စာအုပ်များနှင့် ထပ်တစ်ခါ

မကြာမတင်ကမှ စာအုပ်ဆိုင်ရောက်ခဲ့တယ်။  အစ်ကို့ကလေးတွေ အတွက် ပုံပြင်စာအုပ်လေးတွေ သွားရှာရင်း ၀ယ်လာခဲ့တာ။  ဘာစာအုပ်တွေများ အသစ်ထွက်မလဲ ဘာဝယ်ရင်ကောင်းမလဲ နဲ့ ပတ်ကြည့်တာအတော်ကြာတယ်။

ကလေးပုံပြင်တွေ တစ်ပုံကြီးထဲ ရှာရတော့အတော်ခေါင်းစားတယ်။ သူများနိုင်ငံမှာ မွေးတဲ့ကလေးတွေ ၊ ကြီးလာမယ့် ကလေးတွေ အတွက်ဆိုတော့ လူမျိုးခြားပုံပြင်တွေထက် မြန်မာမှုနဲ့ နီးစပ်တဲ့၊ ဇာတ်တော်လာ နဲ့ ပတ်သတ်တာလေးတွေ ရှာရတယ်။ သူတို့တွေကလည်း အဆင်ပြေသလို ၀ယ်နေတတ်တော့ ကိုယ်ဝယ်တာက ရှိပြီးသားများဖြစ်နေမလား လို့ ..။နောက်ပိုင်းထွက်တာတွေထဲကတော့ ဦးစားပေးရွေးလိုက်တာပဲ။

ကိုယ်တို့ ငယ်ငယ်ကတော့ တယ်ကောင်း ..ပုံပြင်က အဖိုး အဖွား အဒေါ် တွေ ပြောပြတာနားထောင် ၊ စာဖတ်တတ်လာတော့လည်း (ငှား)ဖတ်စရာကာတွန်းတွေ က အပုံ။  အရိုင်း(သော်က)၊ ပြာဂလောင် ပြာဂချောင်၊ ပရုတ်ဆီ ၊ ကိုပူစီ ၊ သမိန်ပေါသွပ် ၊တွတ်ပီ ..အို ...စုံလို့ပဲ။ ကာတွန်းမှာပါတဲ့ စာနည်းနည်းကို မဖတ်ချင်တောင် ရုပ်ပုံကြည့်။ ဆုံးမစာ ဆန်ဆန် ဆို မင်္ဂလာမောင်မယ်၊မြတ်မင်္ဂလာ၊ ဓမ္မပဒ - ကလေးတုန်းက ဆိုတော့ အဲ့ဒါတွေဖတ်တာနဲ့ အိပ်ပျော်သွားတာပဲ..။( အင်င် @@) ။ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စတဲ့ ကာတွန်းဂျာနယ်တွေ ခေတ်လည်း မီလိုက်သေးတာ။ သူတို့လေးတွေ ခေတ်ကတော့ အင်တာနက် ပေါ်က စာဖတ်၊ ကွန်ပြူတာ အိုင် တွေ နဲ့ ဂိမ်းကစား တဲ့ ခေတ်ပေါ့လေ။

ကလေးပုံပြင်တန်းကနေ နဲ့ မျက်နှာချင်းဆိုင်မှာ တက်ကျမ်း အတန်းရှိတယ်။ ဆရာဖေမြင့် တို့ ၊  ဦးနေဇင်လတ် တို့ အတန်းပေါ့လေ။။ အဲ့ဒီကနေမှ...ဆရာကြီး လူထုစိန်ဝင်း ရဲ့ လူထုရနံ့ စာစုများ ဆိုတာ ရွေးဖြစ်တယ်။

နောက်  အမျိုးသားစာရေးဆရာ များ ရဲ့ ၀တ္ထုတွေ အတန်း ရောက်တော့ မင်းခိုက်စိုးစန် ရဲ့ နောက်ဆုံးထွက်တာလို့ ထင်တဲ့ စာအုပ် ကို ကောက်ဆွဲခဲ့တယ်။ သူငယ်ချင်းတစ်ယောက် က မင်းခိုက်စိုးစန် ကြိုက်တယ်။ အဲ့ဒါကြောင့်...။ (သူများဖို့ဆိုပေမယ့်..ကိုယ်လည်း အရင် ဖတ်ကြည့်ဦးမှာနော..။)

