လွမ်းမိတဲ့ မိတ္ထီလာ..

ငယ်ငယ်က မိတ္ထီလာမှာ နေခဲ့ရတာတွေ လွမ်းမိတယ်။ မြို့လေးနေရာက အချက်အချာကျတော့ အစားစုံရှိတာ။ ကျောက်ပန်းတောင်း မကွေးဘက်က မလိုင်မုန့်၊ အညာမုန့်တွေကလည်း အစုံ။ ရှမ်းပြည်ဘက်က လတ်လတ်ဆတ်ဆတ်အသီးအနှံတွေကလည်း မရှား။ နောက်..ထန်းသီးမုန့်မွှေးမွှေးလေးတွေ၊ မုန့်ကျွဲသဲတုန်စိစိလေးတွေ၊ မြူရွက်သုပ်၊ နွားနို့ခဲချက် ၊ ကြက်သားငပိချက်...အညာဟင်းလေးတွေ သတိရတယ်။

မြို့ အထွက်က ရှမ်းတဲလေတပ်လေး ...။ ပြည်သာယာဘက်က စပျစ်ခြံလေးတွေ၊ အမေညိုဆိုင်က ငှက်ပျောပေါင်းရယ်။ သဲတရှပ်ရှပ်နဲ့ တကြွမ်းကြွမ်း စားခဲ့ကြတဲ့ မုန့်လေပွေရယ်..။ အိမ်မိုးအစွန်နဲ့ လွတ်ရုံလေးလို့ ထင်ရအောင် ဖြတ်ပျံသွားတတ်တဲ့ ဟယ်လီကော်ပတာကြီးတွေ ရယ် .. ။

ရေကန်ရဲ့  ဟိုဘက်မှာ ရှိတဲ့ ဆည်မြောင်းရုံးက ဦးလေးဆီ စက်ဘီးနဲ့ သွားကြတာတွေ။ ပြန်လာချိန် နေ၀င်ရီတရောများဆို ရေကန်ဘောင်ဘက်က မပြန်ရဲကြဘူး။ သူက သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ၀န်ဇင်းဟော်တယ်နောက်ဘက် နဲ့ ကပ်နေတာကိုး။ ဝေးဝေးလံလံ ပေါက်ခေါင်းဘက်က လှည့်ပြန်ကြတယ်။ အပြန်ကျ ပေါက်ခေါင်းညနေဈေးထဲက ဘိန်းမုန့်၊ မုန့်စိမ်းပေါင်းဖြူဖြူမွမွလေးတွေ ဝယ်ခဲ့ကြတယ်။ အိမ်ပြန်ရောက်ရင် ခြေသလုံးတွေများတောင့်လို့..။ ကိုယ် ပတ်ချင်သလို စက်ဘီးပတ်စီးခဲ့တာ ဆိုတော့ အိမ်ရောက်တော့လည်း မသိမသာလေး ငြိမ်နေရတာပဲ...။

ဦးလေးဆီမသွားဖြစ်ရင်တောင် ညနေ၅နာရီလောက်ဆို အဲ့ကန်ပတ်လမ်းလေး ကတ္တရာလမ်းမည်းပြောင်ပြောင်လေးဆီ စက်ဘီးသွားစီးကြတယ်။ နယ်မြို့ လေး ဆိုတော့ ညနေချိန် ကား အသွားအလာ ကျဲပါးပါတယ်။ မြို့ ထဲဘက်မဟုတ်တာလည်း ပါတာပေါ့လေ။ စက်ဘီးကိုထောင်စီး ပြိုင်စီးနဲ့ မောကြပြီဆိုရင် ကန် ဘောင်ပေါ်ကဆင်းပြီး ရေစပ်မှာ ကျောက်ခဲလေးတွေ ပစ်တန်းကစားကြတယ်။ အစ်ကိုက ရှပ်ပစ်တတ်တယ်။ ကျွန်မပစ်ရင်တခါတလေမှ ရတယ်။ ရေပေါ်မှာ ရှပ်ရှပ်ရှပ်နဲ့ ဖြတ်သွားအောင် ကျောက်ခဲလေး ခါးလေးကိုင်းပြီး ပစ်ရတာလေ။ ပါးပါးပြားပြားနဲ့ ရေပေါ်ပြေးမယ့် ကျောက်ခဲလည်း သေချာရွေရသေးတာ။ နောက် တစောင်းလေးကိုင် ဒူးကွေးပြီးပစ်ရော..ရေပေါ်မှာ ၆ခါလောက် ရှပ်ရှပ်ပြေးပြီးမှ မြုပ်သွားရင် ပျော်လိုက်တာ ပြောမနေပါနဲ့တော့။


