ဦးဝင်းဦး စာအုပ် မှ ထုတ်နှုတ်ချက်

ဝင်းဦး ဆိုတဲ့ နာမည် ကြား တာနဲ့ သူရဲ့ စကားပြောဟန်၊ လှုပ်ရှားဟန် တွေ နဲ့ အတူ သရုပ်ဆောင်ကောင်းမှုကို သတိရတတ်ကြမယ် ထင်တယ်။ နောက် သူ့ရဲ့ ထရိတ်မတ် သီချင်းတွေ ကိုကောပေါ့။ စာရေးသူအဖြစ်လည်း အတော်ကျော်ကြားခဲ့တာကို ကြားဖူးခဲ့လို့ မိန်းမလှအမုန်း စာအုပ် ကို ပင်နီဆူလာ ဆိုင်မှာ ငှားဖတ်ဖူးခဲ့တယ်။ စာအုပ်ကို ဖတ်ရင်းနဲ့ အပေါ်မှာ ပြောခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ၀င်းဦး ဆိုတာကို မေ့သွားပြီး တခြား စာရေးကောင်းတဲ့ ဆရာ တစ်ယောက် ၀တ္ထု ကို ဖတ်နေရသလိုပဲ။

ခုနောက်တစ်ခါ နောက်တစ်မျိုး ဖတ်ရတော့လည်း ဒိုင်ယာရီဆန်ဆန် ရေးထားတာဖတ်ရပြန်တယ်။ ၀ယ်တုန်းကတော့ မန်းသင်္ကြန် အကြောင်းမို့ ၀ယ်ခဲ့တာမို့ သိင်္ဂါရရသ တစ်ခုကိုပဲ မျှော်မှန်းခဲ့တာ-

တကယ်ဖတ်ကြည့်တော့ ၀င်းဦးရဲ့ သရုပ်ဆောင်ဘ၀ တစ်စိတ်တစ်ဒေသ နဲ့ သူရဲ့ စိတ်နေစိတ်ထား တွေ ကို ပါ ခန့်မှန်းနိုင်လောက်အောင် အတော် စုံစုံလင်လင် ရေးထားတာ တွေ့ရပါတယ်။တစ်ချို့ ရေးထားတာလေးတွေ ဆို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှိလှလွန်းလို့ အရင်ခေတ်က အသုံးအနှုန်းတွေပဲလား..ဦးဝင်းဦး ကိုယ်တိုင်ကိုက စိတ်သဘောအလွန်သိမ်မွေ့ နူးညံ့သူရယ်လားလို့ မှတ်ထင်မိပါတယ်။

သူကိုယ်တိုင် တပ်မတော်သားဘ၀၊ လေယာဉ်မှူးသင်တန်းကို ပညာတော်သင်အလွှတ်ခံရတဲ့ဘ၀၊
စာပေသမားဘ၀၊ အဆိုတော် ဘ၀၊ သရုပ်ဆောင်ဘ၀၊ ထုတ်လုပ်သူဘ၀ အတော်ဘ၀စုံခဲ့သလို၊ ဘ၀ထဲက ရတဲ့ ပညာတွေကို တကယ်သုံးသပ် သင်ခန်းစာယူနိုင်လှချည့် လို့ ချီးကျူးမိတယ်။

သင်္ကြန် အပျော်အကြောင်းတွေ ပါဝင်သလို တခြားရသတွေပါ ပေးလို့ ဖတ်ရတာ တခုတ်တရ ရှိလှပါတယ်။ အထူကြီးဆိုတော့ အတော်ဖတ်ယူလိုက်ရတယ်။ တခြား မှတ် ချင်တာတွေလည်းအများကြီး ပေမယ့် ဒီ စကားစု အချို့ ကိုပဲ နုတ်စ် မှာ အရင်ရေးဖြစ်ထားမိတယ်။ နောက်မှ နောက်တစ်ခေါက် ထပ်ဖတ်ပြီး ထပ်ရှဲ ပါဦးမယ်။

