မြည်းတစ်ကောင် ရဲ့  သတ္တိ

လယ်သမားတစ်ယောက် ရဲ့  မြည်းလေးတစ်ကောင်ဟာ အကာအရံမရှိတဲ့ လယ်ထဲက ရေတွင်းပျက်ထဲ ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲ ကနေ အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ်။ လယ်သမားကြီးဟာ ဘာလုပ်ရမလဲ လို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။ ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်း မသုံးတာကြာတဲ့ ရေတွင်းအဟောင်းကြီး ဖို့ ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့ မထူးဘူး။ အဲ့လိုတွေးပြီးတော့ သူ့ သူငယ်ချင်းလယ်သမားတွေကို သွားခေါ်လာတယ်။ တစ်ယောက်ပေါက်ပြားတစ်လက်ဆီ ယူလာကြပြီး
မြေကြီးတွေတူး ရေတွင်းကို ဖို့ကြတော့တယ်။
မြည်းကလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာ သိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်တော့ မြည်းအော်သံ တိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ကို ငုံ့ ကြည့်မိတယ်။အဲ့မှာ သူတွေ့ရတာကို အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကိုခါချ ပြီး မြေကြီးပေါ်ကို တစ်လှမ်းတက်နေလိုက်တယ်။ လယ်သမားတွေက မြေကြီးတွေကို ဆက်ဖို့တိုင်း မြည်းလေးက တစ်ခုန်တစ်ခုန်တက်နေတော့တာပေါ့။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာရေတွင်းပေါ် ခုန်တက်လိုက်ပြီးတော့ အားရဝမ်းသာ ခုန်ပေါက်ပြေးသွားတော့တယ်။
ကိုယ့် ဘဝ အခြေအနေက ကိုယ့်ကျောပေါ်ကိုမြေတွေ ပုံနေမယ်။ ဒုက္ခကနေ လွတ်မြောက် အောင်လုပ်နည်း က ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးကို ကျောပေါ်မှာ ပုံမနေစေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက်အောက် ကိုရောက်သွားရမယ်။
ဆရာတော် ဦးဇောတိက- စိတ်ချမ်းသာဖို့လိုရင်းပါ (စာ ၁၅၂)
မြည်းလေးဟာ သူရေတွင်းထဲကျတာနဲ့ ကယ်မယ့်သူ ကိုအရင် အော်တော့တယ်။ အဲ့လိုပဲ ကျွန်မတို့လူတွေလဲ ကိုယ် အရင်ဆုံးစ ဒုက္ခတွေ့တာနဲ့ အကူအညီ ရလို့ရငြား စတင်အော်ဟစ်မျှော်ကိုးတော့တာ။ ခလုတ်ထိမှ အမိတ၊ မိဘ၊ဆွေမျိုးသားချင်း၊ နီးရာလူ ကိုဆိုလည်းကောင်ရိုး တစ်မျှင်လို လုံးလုံးအားကိုးချင်လိုက်မိကြတယ်။ တကယ်လို့ ကိုယ့်အနားမှာ ဖေးမပေးမယ့် မိသားစုလည်းမရှိ၊ ကိုယ်မျှော်လင့်ထားသလို သူများတွေဆီက အကူမရဘူး ဆိုရင် တော့ ပိုလို့ အော်ဟစ်ချင်တော့တာပေါ့။ နူရာဝဲဆွဲ လဲရာသူခိုးထောင်းပါပြီ... ကံဆိုးသူ သွားလေရာမိုးလိုက်ရွာ .. ဆိုပြီး ငိုချင်တော့တာပါပဲ။ ဒါဟာ လူ့သဘာဝ။ ဘယ်လောက်ပဲ သူများအပေါ် အားမကိုးပါဘူးဆိုဆို တကယ့် လောကဓံနဲ့ ကြုံရင်တုန်လှုပ်တာပါပဲ။ အနည်းဆုံး ကိုယ့် အပေါ်အမြဲကောင်းနေတဲ့သူတွေ ကတော့ ကူညီမှာပဲဆိုပြီးယူဆထားတတ်တာ။ ဒီကြားထဲ က မှ ပိုပိုဆိုးလာတော့ အရင်ဆုံးတော့ ပိုအော်ငိုပစ်လိုက်တာ ဓမ္မာတာ လို့ဆိုရမှာပဲ။
နောက်တော့ လည်း အော်ငိုနေလည်း အချည်းအနှီးဆိုတာနားလည် ပြီး အငိုရပ် ငြိမ်သက်သွားတော့တယ်။ ငြိမ်သွားတော့လည်း ဒီ ပြဿနာတွေ က ဆက်နေတုန်းဆိုတော့ ရုန်းထွက်ဖို့ ကိုယ်တိုင်ကြိုးစားရမယ်ဆိုတာ နားလည်စပြုလာပြီ။ နောက်တော့ နည်းလမ်းရှာပြီး ကိုယ်ဆက်အသက်ရှင်ဖို့ ထွက်ပေါက် ကို စဉ်းစားလုပ်ကိုင်ရတော့တာပါပဲ.။ ဒီ ပုံပြင် ဖတ်ပြီးကျွန်မ တွေးမိတာကတော့ ရုန်းထွက်နိုင်မှု၊ အခက်အခဲ ကို လှေကားထစ်အဖြစ် အသုံးချနိုင်ရမှု အပြင် တခြား မျှော်လင့်ချက်ဆုံးရှံးရတတ်တာ၊ ငိုနေရင်းနဲ့ နာကျင်နေရတာ၊ ထွက်ပေါက်အဖြစ်ငိုလို့ အားရ တကယ်လည်း လွတ်လမ်းမရှိတော့ဘူးဆိုပြီး အဖြစ်မှန်ကိုလက်ခံလိုက် မှ ပဲ ရုန်းထွက်ဖို့ လုပ်နိုင်တာတွေ ..စသဖြင့်ပေါ့လေ။ တကယ် သိပြီး တကယ် လုပ်နိုင်ဖို့ ကလည်းလိုသေးသပေါ့လေ။။။။။။။။

Comments