ညစာစားပြီးချိန်ဆို ကန်ကြီး ဟိုဘက်က ပြည့်ပြည့် စာအုပ်ဆိုင်လေးဆီ လမ်းလျှောက်သွားကြတယ်။ မိတ္ထီလာကန်ကလည်း လူစားတဲ့ နေရာမှာ နာမည်ကြီး၊ ရေလည်ဘုရားက နဂါးလေးကောင်ရဲ့  လည်ပင်းရေမြုပ်ချိန်ဆို လူစစားချိန်ဆိုပြီး ပြောတတ်ကြတယ်။ ကန်ပေါ်က ဖြတ်လျှောက်တုန်း မှာ ဟိုဘက်က ရထားလမ်းက ရထားဖြတ်သွားရင် သိပ်ပျော်တာပဲ။ မီးရထားမြင်ရင် ပျော်တတ်တာ ကလေးတို့သဘာဝပေလားတော့ မသိ၊ (ကြီးလာတော့လည်း မီးရထားမြင်ရင် လွမ်းဆွေးဆွေး ဖြစ်တတ်ပြန်ရော) ကန်ဟိုဘက်တစ်ဘက်ခြမ်းမှာ ရှိတဲ့ ဖောင်တောင်ဦးဘုရား ၀င်ဖူးဖြစ်တဲ့အခါလည်း ရှိတယ်။ နဂါးရုံဘုရားမှာ အေးအေးဆေးဆေးသွားထိုင် နားမလည်တဲ့ ဂျပန်စာတွေလိုက်ဖတ် ဘုရားပေါ်မှာ အကြွေစေ့ဆော့နဲ့ ။ (အလှူခံဖလားလေးတွေ လည် နေတဲ့ ထဲကို အကြွေပစ်ထည့်ရတာကို ပြောတာပါ)
နောက်..ကဆုန်လဆို ညောင်ရေသွန်းပွဲတော် လုပ်တဲ့ သာစည်အထွက်က ဘုရား။ (နာမည်မေ့ရှာပြီ)။ အညာနွေညတွေမှာ ဘုရားဖူးရတဲ့ အေးငြိမ်းမှုက ချမ်းမြေ့ စရာ သိပ်ကောင်းတယ်။

ဆောင်းတွင်းမနက်တွေဆို အဖေနဲ့ အမေနဲ့က မနက်ထလမ်းလျှောက်တယ်။ တခါတလေလည်း မောင်နှမနှစ်ယောက် လိုက်လမ်းလျှောက်ကြတယ်။ အိပ်ချင်မူးတူးနဲ့ ကင်ပေတိုင်ဦးထုပ်လေးတွေစောင်းပြီး လိုက်ကြတယ်။ စလျှောက်တော့ အိပ်ချင်မူးတူး၊ စိမ့်နေအောင် အေးတဲ့ အညာဆောင်းလေကြောင့် မကြာပါဘူး မျက်လုံးတွေ ကျယ်ကုန်ရော။ အဲ့မှာကလေးပီပီ စဆော့တော့တာပဲ။ အညာဆောင်းမှာ ချွေးပြန်တဲ့ အထိပြေးကြဆော့ကြတာ။ တခါတလေတော့လည်း ချမ်းစီးစီးနဲ့ ကွေး ကျန်နေတတ်ခဲ့တာ အဖေနဲ့အမေပြန်လာတော့မှ ထောင်ကြီးထောင့်က ဝယ်လာတဲ့ ကောက်ညင်းပေါင်းပူပူလေးနဲ့ အကြော်လေးထစားတယ်။ တစ်ချို့လမ်းလျှောက်မထွက်ဖြစ်တဲ့ မနက်တွေမှာ အိမ်နောက်ဖေးက ဥသျှစ်ပင်ကြီးအောက်မှာ မီးပုံပုံ လှုံကြတယ်။ မီးလှုံရင်း ကိုယ်လှုံတဲ့ဘက် မီးခိုးရိုက်လာရင် ရုပ်ဆိုးလို့မီးခိုး အစခံရမှာစိုးလို့ မီးခိုးလာရာဘက် (လေလာရာဘက်) မှာ မထိုင်ကြဘူး။ လေမှားဝှေ့လာရင် ရှောင်တဲ့အနေနဲ့ ထိုင်ရာမထ ခြေလေးရွေ့ပြီး မီးပုံကို မသိမသာနဲ့ ပတ် နေရာပြောင်းရတာ..။ ငယ်ငယ်တုန်းက ကိုယ့်ကို ချောတယ် လို့ ပြောမှ သဘောကျတဲ့ ကလေးအတွေးလေးကြောင့်ပေါ့။