( အဖြစ်အပျက်ငယ်တစ်ခုမှ ကျိုးကြောင်းဆီလျော် ဘက်မျှစွာ တွေးတောနိုင်မှု များကို သဘောကျ ကာ အတူယူလိုပါသဖြင့် တစ်ချို့  နေရာလေးတွေ မျဉ်းသား ထားပါတယ်) စာပိုဒ်တစ်ချို့ ကို ဦးဝင်းဦး အာဘော်အတိုင်း ကူးထားသလို တစ်ချို့လည်း အနည်းငယ်ဖြတ်တောက်မှတ်ထားဖြစ်လို့ အဆင်မပြေတာရှိလျှင် ခွင့်လွှတ်ကြပါကုန်ရန်....။ :D
✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦
ပရိတ်သတ်ပြည်သူတွေနဲ့ နာမည်ကျော်တို့ တခါတလေ အထင်တလွဲ ဖြစ်တတ်တာလေးကို သူ ဒီလို ရေးထားပါတယ်......



မန်းသင်္ကြန် ရဲ့ အလေ့အထအရ မြို့မ အလှပြယာဉ် နဲ့ ၀င်းဦး တစ်လမ်းဝင် တစ်လမ်းထွက် ဖျော်ဖြေကြ၊
မဏ္ဍပ်တွေမှာ ၀င်ပြိုင်ကြပါတယ်။။

မဏ္ဍပ် တစ်ခု မှ ထွက်လျှင် ကျန်းမာပါစေ လို့ အပြန်အလှန် ဆုတောင်းစမြဲ ဖြစ်ပြီး ထို မဏ္ဍပ် ကို နှုတ်ဆက်ထွက်ခွာသွားလျှင် လမ်းပေါ်မှ မတ်တတ်ရပ်ကာ အားပေးနေသော ပရိတ်သတ် များ က သူတို့ကို ပါ မဖျော်ဖြေတော့ ဟု ထင်မှာ စိုးသောကြောင့် အထွက်မှာ မဏ္ဍပ် ကို နှုတ်ဆက် ကျောပေးပြီး သီချင်းဆိုပြီး တရွေ့ရွေ့ထွက်ခွာခဲ့ပါတယ် တဲ့။

အဲ့ဒီမှာ နောက်နေ့တော့ ထို မဏ္ဍပ်ပေါ်မှ ကြည့်ရှုသူ တစ်ဦးက ဤကိစ္စသည် အရုပ်ဆိုးလှတယ် လို့ ရေးသားသတိပေးပါသတဲ့။ ရေးထားတဲ့ အထဲမှာ မဏ္ဍပ်ပေါ်မှ အဆိုအမျိုးသမီးလေးတွေ က မြန်မာယဉ်ကျေးမှု နဲ့ ဖီလာတဲ့ ဘောင်းဘီအကျပ် များ အကြောင်း သီချင်းသီဆိုကြလို့ ကိုဝင်းဦး သည် မျက်မာန်ရှ ကာ တမင်ကျောပေးထွက်သွားခြင်း ဖြစ်ကြောင်း စသဖြင့် ရေးပါတယ်။
ဦးဝင်းဦး က သူ လေးဘက်လေးတန် က ပရိတ်သတ်အထွေထွေကို ငဲ့ပြီး စိတ်ကူးရသမျှ ဖျော်ဖြေပေးပါလျက် ဤသို့ ထင်မြင်ရက် ရေးရက်လေခြင်း ဟု ၀မ်းနည်းသွားမိ၏ ။

ထိုနေရာ၌ ဤအနုပညာသည် ကား လူပုံအလယ် ၌ လူကြီးလူကောင်းဆန်စွာ ကျင့်သုံတတ်ချင်းမရှိ ဟု တိုင်းသိပြည်သိဖြစ်စေလိုသောကြောင့် တမင်ရေးသည် ဟု အမျက်ထွက်ပါတယ် တဲ့။

