သစ်ပင်တို့ရဲ့  အိပ်မက်

တစ်ခါက တော ထဲမှာ သစ်ပင်ကြီး ၃ ပင် ရှိပါတယ်။ အဲဒီ သစ်ပင်ကြီး ၃ ပင် ဟာ စကားစမြည်ပြောကြရင်း အသီးသီး ရဲ့  အိမ်မက်တွေ ကို ဖွင့်အံမိကြတယ်။ ပထမသစ်ပင်ကြီး ကဒီလိုပြောပါတယ်။“ငါ က လှပတဲ့ ရတနာထည့်တဲ့ သေတ္တာဖြစ်ချင်တယ်ကွာ..လှပတဲ့ အရာ တွေ ထည့်မှတော့ ငါ့ကို လည်းသူ့အရောင်တွေဟပ် ပြီး လူတိုင်းက လှလိုက်တာ ဆိုပြီး သဘောကျမှ ငါလိုချင်တယ်”။ ဒုတိယ သစ်ပင်ကြီးက တော့ “ငါ က ပင်လယ်ကူးသင်္ဘော ခန့်ခန့်လှလှကြီးတစ်စင်းဖြစ်ချင်တယ်ကွာ။ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်၊ဘုရင်မတွေ ဂုဏ်သရေရှိလူကြီးမင်းတွေကို ငါကသယ်ဆောင်ပြီး ကမ္ဘာအနှံ့ ပတ်ချင်တယ်။ ပြီးတော့ ငါ့ရဲ့  ကြီးမားတဲ့ခွန်အား နဲ့ သူတို့ ကိုလုံခြုံစေနိုင်မှာ သေချာတယ်”
နောက်ဆုံး သစ်ပင်ကြီးကတော့ “ငါကတော့ မင်းတို့လို ထူးထူးဆန်းဆန်း မမျှော်မှန်းပါဘူး။ အရမ်းမြင့်မားပြီးမိုးထိအောင်ဖြောင့်နေတဲ့ သစ်ပင်ကြီးပဲ ဖြစ်ချင်တယ်ကွာ။ ဒါမှ လူတွေက ငါ့ကို မော် ကြည့်ရင်းနဲ့ တဆက်တည်း ကောင်းကင်ကိုပါ လှမ်းမြင်ပြီးသားဖြစ်မယ်။ ဂျီးဇက်စ် ဆိုတာ ရှိတယ် ဆိုတာအမှတ်ရကြမယ်။ငါလည်း ကောင်းကင်ဘုံမှာ ရှိတဲ့ဂျီးဇက်စ နဲ့ နီးနီးနေရမယ် ၊ ပြီးတော့ ငါ့ကို အမြင့်ဆုံးသစ်ပင် အဖြစ်မှတ်မိနေမယ်လေ။”

အဲ့ဒီလိုနဲ့ နောက်မကြာခင် အတောအတွင်းမှာ ပဲ သစ်ပင်ခုတ်သမား တစ်ယောက် ရောက်လာတယ်။သူဟာ ပထမ သစ်ပင်ကြီးကို ကြည့်ပြီး “ဒီ သစ်ပင်ကြည့်ရတာ အမာအတော်ခံနိုင်ပုံပေါ်တယ်။ လက်သမားလက် အပ်လိုက်ရင် ထောပြီ” လို့ရေရွတ်ပြီး ခုတ်လိုက်တယ်။သစ်ပင်ကြီး က ကြားတော့ ပျော်တာပေါ့ ။သူ့ ဆန္ဒအတိုင်း ရတနာထည့်တဲ့ သေတ္တာဖြစ်ရတော့ မယ်ဆိုပြီး။ နောက် တစ်ပင်ကျတော့“အင်းး ဒီသစ်ပင် ကြီးမားခိုင်ခံ့ပုံကတော့ သင်္ဘောကျင်းရောင်းရင် အကိုက်ပဲ” ဆိုပြီး ခုတ်ပါတော့တယ်။ ဒုတိယ သစ်ပင်ကြီးလည်း ဝမ်းသာသွားတာပေါ့။ အိပ်မက်တွေ အကောင်အထည်ပေါ်တော့မယ်လေ..။

နောက်သစ်ပင်ကြီးနားလည်း သစ်ခုတ်သမားရောက်သွား ရော အဲဒီ သစ်ပင်ကြီးက စိုးရိမ်ပြီလေ။သူ့ ကိုပါခုတ်ရင်တော့ သူအိပ်မက် ပျက်ပြယ်ပြီကိုး။။ဒါ ပေမယ့်လည်း သစ်ခုတ်သမားက “ငါခုတ်သမျှ သစ်ပင်တွေက ငါ့အတွက် တစ်ခုမှ မကျန်ခဲ့ဘူး။ ဒီ သစ်ပင်ကိုတော့ ငါ့အတွက် ချန်ထားမှပါ” ဆိုပြီးခုတ်လှဲလိုက်တော့တယ်။