မိတ္ထီလာအကြောင်းပြောရင် မိတ္ထီလာမီးအကြောင်းလည်း ပြောရမယ်ထင်ပါရဲ့ ။ ၁၉၉၁လား ၉၂လား မမှတ်မိတော့ပါဘူး။ မိတ္ထီလာမှာ မီးအကြီးအကျယ်လောင်ပြီး မြို့ ရဲ့  ၃ပုံ၂ပုံလောက်ပါသွားတဲ့ နှစ်ပေါ့။ အဲ့အချိန်မှာ (ဖြစ်ချင်တော့) ကျွန်မတို့က ငပလီကို ခရီးထွက်နေတဲ့ အခါကြီးပေါ့။ (ငပလီကိုသွားဖို့ ပြည်ကနေ ဟိုဘက်ကမ်းကို (ဆင်တဲလားမသိ) ဇက် နဲ့ ကူးရတယ်။ (အဲ့တုန်းကပေါ့) ပြည်အဝင်ကို နောက်ကျနေတော့ ဇက်မမီတော့ဘူး၊ အဲ့ဒါနဲ့ တစ်ညနားကြဖို့ တည်းခိုခန်းလိုက်ရှာရတယ်။ အဲ့တည်းခိုးခန်းမှာ အထုပ်တွေချ ထမင်းဆိုင်မှာ ထမင်းသွားစားကြတော့ နယ်ခံတွေက ဘယ်ကလာတာလဲ ဘာညာမေးတော့ မိတ္ထီလာကဆိုတာ့ သူတို့အတော် ရှော့ဖြစ်သွားတယ်။ မိတ္ထီလာမှာ မီးအကြီးအကျယ်လောင်တာ တစ်မြို့ လုံးကုန်မတတ်ပဲ လို့ သတင်းပေးစကားဆိုတယ်။ အဖေတို့လည်း ထမင်းမစားနိုင်တော့ အလန့်တကြား ဖုန်း တွေခေါ်တော့ အိမ်ကိုဆက်လို့ရနေသေးတယ်။ ကျွန်မတို့နေခဲ့တဲ့ နန်းတော်ကုန်း ၊ကန်ရဲ့ ဒီဘက်က လွဲရင် ဟိုဘက် မြို့ လည်လို့ ပြောလို့ရမယ့် နေရာ တွေ အတော်များများပါသွားတယ်တဲ့လေ။ အသိမိသားစုနဲ့ သွားကြတာဆိုတော့ နောက်နေ့ ကိုယ့်ခရီးကိုယ် ဆက်ကြလေသတည်းပေါ့။