✦✦✦မည်သို့ ပင်အမျက်ထွက်စေကာမူ တကယ်တမ်း၌ နှုတ်လှန်မထိုးမိကြပဲ ခေါင်းငုံ့ခံကြရလေ့ရှိသည့် အနုပညာသည်တို့၏ ၀ဋ်ဆင်းရဲ ကို ကျွန်တော်လည်း မလွတ်ကင်းနိုင်သဖြင့် ဖြေရှင်းပြောဆိုခြင်းမပြုပဲ နေလိုက်ပါ၏ ။ အပြန်ပြန်အလှန်လှန်တွေးသော် သူ့ဘက်ကသူ့အမြင်သည် မမှားချေ။ သည်သီချင်းကို ကျွန်တော်မုချ ကြား နေရမည် ဖြစ်ရာ ဒေါသဖြစ်၍ မဏ္ဍပ် ကို မလေးမစား ကျောပေးထွက်ခွာခြင်း ဖြစ်ရမည်။ ၀တ်လာသည်ကလည်း ဘောင်းဘီ နှင့် ခေတ်ဆန်သော ရွှေရောင်တလက်လက် အင်္ကျီ မို့ ရှက်ကန်ကန်သွားခြင်းဖြစ်လိမ့်မည် ဟု သူ ယူဆသည်မှာ အကြောင်းအချက် ခိုင်လုံပါ၏ ။ သူမမှားချေ။ ကျွန်တော့်ဘက်ကလည်း ဆိုခဲ့သည့်အတိုင်း အယုတ်အလတ် အမြတ်မရွေး မည်သည့်ပရိသတ်ကို မဆို ကျေနပ်အောင် ဖျော်ဖြေလိုသည့် ဆန္ဒက စော၍နေ၊ မဏ္ဍပ်ပေါ်မှ ဆိုသံတွေကိုလည်း မကြား၊ အကယ်၍ ကြားဘိသည်ထားဦး၊ ကျွန်တော်လာမှ တမင်စပ်ပြီး ချက်ချင်းကောက်ဆိုသည် ဟု ထင်စရာကလည်း မရှိ၊ ကိုယ့်ကိုပင်ဦးတည်ဆုံးမသော သီချင်းပင်ဖြစ်သည် ဆိုဦး၊ လူလိမ္မာ့ အမျက် အပြင်မထွက် ဟူဘိသကဲ့သို့ ရုပ်ရှင်မင်းသားပီပီ ပြုံးပြုံးကလေး ထွက်မလာနိုင်စရာ အကြောင်း မရှိပြန်ပေ။ ထို့ကြောင့် ကျွန်တော်၏ အပြုအမူသည်လည်း ကျွန်တော်ရှုဒေါင့်မှ နေ၍ကြည့်လျှင် မမှားပြန်ချေ။ ခက်သည်မှာ ထိုဆောင်းပါးရှင်နှင့် ကျွန်တော်တို့ ခေတ္တခဏ နေရာချင်းလဲ၍ ခံစားကြည့်ခွင့်မရကြခြင်းသာ ဖြစ်လေသည်။ ထို့ကြောင့် အထင်မှားအမြင်မှား ဖြစ်ကြရခြင်း ဖြစ်လေသည်။ ✦✦✦

နောက်နှစ်သင်္ကြန်ကျတော့ ထိုဆောင်းပါးရှင် အပေါ် ကျေးဇူးတင်စိတ်များပင် ပေါ်လာပါ သတဲ့။ တစ်ဖက်ကို ဖျော်ဖြေနေတုန်း တစ်ဖက်ကို ကျောပေးသလိုဖြစ်နေလျှင် သည်းခံစေလိုကြောင်း ကြိုတင်မေတ္တာရပ်ခံတတ်လာပါတယ်။ မန်းပရိတ်သတ်များက တိုးလို့ ချစ်ခြင်းကို ခံရပါသတဲ့။