နောက်( ခေတ်ပေါ်) ဆရာ၊ ဆရာမ တစ်ချို့ နဲ့ စာရေးဆရာမကြီး တို့ ရဲ့ ရင်ခတ်သံ တွေ ။ ဆရာမကြီး ဂျာနယ်ကျော်မမလေး၊ ကြည်အေး၊ ခင်ဆွေဦး ၊ ခင်ခင်ထူး....။ အတော်များများက ၀ယ်ဖူး၊ ဖတ်ဖူးတာတွေ များသလို၊ မရှိသေးတာတွေ လည်း အများကြီးးးး.။ လိုချင်တိုင်းဝယ်ရင် တော့ ကုန်မယ် မထင်...။

ကလျာမဂ္ဂဇင်းက က ၀တ္ထုတိုပေါင်းချုပ် ဆိုတာထွက်တယ် ဆိုလို့ နောက်တစ်ခါ ထပ်ပတ်ပြန်တယ်။ ကလျာ နဲ့ မဟေသီ က  ၀တ္ထုတွေကို ရွှေအမြုတေက  ၀တ္ထုတွေထက် ပို နှစ်ခြိုက်တယ်။ ၀တ္ထုတိုပေါင်းချုပ် ဆိုတော့ ဘယ် category  ထဲရှာရမှန်းမသိတော့ ရှာဖွေလေ ပျောက်ဆုံးလေ ဖြစ်နေတာ၊ ကိုယ်နဲ့ အတူပါလာသူတွေ စောင့်နေရမှာ စိုးတာနဲ့  ကလေးမလေး တွေကို မေး ၀ယ်လာရတယ်။ သူပေးတော့ ဖျတ်ကနဲ ကြည့်ပြီး ဟုတ်တယ်ဆိုပြီး ယူလာခဲ့တာ။( နောက်မှ သေချာ ကြည့်မိတော့ ၀တ္ထုတိုပေါင်းချုပ် တာ့ ၀တ္ထုတိုပေါင်းချုပ် ပဲ...။ တစ်မျက်နှာဝတ္ထုတိုပေါင်းချုပ် တဲ့ ။ တစ်မျက်နှာဝတ္ထုတို တွေ ကို သိပ်သဘောမကျတတ်တော့ တိန် ကနဲ မြည်သွားတာပေါ့ ။ တစ်ခုတော့ ကောင်းပါတယ်....တစ်မျက်နှာဆိုတော့ အနီးအပါး သွားရင် ယူသွား၊ တစ်ခုခုစောင့်တာမျိုးဆို ဆောင်သွားပြီး ဖတ်လို့ကောင်းတာပေါ့နော်။ )

ဒီလိုနဲ့ စာအုပ် ၃ အုပ်ပဲ ရှာတွေ့တော့ နည်းနည်း အားမရဖြစ်သွားတယ်။ စာအုပ်လေးတွေက ခပ်ပါးပါးဆိုတော့ ..ပြီးတော့ ၂ အုပ်က အလွယ်တကူ အမြန်ဖတ်ပြီးသွားမှာလေ..။ တစ်အုပ်က ၀တ္ထုတို ပါးပါးလေး၊ ရေလည် ပေါ့ပါး ပြီး တိုတောင်းတာ။ မင်းခိုက်စိုးစန်ကလည်း အတွေးတွေ ပေးပေမယ့် သူကလည်း ၀တ္ထုတိုများ  သဘောပဲဆိုတော့ ။ ဒီကြားထဲ ကိုယ်လိုက်မမီတာ ပါရင် မသိချင်ယောင်ဆောင်ပလိုက်ဖို့ များနေသေးတာ။ ဆရာကြီး လူထုစိန်ဝင်းစာအုပ် တစ်အုပ်သာလျှင် Heavy  ဖြစ်မှာ မလားး။( ဒီမှာ Heavy = တွေးစရာ )

စိတ်ထဲမှာ နည်းနည်းအလိုမကျ အားလျော့သွားခဲ့တာအမှန်။( ကြေးအိုးဆိုင်ကို ကိုယ်ကြိုက်တဲ့ အသည်းအမြစ်ကင် စားချင်လို့သွားတာ မရလို့ ကြေးအိုးသောက်ပြန်လာရတဲ့ အဖြစ်မျိုး ^^) ထပ်ရှာဖို့ဟာလည်း အချိန်လင့်နေလို့ ဆိုပြီး ပိုက်ဆံရှင်းဖို့ ကောင်တာသွားတယ်။