မိတ္ထီလာပြန်ရောက်တော့ မီးလောင်တစပြင်က ကြိုဆိုနေတော့တာပေါ့။ အံ့သြစရာကောင်းတာ မီးလောင်တာ ကွက်ကွက်ပြီး လောင်တာပါပဲ။ တစ်ချို့  ရပ်ကွက်တွေဆို အလယ်က လွတ်ကျန်ခဲ့တယ်။ မီးလောင်လို့ ရေမြောင်းထဲ ဝင်ပုန်းတဲ့သူတွေ လောင်မီးကျပြီး သေကြတာမျိုးတွေလည်း ကြားရတယ်။ အဲ့တုန်းက ကောလဟာလဖြစ်တာတော့ ရတနာမာန်အောင်ဘုရား ကို တက်ဖူးတဲ့ မြွေကို ခြင်းခတ်နေတဲ့သူတွေက သတ်စားလိုက်ကြတယ် ဆိုပဲ။ အဲ့ ခြင်းခတ်တဲ့သူတွေ နေတဲ့ ရပ်ကွက်တွေ အကုန်မီးထဲပါကုန်တယ်။ သတ်စားခံရတဲ့ မြွေက အဲ့ဘုရားကဘုန်းကြီး ကို အိပ်မက်ပေးတာ သူ့ကို သုံးပိုင်းပိုင်း ခုတ်စားလို့ ဒီမြို့ လည်း သုံးပိုင်းပိုင်း ဖြစ်စေရမယ်ပေါ့။ ငယ်တုန်းက တော့ အဲ့လိုကြားဖူးတာကို ယုံတာပါပဲ။ တကယ်လည်း မြို့ က မီးအကြီးအကျယ်သာလောင်တာ ..ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ကိုး။ ဓာတ်ဆီလှောင်တဲ့ ပွဲရုံတွေ ဘက် က ရပ်ကွက်တွေ မို့ တကြိုတကြားလောင်တာ မဆန်းပါဘူး။ မြို့  ပြင်ဘက်ကြီးက ရပ်ကွက်တွေလည်း ပါ ကုန်တော့ မီးကို ခုန်ခုန်ကူးတာ မြွေသွားသလိုပဲ လို့ ပြောကြတာ ယုံတမ်းစကားမဟုတ်ဘူးပေါ့။
မီးဘေးဒုက္ခသည်တွေ ဘုန်းကြီးကျောင်းတွေမှာ အပြည့်ပါပဲ.။ မီးထဲမပါတဲ့ အိမ်တွေက ထမင်းထုပ်ထုပ်ပေးကြတယ်။ အိမ်မှာ အဒေါ်က ထမင်း၊ဟင်း ကို ဖတ်လေးနဲ့ထုပ် ဆားထုပ်ကလေးပါ ပလတ်စတစ်လေးနဲ့ ထုပ်ပြီး ထမင်းထဲ့ မြှပ်ထဲ့ပေးလိုက်တာ။ တခါတလေ အဲ့ ဆားထုပ်လေးထဲ ပိုက်ဆံအခေါက်ကလေးပါ ညှပ်ပေးလိုက်တယ်။ မနက်ပိုင်းဆို အဲ့လို ထမင်းထုပ်လာလာယူတာ အတော်ကြာတယ်.။ တစ်လ နှစ်လ မကဘူးထင်ပါရဲ့  ။ အဲ့အချိန်တုန်းက ကလေးဆိုတော့ သိပ်နားမလည်သေးဘူးးး။ ရန်သူမျိုး ငါး ပါးဆိုတာ တကယ်ကြောက်စရာပါပဲ။ ၀ဋ်နာ ကံနာ လို့တောင် ထင်မှတ်မိပါရဲ့.။ တစ်ခုခု ဆို ဘယ်သူ ဘယ်လိုမှ မတတ်နိုင်ရတာပါပဲ။ စိတ်မကောင်းစရာကနေ တခြားပြောတာ ပိုကောင်းပါမယ်။