အဲဒီနောက် ပထမသစ်ပင် က လက်သမားဆီရောက်သွားတော့ သူတို့ရဲ့  တောအိမ်လေးထဲမှာ ပဲ တိရစ္ဆာန်ကျွေးဖို့ အစာခွက် လုပ်တာကို ခံလိုက်ရရှာတယ်။ ဒုတိယ သစ်ပင် ခမျာလည်း ဘာထူးလဲ... ငါးမျှားထွက်ရင် သုံးဖို့ လှေခပ်ငယ်ငယ်လေး အဖြစ် အပြောင်းခံလိုက်ရတယ်။ တတိယသစ်ပင်ကိုဆိုရင်လည်း သစ်ခုတ်သမားကြီးက အိမ်မှာ ပဲ သုံး လေးပိုင်း ပိုင်းပြီး အမှောင်ခန်းလေးထဲ ထည့်လှောင်ထားတော့တယ်။ အဲဒီလို နဲ့ နှစ်တွေလည်းကြာ သစ်ပင်ကြီးတွေ ခမျာ သူတို့ အိမ်မက်တွေတောင် သူတို့မေ့ပေါ့။

တစ်နေ့တော့ လက်သမားဆရာနေတဲ့တောအိမ်လေးကို လင်မယားနှစ်ယောက် ရောက်လာတယ်။ဇနီးဖြစ်သူက ကိုယ်ဝန်အရင့်အမာ နဲ့ မို့ မီးဖွားချင်လို့ အကူအညီတောင်းတာပါတဲ့။ ကလေးလေးမွေးတော့ ထည့်ဖို့ ပုခက်မရှိတာနဲ့ မြက်တွေထည့်ထားတဲ့ သစ်သားခွက် ကလေးကို ပဲ ကလေးပုခက် အဖြစ် သုံးလိုက်တော့တယ်။အဲ့တော့မှ ပဲ မြက်ခွက်တစ်ဖြစ်လဲ ပထမ သစ်ပင်ကြီး က “ငါ့ တစ်သက်တာ မှာ အရေးကြီးတဲ့ ဖြစ်ရပ် ပဲ။တန်ဖိုး အရှိဆုံး ရတနာလေးကို ထွေးပွေ့ထားရတာပါလား”ဆိုပြီး ဝမ်းမြောက်သွားတယ်။

ငါးဖမ်းလှေ အဖြစ် အသုံးပြုခံရတဲ့ လှေ လေးဟာ လည်း တစ်နေ့ တော့ တံငါသည် တစ်စုကို တင်ဆောင်ပြီး ပင်လယ် ထွက်တော့ မုန်တိုင်းမိပါလေရော။လှေ ကလေးလည်း ငါ ထင်ထားသလို ကြံ့ ကြံ့ ခံနိုင်ပါ့မလားတွေးနေတုန်းမှာပဲ ၊ တံငါသည်တွေက အိပ်နေတဲ့ သူတို့ အကြီးအကဲ ကို နှိုးတယ်။ အကြီးအကဲ က မတ်တပ်ရပ် လိုက်ရင်း “ရပ်စေ” လို့ရေရွတ်လိုက်တော့ လေမုန်တိုင်း က ငြိမ်သက်သွားတော့တယ်။ အဲဒီမှာပဲ လှေ လေး ဟာ ဘုရင်များ ရဲ့  ဘုရင် ကို သယ်ဆောင်ထားရတာပါလား ဆိုပြီး ကြည်နူးကျေနပ်သွားတယ်။

နောက်ဆုံးအမှောင်ခန်းထဲမှာ နေ နေ ရတဲ့ သစ်ပင် မှာ လည်း လူတစ်ယောက် က ကိုယ်ပေါ်တင်ပြီး တောင်ထိပ်ဖျားထိ သယ်ယူသွားတာခံရတယ်။နောက် တော့ အဲဒီ လူကို သစ်ပင်ကိုင်းခြောက်မှာ သံမှို နှက်တာခံရတယ်။ အဲဒီမှာ တတိယသစ်ပင် ဟာလည်း “ငါ ဟာတောင် ထိပ်မှာ ရပ်နေနိုင်ပြီး ဂျီးဇက်စ် နဲ့ နီးချင်တဲ့ ဆန္ဒလည်းပြည့်ဝပြီ”ဆိုပြီး ဝမ်းသာသွားတော့တယ်။

==============================================
ဒီပုံပြင်လေးကပေးချင်တာတော့ ကျွန်မတို့ ဘဝ မှာရည်မှန်းတဲ့ အတိုင်းအကောင်အထည်မပေါ်ရင် စိတ်ဓာတ်မကျပါနဲ့တဲ့။ စွဲစွဲ မြဲမြဲနဲ့ ယုံကြည်ထားရင် တစ်နေ့တော့ ဖြစ်လာမှာပါ ။ကိုယ်မျှော်လင့်တဲ့နည်းလမ်းတွေအတိုင်း ဟုတ်ချင်မှဟုတ်မယ်။ဒါပေမယ့် ပန်းတိုင်ကိုတော့ရောက်စေမှာပါ။နောက်ဆုံးတော့ သစ်ပင် တစ်ပင်စီတိုင်းရဲ့  အိပ်မက်တွေ ပြည့်စုံသွားသလိုပေါ့။ သူတို့မျှော်လင့်တဲ့ ပုံစံ အတိုင်းထပ်တူတော့မဟုတ်ဘူးပေါ့လေ။ ယုံယုံကြည်ကြည်နဲ့ သာလုပ် တစ်နေ့တော့ ကျွန်မတို့ မျှော်လင့်ချက်တွေ အကောင်းဆုံးနည်းလမ်းတွေနဲ့ အတူ အကောင်အထည်ပေါ်လာမှာပါ။။။

၂၀.၀၈.၂၀၀၈ အမှတ်တရ

Comments