✦✦✦ကျွန်တော့ကို ပရိတ်သတ်နှင့် ထိတွေ့ရာ၌ အလောသုံးဆယ် ဆုံးဖြတ်ချက်လွယ်လွယ်ပြုမိမှားတတ်ပုံ ကို ရှောင်နိုင်ရန် စေတနာထားရှိသောကြောင့်သာလျှင် မိမိ၌ အလိမ္မာတိုးရပေသည် ဟု သဘောပေါက်ရကာ တစ်ခါကထွက်ခဲ့သည့် အမျက်ဒေါသတို့သည် လွင့်စင်ပျောက်ပြယ်သွားကြပေတော့သည်။
ထို့နောက်မှာတော့ ပြဿနာတစ်ခုဖြစ်လာလျှင် မတူသော နေရာ မှ အလဲအလှယ်နေရာ ပြောင်း ၍ ကြည့်တတ်လာတတ်ပါတယ်။ ကိုယ့်အပေါ်ဝေဖန်သူတို့အပေါ် ရုတ်တရက် ချက်ကနဲ အမျက်မထွက်တော့ပြီ ဖြစ်သကဲ့သို့ တစ်ပါးသူကိုလည်း ချက်ချင်းလက်ငင်း ကောက်ခါငင်ခါ အပြစ်တင်တတ်ခြင်းမှ ရှောင်ရှားတတ်ပါပြီ။ တစ်ဦး အမြင် နှင့် တစ်ဦး မတူလျှင် မတူရန်ကော ဟု ဒေါသအတ္တကြီးမားစိတ် ကျွန်တော့တွင် လျော့ပါးခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။ ✦✦✦

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦
လူမှန်လျှင် အပြစ်နှင့်မကင်း၊ ထို့ကြောင့် အပြစ်လုပ်ခြင်းသည် သဘာဝကျသည်ဟု ဆိုကာ ပြစ်မှုအားပေးခြင်း သဘောမျိုးကိုကား လက်မခံထိုက်ပေ။ ရခဲလှသော လူဘ၀တွင် လူသာမာန်ဖြစ်ရှိရေးနှင့် တင်းတိမ် မနေဘဲ လူထဲကလူ၊ လူချွန်လူကောင်းဖြစ်ရန်ကား တရံတလပ် ကြိုးစားနေမှ သာ သင့်ပေလိမ့်မည်။

လူချွန်လူကောင်းတို့သည်ကား လောကကြီးကို အကောင်းမြင်ဝါဒချည်း သက်သက်ဖြင့်လည်း မယူတတ်၊ အဆိုးမြင်ဝါဒချည်း သက်သက်ဖြင့်လည်း မပစ်ပယ်တတ်ဘဲ မျှတသောစိတ်ထားရှိသူများ ဟု ကျွန်တော်မှတ်သားရဖူးပေသည်။ ထို့ကြောင် လူကို လူလို မြင်တတ်ခြင်းသည် မျှတသောစိတ်ကို အခြေခံခြင်းသာဖြစ်ကာ (သူလည်း မကောင်း ၊ကိုယ်လည်း မကောင်း အားလုံး မကောင်းတာပဲ ) ဟူုသော သူခိုးသေဖော် ညှိစိတ်မဟုတ်ကြောင်း လုံလောက်ပြီ ထင်ပါ၏ ။


လူကို လူလိုမြင်ရာ ၌ ငွေ အကြွေဒင်္ဂါးပြား၏ အရုပ်မျက်နှာ ပန်းမျက်နှာ တည်းဟူသော မတူသည့်မျက်နှာ နှစ်ခြမ်း အမြင်ကိုလည်း အဓိကထား ၍ စာနာစိတ်မွေးမြူရပေလိမ့်မည်။