အပေါ်မှာ ပြော(ရေး)ခဲ့သလိုပါပဲ မိတ္ထီလာကနေ ဘယ်သွားသွား အခက်အခဲသိပ်မရှိ၊ ခရီးလည်း သိပ်မလှမ်းတော့ တစ်နှစ်ကို ၃ခေါက်အနည်းဆုံး ခရီး ခြေဆန့်ကြတယ်။မြို့ ကလေးက ကြား နေရာလိုမျိုးလေးဖြစ်နေတော့ အနီးအပါးခရီးထွက်လို့ ကောင်းသလို၊ ဧည့်ကလည်း သာ တယ်။
တန်ဆောင်တိုင်ဆိုရင် တောင်ကြီးတက်ကြပြီ။ ကားနဲ့ သွားရင် ၅နာရီလောက်ပဲ ကြာတာ။ အဲ့တုန်းက တောင်ကြီးဘက်တက်တဲ့ လမ်းတွေဟာ ဒီလောက် ကားသွားကားလာမများပါဘူး။ 
လမ်းခရီး ဘေးတစ်ဖက်တစ်ချက်မှာ လည်း သဘာဝ အလှတွေ အတော်များခဲ့တာ.။ 
ကလေးတုန်းက ဆိုတော့ တောင်ကြီးကို တန်ဆောင်တိုင်ကလွဲရင် မသွားချင်လှဘူး။ အဖိုး အဖွားတွေ ရှိတော့ အမြဲသွားဖြစ်နေရတယ်။ အဖိုး ကို ကြောက်ရတော့ ကိုယ်တွေ မှာ တောင်ကြီးရောက်ပေမယ့် အိမ်ထဲက အိမ်ပြင် မထွက်ရပါဘူး။ နည်းနည်း လှုပ်လှုပ်လှုပ်လှုပ် ဆော့လိုက်တာနဲ့ အဖိုးက မာန်မှာမျိုးကို သိပ်ကြောက်တယ်။ အခု အသက်ရလာတော့ အဖိုး နဲ့ စကားပြောရတာမျိုးကို (အနည်းငယ်) စိတ်ပါဝင်စားလာပြီ။ အေးချမ်း သန့်ရှင်းတဲ့ ရာသီဥတု ၊ ရိုးရှင်းတဲ့ တိုင်းရင်းသားတွေ ရဲ့ ဖော်ရွေမှုကို မက်မောတတ်လာပြီ။ တောင်ကြီးကို ခဏခဏ သွားချင်နေမိပါရော။