ဟောာာာ.........အဲ့ဒီမှာ....အဲ့မှာ မှ စာအုပ်တွေ အများကြီး စားပွဲတွေ ပေါ် ဖြန့်ထားတာ တွေ့လိုက်တော့တာ။ အတောာ်ပျော်သွားတာ၊ ပါးစပ်ကတောင် ဟယ် ကနဲ အသံထွက်သွားသေးတယ်။ စာအုပ်ဆိုင်ကို စ၀င်တုန်းက အဲ့ဘက်မှာ လူအနည်းငယ်ရှုပ်နေတာနဲ့ မသွားဖြစ်လိုက်တာ...။ အိုးးးးးးစာပေတိုက်မျိုးစုံက စာအုပ်တွေ အများကြီးပဲ။ ဆင်ဆာ လွတ်သွားတာနဲ့ ထွက်လာတဲ့ စာအုပ်တွေ ဖြစ်မယ်လို့ တွက်မိတယ်။ သူက သရဲဝတ္ထုတွေ နိုင်ငံရေးဝတ္ထုတွေ အများစုဖြစ်နေတာမို့....။အဲ့ဒီ ကြားတွေ ထဲကမှ ရှားရှားပါးပါး ၀င်းဦး စာအုပ်ကို တွေ့တာ မန်းသင်္ကြန် နဲ့ ၀င်းဦး ဆိုတဲ့ စာစုကို တွေ့တော့ မယုံနိုင်ဘူး၊ ၀င်းဦး ရေးတဲ့ စာအုပ်ကော ဟုတ်ရဲ့ လား  လို့ အထဲကို နည်းနည်းလှန်ကြည့်လိုက်သေးတာ။

စာရေးသူက ၀င်းဦး ဆိုကတည်းက ၀ယ် မှာ သေချာနေတာ။ မန်းသင်္ကြန် ဆိုတော့ ၂ အုပ်လောက်တောင် ၀ယ်ချင်စိတ်ပေါက်သွားတယ်။ (အနည်းဆုံးတော့ လက်ဆောင်ပြန်ပေးလို့ရတာမလား)
ပိုက်ဆံ မဖြုန်းနဲ့ မဖြုန်းနဲ့ လို့ ဦးဏှောက်ထဲ မှာ တီး..တောင် မြည်ပြီးမှ တစ်အုပ် ပြန်ချခဲ့ရတယ်။
ဦးဝင်းဦး ရေးတဲ့ စာတွေကို ကြိုက်တယ်။ သူ့ စာဖတ်ပြီး ၀င်းဦး ဟာ စိတ်သဘောထားအတော် နူးညံ့တဲ့သူလို့ တောင် မှတ်ယူခဲ့သေးတာ။ မိန်းမလှအမုန်း စာအုပ်ကိုလည်း အတော်ကြိုက်တာ။ ငယ်ငယ်ကကြည့်ဖူးတဲ့ ရုပ်ရှင်မင်းသားကြီးတစ်ယောက်ရေးထားတာပါလား ဆိုပြီး ဆက်စပ်လို့ မရ လောက်အောင်ကို အရေးအသားညက်ညောတယ်။

နောက် (ကြီးကြီး ဒေါ်) ခင်နှင်းယု အပါအ၀င် အိပ်မက် ၀တ္ထုတိုများ စုစည်းမှု ဆိုတဲ့ စာအုပ်လေးပါ ထပ်ဆွဲလာခဲ့တယ်။

ဘာပဲဖြစ်ဖြစ် နောက်ထပ် ထပ်ရလာတဲ့ စာအုပ်နှစ်အုပ်ကြောင့် အတော်ပီတိစိမ့် သွားတာ အမှန်။ ကျွန်မရဲ့ ရက်ပေါင်းများစွာကို ပျော်ရွှင်စေမယ့် စာအုပ်တွေ မို့ ။ အထူးသဖြင့် မန်းသင်္ကြန် ဆိုတော့၊ မန်းသင်္ကြန် ဆိုတာ ကိုယ့်ရဲ့ ငယ်ဘ၀( တကယ်တော့ ခုချိန်ထိ) အမှတ်တရတွေကို ဖန်တီးပေးနေတုန်းမလားး။

Comments