ပြဿနာတစ်ခု ဖြစ်ရှိလာလျှင် ဟိုဘက်ဒီဘက်အမြင်တို့သည် ညှိကြရသည်ချည်း ဖြစ်ကြောင်းကိုလည်း သတိချပ်ရပေ၏ ။ ထိုအတွက် ဘ၀တွင် သင်ခန်းစာများများ ရဖို့ရန်ကလည်း ပြဿနာအထွေထွေနှင့် တွေ့ခွင့် ကြုံခွင့်ရှိဦးမှ ဖြစ်သည်။ ကျွန်တော့် အဖို့ရာကား ပြဿနာမျိုးစုံစွာဖြင့် နပမ်းလုံးခဲ့ရသောကြောင့် အတော်အသင့် ဒူပေတာပေခံနိုင်ရန် မလွယ်သော်လည်း မေ့ဖျောက်ပစ်ရန်ကား ကျင့်သုံးလာနိုင်၏ ။ မေ့ထားနိုင်ခြင်းသည်လည်း ချစ်ခြင်း မုန်းခြင်း အမျှင်ဖြတ်ခြင်းတစ်မျိုး ဟု ထင်ပါသည်။

တစ်ခါတစ်ရံတွင်တော့လည်း မေ့မထားနိုင်သော အဖြစ်များသည် ရှိခဲ့၏ ။ ထိုအခါ ထိုသို့ မမေ့နိုင်သည့် အဖြစ်မှ မိမိကိုယ်မိမိဆုံးမသည့် နီတိတစ်ရပ် ထုတ်နုတ်ယူခြင်းဖြင့် မျက်ဖြေလင်္ကာကို ရွတ်နိုင်လာခဲ့ပြန်ပါသည်။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦
နောက် သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် စာဖတ်ဝါသနာပါသူ၊ စာအလွန်ဖတ်သူ ဖြစ်လေတော့ သူသိထားသမျှလေးတွေကို သူ့ အနီးအပါးကို ညီ၊ သူငယ်ချင်းတွေကို ဒီလို ဝေငှတတ်ပါသေးတယ်..



ဘူတာ ဆိုသည်မှာ ဂူဒါ ဆိုတဲ့ ကုလားစကားက လာသလိုလိုပဲတဲ့။ ကုလားတွေ က ဂိုဒေါင် ကို ခေါ်တာ ။ မီးရထားတွေ သိမ်းတဲ့ ဂူဒါကနေ ဘူတာ ဖြစ်လာတယ်တဲ့။ လူကြီးသူမများ ပြောကြတာပါပဲ။ မှန်တယ် မမှန်ဘူး ဆိုတာကတော့ မပြောနိုင်ဘူးပေါ့။

တန်ဆာ ဆိုတာကတော့ အင်္ဂလိပ်လို အလေးချိန်ရာမှာ တန်နှုန်း နဲ့ တွက်တော့ တစ်တန်စာ ၊ နှစ်တန်စာ ဒါမှ မဟုတ် တန်ချိန်တဲ့ ပြေစာ ကို ဆိုလို ပြန် သတဲ့။ ဒါတွေ ကလည်း အပြောပေါ့။

✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦✦

နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် လူထုအပေါ် အမှန်ကို မေတ္တာထားတဲ့သူတစ်ယောက်လို့ လည်း မှန်းဆမိတယ်။ သြော်...ဒီလိုစိတ်ထားရှိလို့လည်း အရွယ်မရွေးချစ်ခင်ခဲ့ကြတာဖြစ်မယ် လို့ တွေးတွေးပြီး ခုခေတ် ဆယ်လစ်ဗျစ်တီ လို့ ခေါ်ခံနေကြရသူ(တစ်ချို့) အတုယူသင့်တယ်လို့ ထင်နေမိသေးတယ်။ ဦးဝင်းဦးစာအုပ်ဖတ်ပြီးတော့ “ သြော် တော်သေးတာပေါ့...ငါ ခေတ်နည်းနည်း နောက်ကျပြီးမှ လူဖြစ်ပေလို့ မဟုတ်ရင်၊ ကိုယ်တိုင်လည်း ကိုယ့်ကြီးဒေါ် လို ၀င်းဦး ဆုံးတော့ တရှုံ့ရှုံ့ငို တဲ့ အထဲ ထိပ်ဆုံးက ပါမယ်ထင်ပါရဲ့ “ လို့လည်း တွေးမိတယ်။

စာမျက်နှာ နံပါတ် ၁၈၀ - ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်

Comments