နောက် မိတ္ထီလာကနေ ခဏခဏ ရောက်ဖြစ်ခဲ့တာ ပုဂံ..အဲ့တုန်းက ကျောက်ပန်းတောင်ဘက်က သွားရင်၃နာရီလောက်ပဲ ကြာတာ။ ပုဂံ ကို လာသမျှ ဧည့်သည်တွေကို ကိုယ်တွေ တပျော်တပါးကြီး လိုက်ပို့ကြတာ။ ခုခေတ်ကလေးတွေ တက်ဖူးမှာ မဟုတ်တော့တဲ့ အာနန္ဒာ၊ သမ္ဗညု စတဲ့ ဘုရားတွေ အပေါ် ရောက်ဖူးခဲ့တယ်။ လှေကားကျဉ်းကျဉ်း မတ်မတ်လေးနဲ့ ခပ်မှောင်မှောင်လေး အပေါ်ကို တက်ရတာ သဘောကျပေမယ့် ကြောက်လို့ အမေ နောက်က ထပ်ချပ်မကွာကပ်လိုက်ခဲ့တာ။ သိပ်ကစားတဲ့ အရွယ်ရောက်တော့ ပုဂံသွားရတာ ပိုပျော်ဖို့ကောင်းလာတယ်။ ဘုရားထဲက ၀င်္ကပါလို လိုဏ် တွေလို ဆို သိပ်သဘောကျတာပဲ။ Echo ထပ်နေတာကို သဘောကျလို့ လူခြေတိတ်တာနဲ့ လျှောက်လျှောက် အော်ကြည့်ကြတာ။
ငယ်ငယ်က ခရီးခဏခဏ ထွက်ခဲ့တာတွေကြောင့်ထင်တယ်..အသက်ကြီးလာတော့လည်း ခရီးတစ်ခု တစ်နှစ်တစ်ခါ မသွားရရင် လူက ခုန်ကျိ ခုန်ကျိ ဖြစ်လာတယ် ။ (အဲ့...ခရီးဆိုတာ ..မြန်မာပြည် ခရီးကို ပဲပိုရင်ခုန်တာပါ။ ကိုယ့်မြေဆိုတဲ့ ခံစားချက်နဲ့လေ..။ )
 တခါတလေ အဖေတို့ ဧည့်သည်က ရထားနဲ့လာရင် သာစည်မှာ သွားကြိုရတယ်။ အဲ့ သာစည် ဘူတာရုံဆို ကျွန်မတို့ ခြေရာတွေချည်းပဲလို့ ပြောရမယ် ။ လူကြီးတွေကသာ ရထားနောက်ကျရင် စိတ်ညစ်မယ် ကျွန်မတို့ကတော့ ဆော့နေရရင်ပြီးတာပဲ . . တခါတလေများ ဘူတာနားက စာအုပ်ဆိုင်မှာ စာအုပ်တောင်ငှားဖတ်လိုက်သေးတယ် ။ နာရီပိုင်းလေးကို ။ နောက်ထပ်သတိရမိတာတော့ သာစည် (လှိုင်းတက်) က မြန်မာပြည်ထုပ်စားစရာတွေပေါ့။ ဇီးသီးယို၊ စတော်ဘယ်ရီယို၊ အအေးတွေ ..။ ဈေးပေါပေါနဲ့ နိုင်ငံခြားအအေးတွေက လိုက်မမီဘူး။
တစ်နာရီကျော် လောက်ပဲသွားရတဲ့ ဝမ်းတွင်းဆိုလည်း အိမ်ဦးနဲ့ ကြမ်းပြင်လိုပဲ။ အဖေ့ ငယ်သူငယ်ချင်းရှိတော့ သွားလိုက်တာများ ကဒီးကဒီးပေါ့။ ဝမ်းတွင်းဆိုရင် သွားရလို့ ကားစီးရလို့ ပျော်ပေမယ့် ဟိုရောက်ရင် သိပ်ပျင်းတာ ..ဆော့စရာ မတိမ်းမယိမ်းအဖော်တွေရှိပေမယ့် အဲ့ဒီက အဖွားက စည်းကမ်းကြီးတော့ ကြောက်ရတယ်။ ရောက်ရင် ငြိမ်ငြိမ်လေးထိုင်နေ၊ အဲ့အဖွားစားတဲ့  ဒန်လက်ဖက်အုပ်လေးထဲက အဖွားကြီးလက်ဖက်လေး နှိုက်စား ယက်ကန်းရုံထဲ ဟိုကြည့်ဒီကြည့်နဲ့ ပြန်ခဲ့ရတာချည်းပဲ။ အဖွားကြီးလက်ဖက်ဆိုတာ လက်ဖက်လေးနဲ့ ဆီရွှဲနေအောင်နှစ်ထားလို့ ခပ်ပျော့ပျော့ဖြစ်နေတဲ့ ပဲကြော်လေးပဲ ပါတဲ့ လက်ဖက်လေးပေါ့။ ပုဇွန်ခြောက်မပါ၊ မြေပဲမပါနဲ့ မကောင်းလည်း ရှိတာပဲ ကျိတ်မှိတ်စားရတာ။ ဝမ်းတွင်းက အဲ့အိမ်ရောက်ရင် ကျွန်မတို့ စိတ်ဝင်စားတာ တစ်ခုရှိတယ်။ ဖုန်းမည်းမည်းကြီးပေါ့ ဖုန်းက ဘာဒိုင်ခွက်မှမပါ၊ ဘာနှိပ်စရာနံပါတ်မှမပါ ဘေးမှာ လက်ကိုက်ဂေါက်ကလေးနဲ့။ အိတ်စ်ချိန်းကို လှည့် လိုချင်တဲ့ နံပါတ်တောင်းရတာမျိုး ၊ ဖုန်းပြောရပြီဆိုလည်း အသေအကြေအော်ရတာမျိုး။ မိတ္ထီလာမှာ က အော်တိုဖုန်းတွေပဲ မြင်ဖူးတာလေ။ သူက ဆန်းနေတာပေါ့။

ကလေးဘ၀တုန်းကနေခဲ့ရတာမို့လား မြို့လေးကိုက နေလို့ကောင်းလို့လားမသိဘူး၊ နေခဲ့ ရောက်ခဲ့ဖူးတဲ့ ဒေသတွေမှာ မိတ္ထီလာ ကို အမှတ်အရဆုံးပါပဲ။

Comments

  1. ဟုတ်ပါတယ် ကိုယ်လဲ မိတ္ထီလာသူမို့လို့လားတော့ မသိဘူး အရမ်းနေလို့ လဲကောင်းတယ် ပျော်စရာလဲ တကယ်ကောင်းပါတယ်။ ဘယ်လောက်သွားသွားမရိုးနိုင်တဲ့ သွားလို့ လဲ လွယ်ကူတဲ့ ပုဂံညောင်ဦးနဲ့ နီးနေတာကတော့ ၀မ်းသာစရာပါပဲ

    ReplyDelete

Post a Comment