအချိန်၌ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့သည်။ 'ဆားပုလင်းနှင်းမောင်' လုံးချင်းဝတ္ထုများ တစ်အုပ်ပြီးတစ်အုပ် ထွက်လာခဲ့သည်။မြန်မာစာဖတ်ပရိသတ်များအတွက် 'ဆားပုလင်းနှင်းမောင်' သည် မြန်မာရှားလော့ဟုမ်း ဖြစ်လာ ခဲ့သည်။ မင်းသိင်္ခ၏ အခြားလူကြိုက်များသော ဇာတ်လိုက်များမှာ 'ပုဏ္ဏားဘကွန်း' နှင့် စနေမောင်မောင်' တို့ဖြစ်သည်။
၎င်းကွယ်လွန်ချိန်၌ ဇနီးဟောင်း ဒေါ်အေးအေးနှင့် သားတဦးတို့ ကျန်ရစ်သည်။ ၎င်း၏ ဈာပနကို သြဂုတ် (၅) ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်ရန် အစီအစဉ်ရှိ ကြောင်းသိရသည်။ ။

ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=ဂ=

Comments

Popular Posts